၂၀၂၂ ခုနှစ် ဧပြီလ ၈  ရက်   သောကြာနေ့  ရွှေဈေးငွေဈေး


08 April, 2022

၂၀၂၂ ခုနှစ် ဧပြီလ ၈  ရက်  
သောကြာနေ့  ရွှေဈေးငွေဈေး


အမေရိကန်ဒေါ်လာငွေလဲနှုန်းသည်  
ဗဟိုဘဏ် ရည်ညွှန်းဈေး   အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်  1850   ဖြစ်ပါသည်။ 
    
အခြားငွေကြေး ငွေလဲနှုန်းများမှာ 
ယူရို ဒေါ်လာ  2150 ကျပ်
စင်ကာပူ ဒေါ်လာ  1480 ကျပ်
မလေးရှား ရင်းဂစ်  460  ကျပ်
ထိုင်း ဘတ်  60 ကျပ်
ဂျပန် ယန်း   19 ကျပ်
တရုတ် ယွမ်  315  ကျပ်
တို့ ဖြစ်သည်။



စျေနှုန်းတည်ငြိမ်ရေးနှင့်  ထိန်းထိန်းသိမ်းသိမ်း အရောင်းအဝယ် ပြုလုပ်နိုင်ရေး  YGEA  အရေးပေါ်အစည်းအဝေး ကျင်းပ

 


ရွှေစျေးနှုန်းတည်ငြိမ်စေရေး အပါအဝင် ထိန်းထိန်းသိမ်းသိမ်း အရောင်းအဝယ် ပြုလုပ်နိုင်စေရေး  ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အရေးပေါ် အလုပ်အမှုဆောင် အစည်းအဝေးတစ်ရပ်ကို ဧပြီလ(၈)ရက်နေ့ မနက်ပိုင်းက အသင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ အလုပ်အမှုဆောင်အဖွဲ့ဝင်များ စုံစုံညီညီတက်ရောက်သည်။
အစည်းအဝေးအဖွင့်အမှာစကားကို နာယက ဦးဆန်းလွင်က စျေးနှုန်းတည်ငြိမ်စေရေး အထူးအလေးပေးဆောင်ရွက်ကြရန် မှာကြားပါသည်။
အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ရွှေစျေးနှုန်းတည်ငြိမ်ကျဆင်းစေရေးအတွက် ပူပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က စျေးနှုန်းတည်ငြိမ်ကျဆင်းစေရေးအပြင် ထိန်းထိန်းသိမ်းသိမ်း ရောင်းကြဝယ်ကြရန်အတွက် အသင်းစည်းရုံးရေးမှူး ဦးသိန်းဆောင်အပါအဝင် အသင်းသူအသင်းသားများ၏ အကြံဉာဏ် ရယူကာ အစည်းအဝေး ဆုံးဖြတ်ချက်များအား အတည်ပြုခဲ့သည်။

ယနေ့ကျင်းပသည့် အရေးပေါ်အစည်းအဝေးတွင် ဆုံးဖြတ်ချက် (၅)ရပ် ချမှတ်နိုင်ခဲ့ပြီး  ၄င်းတို့မှာ-

(၁) ဗဟိုဘဏ်သတ်မှတ် နိုင်ငံခြားငွေလဲနှုန်းပေါ် မူတည်၍သာ အရောင်းအဝယ်ပြုလုပ်ကြရန်

(၂) 9 4.22 မှ 17.4.22 အထိ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ရန်

(၃) စာရင်းဇယားကိုမှန်ကန်စွာဖြည့်စွက် ပေးသွင်းရန်၊

(၄) ပြင်ပစျေးကွက် အသီးသီးမှဝင်လာသော သတင်မှား ကောလဟာလ များကို မယုံကြည်ကြရန်၊ 

(၅) လချုပ်စာရင်းရှင်းတမ်းနှင့် စတုဒီသာကုန်ကျစားရိတ်ရှင်းတမ်းများအတည်ပြုရန်

 တို့ဖြစ်ပါသည်။


ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 1,932  ဝန်းကျင်ရှိပါသည်။

ကမ္ဘာ့ရွှေစျေး အချိန်နှင့် တပြေးညီ ကြည့်ရှုရန် ထိပါ
 

.    WORLD GOLD PRICE .


