ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များနှင့် ငွေလဲကောင်တာ ပိုင်ရှင်များကို ခေါ်ယူတွေ့ဆုံ သည်ဟု သတင်းများထွက်ပေါ်နေ သော်လည်း သြဂုတ် ၇ ရက် မွန်း လွဲပိုင်းတွင် ပြည်တွင်းငွေကြေး ဈေးကွက်၌ကန်ဒေါ်လာတန်ဖိုး တစ်ဒေါ်လာလျှင် ၁,၄၇၅ ကျပ် အထိ မြင့်တက်လာသည်။
ဒေါ်လာဈေးအခြေအနေ
**************
ဗဟိုဘဏ်က ဒေါ်လာ ရောင်းချခြင်း သုံးရက်ခန့် ရှိလာသော်လည်း ပြည်တွင်းငွေကြေး ဈေးကွက်တွင် ကန်ဒေါ်လာတန် ဖိုး ဆက်လက်မြင့်တက်ပြီး ဩဂုတ် ၆ ရက် ညနေတွင် တစ်ဒေါ်လာ ၁,၄၆၂ ကျပ် ဖြစ်လာသည်။ ယင်းနေ့ နံနက်တွင် တစ်ဒေါ်လာ ၁,၄၅၇ ကျပ် ဈေးဖွင့်ခြင်းကြောင့် အချိန်ပိုင်းအတွင်း တစ်ဒေါ်လာ ငါးကျပ်ဈေးတက်လာသည်။
ရုံးဖွင့်ရက်များတွင် ပြည် တွင်းငွေကြေးဈေးကွက်၌ ဒေါ် လာတန်ဖိုး အတက်အကျများပြီး တည်ငြိမ်မှုမရှိသဖြင့် ပို့ကုန်၊ သွင်း ကုန်လုပ်ငန်းများ အခက်အခဲဖြစ် ရသည်။
သြဂုတ် ၇ ရက် နံနက်တွင် ပြည်တွင်းငွေကြေးဈေးကွက်၌ တစ်ဒေါ်လာလျှင် ၁,၄၆၅ ကျပ် ဖြင့် ဈေးဖွင့်ခဲ့သော်လည်း နာရီ ပိုင်းအတွင်း ဈေးနှုန်းအပြောင်းအ လဲများဖြစ်ကာ ညနေ ၃ နာရီ၌ တစ်ဒေါ်လာ ၁,၄၇၅ ကျပ်သို့ မြင့် တက်လာသည်။
ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက ပုဂ္ဂလိကဘဏ်များနှင့် ငွေလဲ ကောင်တာများကို ဗဟိုဘဏ်က ခေါ်ယူတွေ့ဆုံချိန်တွင် တစ်ရက် အတွင်း တစ်ဒေါ်လာ ၂၀ ကျပ် ကျဆင်းခဲ့သည်။ ထိုအချိန်က တစ်ဒေါ်လာ ၁,၄၀၀ ကျပ်မှ ၁,၃၈၀ ကျပ်သို့ ကျဆင်းခဲ့သည်။
ဒေါ်လာဈေး ထိန်းချုပ်ရန်ကြိုးစား
*******************
မြန်မာနိုင်ငံတွင် တရားမဝင် ငွေကြေး ဈေးကွက်ကြီးမားပြီး တစ်ရက်အတွင်း နိုင်ငံခြားငွေ လွှဲပြောင်းပေးမှုက ဒေါ်လာသန်းချီနေသဖြင့် ဗဟိုဘဏ်ဈေးကွက်အတွင်းသို့ ငွေကြေးရောင်းချ သည့်အပြင် ဘဏ်များနှင့် ငွေလဲ ကောင်များကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးသင့်ကြောင်း ဘဏ်လုပ် ငန်းကျွမ်းကျင်သူများက အကြံပြု သည်။
‘‘ဗဟိုဘဏ်က ဈေးကွက်ကို နည်းနည်းလောက် ဝင်ဟန့်လိုက် မယ်ဆိုရင် အတော်အဆင်ပြေ သွားနိုင်တယ်’’ဟု အငြိမ်းစားဗဟို ဘဏ်ဥက္ကဋ္ဌ ဦးသန်းလွင်က ပြော သည်။
ထို့အပြင် ပြည်တွင်းငွေကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုးမြင့် တက်ပြီး ကျပ်ငွေတန်ဖိုး စံချိန် တင်မြင့်တက်ခြင်းနှင့်ပတ်သက်၍ ဗဟိုဘဏ်၏ ရပ်တည်ဆောင် ရွက်ချက်ကို ‘‘ဗဟိုဘဏ်က ဘာမှ မည်မည်ရရလုပ်တာ မတွေ့သေး ဘူး’’ဟု ‘ငွေကျပ်လဲလှယ်နှုန်း ဘာ တွေဖြစ်နေသလဲ’ ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွင် ဘောဂဗေဒ ပညာရှင် ဒေါက်တာဦးမြင့်က ဝေဖန်ပြောကြားသည်။
ယခင်အစိုးရလက်ထက် ကန်ဒေါ်လာတန်ဖိုး မြင့်တက်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းစဉ်က အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန် ကြီးအချို့၊ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များ၊ ငွေလဲကောင်တာ လုပ်ငန်းရှင်များ တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးကာ ဗဟိုဘဏ်က လည်း ထိုကဲ့သို့ ပြုလုပ်ခဲ့သည်။
