နိုင်ငံခြားအာမခံကုမ္ပဏီများ အောက်တိုဘာလအတွင်း လုပ်ငန်းစတင်လုပ်ဆောင်မည်


21 January, 2019

ပြည်တွင်းအာမခံကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်မည့် နိုင်ငံခြားအာမခံကုမ္ပဏီများနှင့် ရာခိုင်နှုန်းပြည့်လုပ်ကိုင်နိုင်သည့် အသက်အာမခံလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိမည့် နိုင်ငံခြားအာမခံကုမ္ပဏီများသည် လာမည့်အောက်တိုဘာလဝန်းကျင်တွင် လုပ်ငန်းစတင်နိုင်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ အာမခံလုပ်ငန်းများ လုပ်ကိုင်လိုသည့် နိုင်ငံခြားအာမခံကုမ္ပဏီများကို လုပ်ငန်းဆောင်ရွက်လိုသော လျှောက်လွှာခေါ်ယူထားပြီး ဇူလိုင်လတွင် နိုင်ငံခြားအာမခံကုမ္ပဏီများ ရွေးချယ်ခြင်း၊ ပြည်တွင်းအာမခံကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်မည့်ကိစ္စရပ်များ ပြီးစီးနိုင်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။“ရာခိုင်နှုန်းပြည့် အသက်အာမခံလိုင်စင်ကိုတော့ နိုင်ငံတကာအာမခံဈေးကွက် အဆင့်တစ်ခုခုရှိတဲ့ ကုမ္ပဏီတွေပဲ ဝင်လျှောက်ဖို့များတယ်။ သူတကယ်လုပ်နိုင်၊ ရင်းနှီးမြှုပ်နှံနိုင်တဲ့သူမှ လုပ်နိုင်မှာဖြစ်တာကိုး” ဟု ၎င်းကဆိုသည်။

နိုင်ငံခြားအာမခံကုမ္ပဏီများ ပြည်တွင်း၌လုပ်ကိုင်ခွင့်ပြုခြင်းကိုကို ဝန်ကြီးဌာနက ဇန်နဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး ယင်းထုတ်ပြန်ချက်တွင် နိုင်ငံခြားကုမ္ပဏီများသည် အသက်အာမခံနှင့် အထွေထွေအာမခံများကို ပြည်တွင်းအာမခံကုမ္ပဏီ ၁၁ ခုနှင့် ဖက်စပ်လုပ်ကိုင်နိုင်မည်ဖြစ်ကာ အသက်အာမခံလိုင်စင်တစ်ခုတည်း လျှောက်ထားလိုပါက နိုင်ငံခြားကုမ္ပဏီသုံးခုသာ ရွေးချယ်မည်ဖြစ်ကာ ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ပြည်တွင်း၌ နိုင်ငံခြားအာမခံကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသည့် ကုမ္ပဏီပေါင်း ၁၃ ခုရှိပြီး ယင်းကုမ္ပဏီများထဲတွင် ဂျပန်ကုမ္ပဏီအများအပြားပါဝင်ကြောင်း၊ ထို့နောက် တရုတ်၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံတို့မှ ကုမ္ပဏီများဖြစ်ကာ ပြည်တွင်း၌ အာမခံလုပ်ငန်းလုပ်ကိုင်လိုသည့် နိုင်ငံတကာကုမ္ပဏီပေါင်း ၃၀ ကျော်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

 “သူတို့ ဝင်လာပြီဆိုရင်တော့ ပြည်တွင်းကုမ္ပဏီတွေအတွက်လည်း နည်းပညာတွေရမယ်။ နိုင်ငံအတွက်ဆိုရင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ဝင်လာမယ်။ အလုပ်အကိုင်အခွင့်အလမ်းရမယ်” ဟု ပြည်တွင်းအာမခံကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ထိုအာမခံစနစ်တွင် အသက်အာမခံလိုင်စင်နှင့် အထွေထွေအာမခံလိုင်စင်နှစ်မျိုးရှိပြီး အထွေထွေလိုင်စင်ရထားသည့် ပြည်တွင်းအာမခံကုမ္ပဏီ ၈ ခုရှိကာ အသက်အာမခံလိုင်စင်ရထားသည့် ပြည်တွင်းကုမ္ပဏီ ၃ ခုရှိသည်။

The Voice

Local News Read 476 times