 

သင်္ကြန်နှစ်ကူးအခါသမယ ဧပြီလ ၉ ရက်မှ ၁၇ ရက်အထိ “ရွှေဈေးငွေဈေး” နားပါမည်။
ဧပြီလ ၁၈ ရက် တနင်္လာနေ့တွင်  “ရွှေဈေးငွေဈေး”  ပြန်လည် အစီရင်ခံပါမည်။
​မိတ်​ဆွေများအားလုံး ​ဘေးရန်ကင်းကွာ ကျန်းမာကြပါ​စေ​ကြောင်း Myanmar Industries Guide မှ   ဆု​တောင်း​မေတ္တာ ပို့သအပ်ပါသည်။



နိုင်ငံခြားငွေ ကျပ်နဲ့လဲဖို့ ဗဟိုဘဏ်ကြေညာချက် စီးပွားရေး ကမောက်ကမ ဖြစ်နိုင်

နိုင်ငံခြားဝင်ငွေထိန်းချုပ်ဖို့ ဥပဒေသစ်တရပ်ကို ဗဟိုဘဏ်က တနင်္ဂနွေနေ့မှာ ရုတ်တရက်ထုတ်လိုက်တာကြောင့် ဈေးကွက်ထဲ ချက်ချင်း ကမောက်ကမ ဖြစ်သွားပြီလို့ စီးပွားလုပ်ငန်းရှင်တွေက ညည်းတွားကြပါတယ်။ ဧပြီလ ၄ ရက်နေ့ကထုတ်လိုက်တဲ့ ဒီအမိန့်ကြောင့် လုပ်ငန်းရှင်တွေရဲ့ ငွေ ၁၀% ကို စစ်ကောင်စီက သိမ်းလိုက်သလို ထိခိုက်သွားရပြီး နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီး ဆက်ကြီးမားလာမယ်လို့လည်း ဒီလုပ်ငန်းရှင်တွေက သတိပေးလိုက်ပါတယ်။

ပြည်တွင်းမှာ နိုင်ငံခြားငွေဝင်သူတွေအနေနဲ့ ဒေါ်လာကို သတ်မှတ်ကျပ်ငွေနဲ့ တရက်အတွင်း ပြန်သွင်းပြီး နောက်အရောင်းအဝယ်ကိုလည်း ခွင့်ပြုချက်ယူရမယ့် ဒီအမိန့်ကြောင့် ဒေါ်လာလိုတဲ့ပြဿနာ ပိုဆိုးသွားလိမ့်မယ်လို့ လုပ်ငန်းရှင်တွေက ထောက်ပြပါတယ်။ ကိုဝင်းမင်းကစုံစမ်းတင်ပြထားပါတယ်။

အခုလို ဒေါ်လာထိန်းချုပ်တဲ့အမိန့်သစ် ဘာကြောင့်ထုတ်တာဖြစ်နိုင်လဲလို့ မေးရာမှာ အမည်မဖော်လိုတဲ့ ပြည်တွင်းစီးပွါးရေးလုပ်ငန်းရှင်တဦးက အခုလို ပြောပါတယ်။

“အဓိက လက်ရှိ Import နဲ့ Export က မျှတမှုမရှိတဲ့အနေအထားတရပ်ကိုရောက်နေပြီလို့မြင်ပါတယ်။ ဒါကြောင့်မို့လို့ ငွေလိုအပ်ချက်တွေများလာတဲ့အတွက်.ဗဟိုဘဏ်ကနေပြီးတော့ ဒီဥပဒေတွေပြဌာန်းပြီးတော့ ဆောင်ရွက်တယ်လို့ မြင်ပါတယ်။”

