လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရန် စီမံကိန်းများဆောင်ရွက်နေ


17 May, 2018

လာမည့် သုံးနှစ်အတွင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀၀ ထပ်မံတိုးမြှင့်ထုတ်လုပ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောခဲ့ပါသည်။

၂၀၁၅-၂၀၁၆ ခုနှစ်တွင် စက်ရုံအရေအတွက် ၄၆ ရုံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဓာတ်အားပေးစက်ရုံ ၅၂ ရုံ တိုးတက်လာပြီး စက်တပ်ဆင် အင်အား ၅၇၀၄ မဂ္ဂါဝပ်အထိ တပ်ဆင်နိုင်ခဲ့ကြောင်း၊ သဘာဝဓာတ်ငွေ့စက်ရုံ ၅ ရုံ၊ ရေအားလျှပ်စစ်စက်ရုံတစ်ရုံ စုစုပေါင်း ၆ ရုံမှ မဂ္ဂါဝပ် ၇၅၀ ခန့် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါသည်။

ထို့ကဲ့သို့ထုတ်လုပ်နိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးတွင် ပြင်သစ်နိုင်ငံ တိုတယ်ကုမ္ပဏီနှင့် ဂျာမနီနိုင်ငံ SIEMENSA.G ကုမ္ပဏီတို့၏ ရင်းနှီးမြှုပ်နှံမှုဖြင့် မဂ္ဂါဝပ် ၁၂၃၀ ထုတ်လုပ်မည့် LGN to Power စီမံကိန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Zhefu Holding Group Co.,Ltd နှင့် မြန်မာနိုင်ငံ Supreme Trading Co.,Ltd တို့၏ ရင်းနှီးမြှုပ်နှံဖြင့် ဧရာဝတီတိုင်းဒေသကြီး မီးလောင်ဂျိုင်ဒေသတွင် မဂ္ဂါဝပ် ၁၃၉၀ LGN to Power စီမံကိန်း၊ ထိုင်းနိုင်ငံ TTCL Public Company Limited ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ရန်ကုန်တိုင်းဒေသကြီး အလုံတွင် ၃၅၆ မဂ္ဂါဝပ် LGN to Power စီမံကိန်း၊ ရခိုင်ပြည်နယ်ကျောက်ဖြူတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sinohydro Corporation Limited နှင့် မြန်မာနိုင်ငံ Superme Trading Co.,Ltd ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်မည့် ၁၃၅ မဂ္ဂါဝပ် CCGT စီမံကိန်းများဖြစ်ကြောင်း သိရပါသည်။

နိုင်ငံ၏ လူမှုစီးပွားရေးနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် ကာလလတ်တစ်ခုအတွင်း LNG အား နိုင်ငံခြားမှတင်သွင်း၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပဏာမလုပ်ငန်းဖြစ်သည့် လုပ်ငန်းစီမံချက်များ၊ ကြိုတင်လေ့လာမှုများ၊ ဒီဇိုင်းထုတ်လုပ်ခြင်းများနှင့် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို စတင်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီများသို့ လက်မှတ်ရေးထိုးပေးအပ်ခဲ့ကြောင်း၊ ဓာတ်အာဒဝယ်ယူရေးသဘောတူ စာချုပ်ထုတ်ပေးထားသည့် ကုမ္ပဏီများသို့ Power Purchase Agreement မူကြမ်းများ ပေးပို့ထားကြောင်း သိရပါသည်။

ယခင်က လျှပ်စစ်ထုတ်လုပ်မှုနှင့်သုံးစွဲမှုသည် မမျှသော်လည်း ယခုတင်ပြချက်အတိုင်း ထုတ်လုပ်နိုင်မည်ဆိုပါက ၂၀၂၂ ခုနှစ်တွင် မဂ္ဂါဝပ် ၁၉၀၀ ခန့်အား Result အနေဖြင့် ရရှိမည်ဖြစ်ကြောင်း၊ လာမည့်သုံးနှစ်အတွင်း မဂ္ဂါဝပ် ၃၀၀၀ တိုးတက်ထုတ်လုပ်မည်ဆိုသည်ကို နိုင်ငံတော်သမ္မတကြီးကလည်း ပြောကြားခဲ့ကြောင်း သိရပါသည်။

ထို့အပြင် လက်ရှိသုံးစွဲနေသည့် ၂၃၀ ကေဗွီလိုင်းများအပြင် ၅၀၀ ကေဗွီ ကံကောင်း-စပါးကြွယ် ဓာတ်အားလိုင်း ၁၄၆ မိုင်တည်ဆောက်ခြင်း စီမံကိန်းနှင့် ဓာတ်အားခွဲရုံ တည်ဆောင်ခြင်းစီမံကိန်း၊ ၅၀၀ ကေဗွီ စပါးကြွယ်-ဘုရားကြီး ဓာတ်အားလိုင်း ၁၁၇ မိုင် တည်ဆောက်ခြင်း စီမံကိန်း၊ ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်း မိုင် ၆၀ နှင့် ဘုရားကြီး-လှိုင်သာယာ ဓာတ်အားခွဲစက်ရုံ စီမံကိန်းများ အကောင်အထည်ဖော်တည်ဆောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

 Eleven

Local News Read 617 times