လက်ရှိအချိန်တွင် ခေါ်ယူ တွေ့ဆုံသည်ဟု သတင်းများပေါ် ထွက်နေသော်လည်း ပြည်တွင်း ငွေကြေးဈေးကွက်၌ အချိန်ပိုင်း အတွင်း တစ်ဒေါ်လာ ၁၀ ကျပ် မြင့်တက်သည်။ အချိန်ပိုင်းအတွင်းကန်ဒေါ်လာတန်ဖိုး အပြောင်းအလဲမြန်ဆန်ခြင်းက ပို့ကုန်၊သွင်းကုန် လုပ်ငန်းများ အခက်အခဲဖြစ်ရသည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။
ကန်ဒေါ်လာ စံချိန်တင်မြင့် တက်နေမှုကို ထိန်းရန် ဗဟိုဘဏ် က ပြီးခဲ့သည့် ရက်များက ပြည် တွင်းပုဂ္ဂလိကဘဏ်များသို့ ဒေါ်လာ စတင်ရောင်းချပေးနေ ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အချိန်ပိုင်းအတွင်း ဒေါ်လာတန်ဖိုး အပြောင်းအလဲများဖြစ်ပြီး ဈေးမြင့်တက်မှုကို ကုစားရန် ဗဟိုဘဏ်က စတင်ဆောင်ရွက်လာ ခြင်း ဖြစ်သည်။ ပြည်တွင်းငွေ ကြေးဈေးကွက်တွင် ဒေါ်လာပမာ ဏတိုးလာပါက တန်ဖိုးကျဆင်း ပြီး ကျပ်ငွေတန်းဖိုး မြင့်တက်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ် သည်။ သို့သော် ဗဟိုဘဏ်က ရောင်းချပေးသည့် ဒေါ်လာပမာ ဏသည် တစ်ရက်လျှင် ငါးသောင်းမှ တစ်သိန်းအကြားသာ ရှိခြင်းကြောင့် ငွေကြေးဈေးကွက် အ ခြေအနေ ပြောင်းလဲနိုင်စွမ်းအားနည်းသည်ဟု ဆိုသည်။
ဗဟိုဘဏ်က ကန်ဒေါ်လာ တန်ဖိုး မြင့်တက်မှုကို ဝင်ထိန်းရန် ကြိုးစားလာသော်လည်း ပြည် တွင်းငွေဈေးကွက်တွင် ဒေါ်လာ တန်ဖိုးက စံချိန်တင် ထပ်မံမြင့် တက်လာခြင်း ဖြစ်သည်။ တစ် ဒေါ်လာလျှင် ၁,၅၀၀ ကျပ်အထိ မြင့်တက်ပြီး ကျပ်ငွေတန်ဖိုးဆက် လက်ကျဆင်းနိုင်သည်ဟု စီးပွား ရေးလုပ်ငန်းရှင်အချို့က မှန်းဆကြသည်။
ယခုကြုံတွေ့နေရသည့်အခက်အခဲ
*********************
‘‘ဈေးရတယ်လို့ထင်ပြီး ရောင်းပြီးတိုင်း နောက်ရက်မှာ မှားသွားသလိုဖြစ်နေတယ်’’ဟု ကန်ဒေါ်လာဈေး ဆက်တိုက်မြင့် တက်လာခြင်းနှင့် ပတ်သက်၍ ကြုံတွေ့နေသည့် အခြေအနေ ကို မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။
လက်ရှိ မိုးရာသီတွင် ပုဂ္ဂ လိကကဏ္ဍ ပို့ကုန်များဖြစ်သော ဆန်၊ ပဲမျိုးစုံ၊ ရေထွက်ကုန်တင်ပို့ မှု လျော့ကျနေပြီး နိုင်ငံခြားဝင်ငွေ နည်းခြင်းကလည်း ဒေါ်လာတန် ဖိုးမြင့်တက်ရန် တွန်းအားနေ ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။
အမေရိကန်နှင့် တရုတ်နိုင်ငံ တို့၏ ကုန်သွယ်ရေး စစ်ပွဲ၊ အမေ ရိကန် ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်း မြှင့်တင်မှုကြောင့် နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် ဒေါ်လာ တန်ဖိုး မြင့်တက်စေကြောင်း စီးပွားရေးပညာရှင်အချို့က ပြော သည်။
လက်ရှိ ဒေါ်လာဈေးမြင့် တက်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်း မှုသည် အမေရိကန်ဗဟိုဘဏ်က ဘဏ်အတိုးနှုန်းမြှင့်တင်မှုကြောင့် နိုင်ငံတကာ ငွေကြေးဈေးကွက် တွင် ဒေါ်လာတန်ဖိုး မြင့်တက် သဖြင့် မြန်မာနိုင်ငံလည်း ယင်း အကျိုးသက်ရောက်မှု ခံစားနေရ ကြောင်း ဗဟိုဘဏ်ထပ်ပိုင်း ခေါင်းဆောင်တစ်ဦးက သတင်းမီဒီယာအချို့အား ပြောကြားထားသည်။
မြန်မာနိုင်ငံ ငွေကြေးဈေး ကွက်အခြေအနေသည် နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက ငွေလဲနှုန်းမတည်ငြိမ်ဘဲ ဒေါ်လာတန်ဖိုး ပိုမိုမြင့်တက်ခြင်းသည် ဈေးကစားမှုကြောင့်ဟု ဘဏ်လုပ်ငန်း ဦး ဆောင်သူအချို့က သုံးသပ်ပြောကြားသည်။
Source: seven day