အဲဒီတော့ ဒီအမိန့်သစ်ကြောင့် ဘယ်လိုသက်ရောက်နိုင်သလဲဆိုတာကို မေးရာမှာ နောက်လုပ်ငန်းရှင် ဒေါက်တာဖုန်းဝင်းက အခုလို ပြောပါတယ်။

“အဓိကကတော့ ဒေါ်လာဝင်ငွေရှိတဲ့လူက အရင်တုန်းက ကိုယ်ရှိတဲ့ငွေကို ကိုယ်ပြန်သုံးလို့ရတယ်။ ကိုယ့်ရဲ့ဝင်ငွေနဲ့ သုံးငွေကို မျှတအောင်ချိန်ဆပြီး သုံးတာပေါ့လေ။ အခုကျတော့ ကိုယ်ဝင်တဲ့ဝင်ငွေပေါ် သုံးလို့မရတော့ဘူး။ တရက်အတွင်းလဲပေးလိုက်တော့မယ်ဆိုတော့ ကိုယ့်ဆီမှာ ဒေါ်လာဝင်ငွေလုံးဝမရှိတော့ဘူးပေါ့။ ဒေါ်လာနဲ့ပေးပြီးတော့သုံးရမယ့်ကိစ္စတွေအားလုံးပေါ့လေ။ ကုန်သွယ်ရေးကိစ္စအပေါ် ဝန်ဆောင်မှုကိစ္စမှာ သုံးဖို့ အခက်အခဲဖြစ်သွားတာပေါ့။ လက်ရှိ စီးပွါးရေးလုပ်နေတဲ့အလုပ်တွေကို ဘရိတ်နင်းလိုက်သလိုဖြစ်ပြီး ထိုးရပ်သွားတာပေါ့။”

ဒါ့အပြင် ပို့ကုန်သမားတွေကို စပြီး ထိခိုက်နိုင်ပုံကိုလည်း အမည်မဖော်လိုတဲ့ စီးပွါးရေးလုပ်ငန်းရှင်က အခုလို ရှင်းပြပါတယ်။

“ပထမဆုံးထိခိုက်မှာကတော့ exoprter ပိုင်းပေါ့နော်၊ ချက်ခြင်း ငွေဈေးနှုန်းကို ၁,၈၅၀ တန်းပြီးတော့ ပြောင်းလိုက်တာဖြစ်တဲ့အတွက် ၂,၀၀၀ အပေါ်ဈေးနှုန်းနဲ့ တွက်ချက်ပြီးတော့တင်ပို့ထားတာ၊ နောက် ကုန်စည်တွေဝယ်ထားတာ ဒီအကောင့်တွေထဲကို ပြောင်းထားတာရှိတယ်ပေါ့နော်။ အဲဒီတော့ အဲဒီအဖွဲ့တွေကတော့ တော်တော်လေး နစ်နာသွားမှာပေါ့။”

ဒီနေရာမှာ ငွေတွေတချို့သိမ်းလိုက်သလို ထိခိုက်နိုင်ပုံ အသေးစိတ်ကိုလည်း ဒေါက်တာဖုန်းဝင်းက အခုလို ပြောပါတယ်။

“ဝင်လာတဲ့ဝင်ငွေက နဂိုရ်တုန်းက ဒီအတိုင်း တဒေါ်လာရရင် ဗမာငွေ ၂,၀၀၀ ကျော်တန်တယ်လို့ရှိတာကို အခုကျတော့ ၁၀ % လောက်လျှော့ပြီးတော့ ၁,၈၅၀ ပဲတန်တော့တယ်လို့ အစိုးရက သတ်မှတ်လိုက်တဲ့အခါကျတော့ ကိုယ့်ရဲ့ဝင်ငွေပေါ်မှာ ၁၀ % အခွန်ဆောင်ရတဲ့သဘော၊ ၁၀ % ကိုယ်ပိုင်ဆိုင်တဲ့အထဲကနေပြီးတော့မှ ပါသွားတယ်။

ဒါ့အပြင် သွင်းကုန်သမားတွေကိုလည်း အလားတူထိခိုက်နိုင်ပုံကို အမည်မဖော်လိုတဲ့ စီးပွါးရေးလုပ်ငန်းရှင်က -

