အာရှငွေကြေးများ ဒေါ်လာလဲနှုန်း ဆက်လက်ကျဆင်း ဗဟိုဘဏ်များ အရန်ငွေလျော့ကျ 


13 September, 2022

အာရှငွေကြေးများ ဒေါ်လာလဲနှုန်း ဆက်လက်ကျဆင်း ဗဟိုဘဏ်များ အရန်ငွေလျော့ကျ 

ထွန်းသစ်စအာရှဗဟိုဘဏ်များတွင်   နိုင်ငံခြားသုံးငွေ အရန်ငွေများ သိသိသာသာ ကျဆင်းလာသည်ကို တွေ့မြင်ရပြီး အားကောင်းနေသော အမေရိကန်ဒေါ်လာနှင့် ရင်ဆိုင်ရချိန်တွင် နိုင်ငံသုံးငွေ တန်ဖိုး လျော့ကျနေခြင်းကို တားဆီးရန်အတွက် စျေးကွက်ထဲ ဝင်ရောက်စွက်ဖက်ပေးနိုင်စွမ်းများ ကျဆင်းလာမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်နေစေသည်။


Standard Chartered Plc. ၏ အဆိုအရ လက်ထဲရှိနေသော နိုင်ငံခြားသုံးငွေများဖြင့် နိုင်ငံအတွက် သွင်းကုန်များ တင်သွင်းပေးနိုင်မည့် ပျမ်းမျှကာလသည် ၇ လခန့်အထိ လျော့ကျနေသည်။ ၂၀၀၈ ကမ္ဘာ့ငွေကြေး အကျပ်အတည်း နောက်ပိုင်း အနည်းဆုံးဖြစ်သည်။ 
ယခုနှစ်ဆန်းပိုင်းတွင် ၁၀ လစာ တင်သွင်းမှုများအတွက် နိုင်ငံခြားသုံးငွေ အရန်ငွေ ထားရှိနိုင်ခဲ့ကြသည်။  ၂၀၂၀ ခုနှစ် ဩဂုတ်လတွင် ၂၆ လစာအထိ မြင့်မားခဲ့ဖူးသည်။

“ပြည်တွင်းငွေကြေးတွေကို ကျားကန်ပေးဖို့ ဗဟိုဘဏ်ရဲ့ ဝင်ရောက်စွက်ဖက်မှုဟာ ရှေ့လျှောက် အကန့်အသတ်တွေ အများကြီးရှိနိုင်တယ်ဆိုတာကို အရိပ်လက္ခဏာပြနေပါတယ်” ဟု  စင်ကာပူနိုင်ငံ Standard Chartered မှ အာဆီယံနှင့် တောင်အာရှ နိုင်ငံခြားသုံးငွေဆိုင်ရာ  သုတေသနဌာန အကြီးအကဲ Divya Devesh က ပြောကြားသည်။ 
"ယေဘုယျအားဖြင့်၊   ဗဟိုဘဏ်များရဲ့  နိုင်ငံခြားသုံးငွေ မူဝါဒက ကျောထောက်နောက်ခံပြုပေးနိုင်တာ လျော့နည်းလာလိမ့်မယ်" ဟု ၎င်းက ပြောကြားသည်။ 

Bloomberg ၏ အချက်အလက်များအရ ထိုင်းနိုင်ငံသည် ပြည်တွင်းအသားတင်ထုတ်ကုန်၏ ရာခိုင်နှုန်းအရ အရန်ရန်ပုံငွေ လျော့နည်းသွားခြင်း အကြီးမားဆုံး ဖြစ်ကြောင်း တွေ့ရသည်။ ထိုင်းနိုင်ငံ နောက်တွင် မလေးရှားနှင့် အိန္ဒိယတို့  ရှိနေကြသည်။

Standard Chartered ၏ အချက်အလက်များအရ အရန်ရန်ပုံငွေသည် သွင်းကုန်များအတွက် အိန္ဒိယတွင် ၉ လစာ၊ အင်ဒိုနီးရှားတွင် ၆ လစာ၊ ဖိလစ်ပိုင်တွင် ၈ လဝန်းကျင်၊ တောင်ကိုရီးယားတွင်  ၇လစာ ကျန်ရှိသည်။

