မြန်မာ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ပူးပေါင်း၍ လူသုံးကုန်နှင့် စားသောက်ကုန်များကို အွန်လိုင်းပေါ်မှ တိုက်ရိုက်ရောင်းချနိုင်မည့် e-Commerce စနစ် ကျင့်သုံးနိုင်ရန်အတွက် ထိုင်းနိုင်ငံ ချင်းမိုင်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။
တရုတ်နဲ့ ချင်းမိုင်(ထိုင်း) က နှစ်နိုင်ငံပူးပေါင်းပြီး e- Commerce စနစ်ကို ပြုလုပ်နေသည်မှာ အတော်အတန်ကျယ်ပြန့်လာနေပြီဖြစ်ပြီး ယခုမြန်မာနိုင်ငံကိုပါ ၎င်းတို့ရဲ့စနစ်ထဲမှာ ပူးပေါင်းပြီးတော့ အွန်လိုင်းကနေ လူသုံးကုန်တွေ၊ စားသောက်ကုန်တွေ တင်သွင်းတာ၊ တင်ပို့ရောင်းချတာတွေ ပြုလုပ်နိုင်ဖို့အတွက် လာရောက် ဆွေးနွေးတာ ဖြစ်သည်ဟု MRCCI တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပြည်တွင်းထုတ်လူသုံးကုန် နှင့် စားသောက်ကုန်များကို တရုတ်နှင့် ချင်းမိုင် ပူးပေါင်းတည်ဆောက်ထားသည့် e-Commerce ပလက်ဖောင်းမှတစ်ဆင့်တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး အဆိုပါ နိုင်ငံများမှ ထုတ်ကုန်များကိုလည်း ပြည်တွင်းသို့ တင်သွင်းရောင်းချနိုင်တော့မည်ဖြစ်ကြောင်း သိရပါသည်။
ထုတ်ကုန်တွေကို တင်သွင်း၊ တင်ပို့ရောင်းချတဲ့အခါမှာ စီးပွားရေးလုပ်ငန်း အချင်းချင်းအပြန်အလှန် ရောင်းဝယ်မှုပြုလုပ်နိုင်သလို ၎င်းတို့နိုင်ငံက စားသုံးသူတွေကိုလည်း တိုက်ရိုက်ရောင်းချနိုင်မည့် အစီအစဉ်တွေလည်း ပါဝင်မှ ဖြစ်ပါသည်ဟု ၎င်းက ပြောခဲ့ပါသည်။
e-Commerce စနစ်ဖြင့် ပြည်တွင်းမှ ထုတ်ကုန်များကို တင်ပို့ရောင်းချရာတွင် စားသောက်ကုန်နှင့် အလှကုန်များအတွက် FDA ထောက်ခံချက်ပါရှိမှသာ ရောင်းချခွင့်ရှိမည်ဖြစ်ပြီး အဝတ်အထည်၊ လက်ဆောင်ပစ္စည်း၊ လူသုံးကုန်အစရှိသည့် ထုတ်ကုန်များကို FDA ထောက်ခံချက်မလိုအပ်ဘဲ ရောင်းချနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောခဲ့ပါသည်။
7 day daily