“Importer တွေဘက်မှာလည်း အလားတူပါပဲ။ Importer တွေဘက်က ၂,၀၀၀ နဲ့ ၂,၀၀၀ အထက်ကို မှန်းဆပြီး ငွေတွေလွှဲထားတဲ့အနေအထားရှိတာဖြစ်တဲ့အတွက် အဲဒီအပေါ်မှာပဲ လက်ရှိရောက်နေပြီးသားပစ္စည်းတွေရော၊ On the way မှာရှိနေတဲ့ပစ္စည်းတွေရော၊ အကောင့်ထဲမှာဝင်ပြီးသားတွေရော၊ နောက်ပြီးတော့ လွှဲထားပြီးသားဟာတွေကော အကုန်လုံး ထိခိုက်သွားမှာဖြစ်ပါတယ်။ တကယ်တန်း ဒီလိုမျိုး ချက်ခြင်းလုပ်လိုက်တာဟာ ဈေးကွက်ကို ရိုက်ခတ်မှုတော်တော်များပါတယ်။ လိုချင်တဲ့ရလဒ်နဲ့ လတ်တလောထိခိုက်မှုနဲ့တွက်လိုက်မယ်ဆိုရင် ထိခိုက်မှုက ပိုပြီးတော့ များမယ်လို့ထင်ပါတယ်။”

ဒီနေရာမှာ စီးပွါးရေးလုပ်ငန်းတွေအပေါ် ကြီးကြီးမားမား ဆက်ပြီး ထိခိုက်လာနိုင်ပုံကိုလည်း ဒေါက်တာဖုန်းဝင်းက အခုလို ပြောပါတယ်။

“တခါ..စီးပွါးရေးလုပ်လို့ရှိရင် transaction တခါလုပ်လို့ရှိရင် ၁၀ % ဆုံးတယ်။ အဲဒီတော့ ဆယ်ခါလုပ်လို့ရှိရင် ၁၀၀ % ဆုံးပြီပေါ့နော်။ အဲဒီကျတော့ လူတွေက တခါလုပ်တိုင်း တခါဆုံးတယ်။ ဆယ်ခါလုပ်ရင် အကုန်ဆုံးပြီ-ဆိုတဲ့အခါကျတော့ သူတို့က အကြိမ်ရေနည်းနည်းလုပ်ပြီးတော့ - ဥပမာ-ဆိုလိုတာကတော့ ဆန်ရောင်းတဲ့လူသည် exoprt ကိုများများမလုပ်တော့ဘူး၊ လျှော့လုပ်မှာပေါ့နော်။ အဲလိုပြဿနာတွေဖြစ်လာတာပေါ့။ export market ကို နှိမ်ထားတဲ့သဘောဖြစ်သွားတော့ အဲဒီကျရင် ဒေါ်လာဝင်ငွေက မြန်မာပြည်တပြည်လုံးအတွက် ပိုပြီးရှားလာမယ်။ အခုဖြစ်နေတဲ့အခက်အခဲကို လက်ရှိလုပ်နေတဲ့ပုံစံတွေက ကူညီဖြေရှင်းရာမရောက်ဘဲနဲ့ ပိုပြီးတော့ ဒုက္ခပေးတဲ့သဘောမျိုးဖြစ်တယ်။”

အဲဒီတော့ တနေ့ဓူဝ (နိစ္စဓူဝ) ပြည်သူတွေကို ထိခိုက်နိုင်မလားလို့ မေးရာမှာ အမည်မဖော်လိုတဲ့ စီးပွါးရေးလုပ်ငန်းရှင်က -