အရန်ရန်ပုံငွေဖြင့် ဈေးကွက်ထဲ ဝင်ရောက်စွက်ဖက်ရာတွင် ထိုင်းနှင့် အန္ဒိယတို့သည် အပြင်းထန်ဆုံး ဖြစ်ခဲ့သည်။ ယခုနှစ်အတွင်း အရန်နိုင်ငံခြားငွေ လက်ကျန် လျော့ကျသည့် ပမာဏသည် ထိုင်းနိုင်ငံတွင် ကန်ဒေါ်လာ ၈၁ ဘီလီယံ လျော့ကျခဲ့သည်။  အန္ဒိယတွင်ကန်ဒေါ်လာ ၃၂ ဘီလီယံ လျော့ကျသွားခဲ့ပါသည်။ တောင်ကိုရီးယားတွင် ကန်ဒေါ်လာ ၂၇ ဘီလီယံ လျော့ကျပါသည်။ အင်ဒိုနီးရှားတွင် ကန်ဒေါ်လာ ၁၃ ဘီလီယံ၊ မလေးရှားတွင် ကန်ဒေါ်လာ ၉ ဘီလီယံ လျော့ကျပါသည်။ 

လျော့ကျရသည့် အကြောင်းတစ်ချက်မှာ ကန်ဒေါ်လာ အားကောင်းလာသည့်အခါ  အရန်ရန်ပုံငွေအဖြစ် ထားရှိသည့် ယူရို၊ ယန်း အစရှိသဖြင့် အခြားနိုင်ငံခြားငွေ အသီးသီးတို့သည်လည်း ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် တန်ဖိုး လျော့ကျခဲ့ကြပါသည်။ သို့ဖြစ်ရာ စုစုပေါင်းပမာဏ အလိုလို လျော့နည်းသွားရပါသည်။

တရုတ်ယွမ်လည်း ကျဆင်းသည်။ ကိုရီးယားဝမ်လည်း ၂၀၀၉ နောက်ပိုင်း အားအပျော့ဆုံး ဖြစ်နေသည်။ အိန္ဒိယရူပီ နှင့် ဖိလစ်ပိုင် ပီဆိုတို့သည်လည်း လတ်တလောတွင် အနိမ့်ဆုံးစံချိန်သစ်သို့ ရောက်ရှိနေကြသည်။ 

ယခုအခါ အာရှငွေကြေးများ ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် စံချိန်တင် ကျဆင်းနေကြသည်။  ထွန်းသစ်စအာရှတစ်ဝှမ်းရှိ ဗဟိုဘဏ်များသည် ကန်ဒေါ်လာတန်ဖိုးမြင့်တက်လာနေခြင်းမှ ၎င်းတို့၏ငွေကြေးများကို ကာကွယ်ရန် အရန်ငွေများကို မှီခိုအားထားနေကြရသည်။ သို့ဖြစ်ရာ ဈေးကွက်ထဲ ဝင်ရောက်စွက်ဖက်ခြင်း နှေးနေပါက နိုင်ငံသုံးငွေတန်ဖိုး ဆုံးရှုံးမှု ပိုကြီးမားသွားစေလိမ့်မည်။ 

ဗဟိုဘဏ်၏ ဆောင်ရွက်ချက်များမှာလည်း အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်သည်။  ကန်ဒေါ်လာ ထုတ်ရောင်းခြင်းအစား ဝယ်ယူခြင်းသို့ ပြောင်းသွားနိုင်သည်။ ဆိုလိုသည်မှာ သွင်းကုန် ကုန်ဈေးနှုန်းတက်ခြင်းကို ထိန်းရန် ကန်ဒေါ်လာများ ထုတ်ရောင်းပေးခြင်းအစား ပို့ကုန်များကို ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ပေးပြီး ကန်ဒေါ်လာ ရအောင် လုပ်ကိုင်ကြမည် ဖြစ်သည်။ 
Source Bloomberg
#MyanmarIndustriesGuide
 Telegram Channel  https://t.me/Guid4U

Banking & Loan Read 11477 times