“ဈေးကွက်တွေမှာ ကုန်စည်ဈေးနှုန်းတွေ၊ ကုန်ပစ္စည်းဈေးနှုန်းတွေ တော်တော်လေးမတည်မငြိမ်ဖြစ်လာနိုင်တဲ့အလားအလာရှိပါတယ်။ ဒါ့အပြင်ကို လတ်တလော တင်ပို့နေတဲ့၊ တင်သွင်းနေတဲ့ အပိုင်းတွေမှာလည်း သက်ရောက်မှုများမှာဖြစ်တဲ့အတွက် ဒီပေါ်ကနေပြီးတော့ အထူးသဖြင့်တော့ ပြည်တွင်းမှာအများစုက တင်ပို့လာတဲ့ import တွေကိုတောင် မှီခိုပြီးတော့ လုပ်နေရတဲ့၊ ပြည်တွင်းက import products တွေကိုပဲ အဓိက စားသုံးနေရတဲ့သူများတာဖြစ်တဲ့အတွက် ကုန်ပစ္စည်းပြတ်လပ်မှုတွေနဲ့ တချို့ကုန်ပစ္စည်းတွေမလုံလောက်ဘဲနဲ့ ဈေးနှုန်းကြီးမြင့်မှုတွေဖြစ်လာမယ့် နေ့တဓူဝ (နိစ္စဓူဝ) အများပြည်သူ စားသုံးနေတဲ့ကုန်စည်ဈေးနှုန်းတွေ၊ ထုတ်လုပ်နေတဲ့ဈေးနှုန်းတွေမှာ သက်ရောက်မှုများပါတယ်။ ဒါကြောင့်မို့လို့ ရုတ်ချည်းမြင့်တက်သွားတာလည်း ထိခိုက်မှုရှိမှာဖြစ်သလို ရုတ်ချည်း အခုလိုမျိုး ဆင်းသွားတဲ့ဟာတွေကလည်း ထိခိုက်မှုဖြစ်မှာ ဖြစ်ပါတယ်။”

အဲဒီတော့ အခုလို ထိခိုက်မှုမကြီးမားအောင် ဘယ်လိုပြန်ဖြေရှင်းသင့်ပါလဲလို့ မေးရာမှာတော့ ဒေါက်တာဖုန်းဝင်းက အခုလို ပြောပါတယ်။

“အခု အမိန့်ထွက်ပြီး တရက်နှစ်ရက်မှာပဲ စီးပွါးရေးလောကမှာ တအားကို လှုပ်လှုပ်ရှားရှားဖြစ်တယ်၊ အလုပ်လုပ်လို့မရအောင် ရပ်တန့်သွားတဲ့သဘောတွေ တွေ့ရတယ်။ အဲဒီတော့ တာဝန်ရှိတဲ့လူကြီးတွေက သိပြီးတော့ မြန်မြန်လုပ်ဖို့လိုတယ်။ ဆိုလိုတာကတော့ တရက်အတွင်း၊ နှစ်ရက်အတွင်း လုပ်ဖို့လိုတယ်။ သြင်္ကန်ရုံးမပိတ်ခင် လုပ်ဖို့လိုတယ်။ တကယ်လို့ မလုပ်ဘဲနေရင် သင်္ကြန်ကလည်း ဆယ်ရက်ကျော်ပိတ်မှာဆိုတော့ ဒီအတိုင်း လွှတ်ပေးလိုက်မယ်ဆိုလို့ရှိရင် မလိုလားအပ်တဲ့ စီးပွါးရေး ကမောက်ကမ ဖြစ်တာတွေ တအားကို ကြီးထွားလာမယ်လို့ထင်တယ်။ မရှင်းရင်တော့ ကျနော်တို့ တော်တော် အခြေအနေဆိုးမယ်လို့ ထင်ပါတယ်။”

တချိန်တည်းမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကြီးမားတဲ့ ဂျပန်နိုင်ငံရဲ့သံရုံးကလည်း ဂျပန်ကုမ္ပဏီတွေဆက်လုပ်ဖို့လည်း အများကြီး ထိခိုက်နိုင်တာမို့ ကင်းလွတ်ခွင့်ပြုဖို့ တနင်္လာနေ့က တောင်းဆိုခဲ့တာက ဒီနေ့ လူသိရှင်ကြား ထွက်ပေါ်လာပါတယ်ခင်ဗျာ။

VOA
 

Banking & Loan Read 13313 times