ပြည်တွင်း ငွေတန်ဖိုးသည် ၃၀ရာခိုင်နှုန်းခန့်ထိ ကျဆင်းသွားခဲ့ပြီး ခိုင်မာသည့် ငွေမာမဖြစ်ခဲ့ခြင်းကြောင့် ရွှေနှင့် ဒေါ်လာ ဝယ်ယူစုဆောင်းလိုသူများ များပြားခဲ့ပြီး ရွှေစျေးနှင့်ဒေါ်လာစျေးနှုန်း ဆက်တိုက်မြင့်တက်လာခဲ့သည်။
စက်တင်ဘာလ ၃ရက်နေ့ ညနေပိုင်းအထိ ပြင်ပစျေးကွက်တွင် အခေါက်ရွှေစျေးနှုန်းသည်၁၇၂၀၀၀၀ကျော်ထိ စျေးနှုန်းရှိခဲ့ပြီး အမေရိကန်ဒေါ်လာစျေးနှုန်းသည် ၁၈၁၃ကျပ်ကျော်ထိ ရှိနေခဲ့သည်။
ဗဟိုဘဏ်မှ လေလံစနစ်နှင့်ဒေါ်လာများကို အကြိမ်ကြိမ် ထုတ်ရောင်းချခဲ့သော်လည်း ပြင်ပစျေးကွက်တွင် ဒေါ်လာစျေးနှုန်းသည် ကျဆင်းသွားခြင်းမရှိဘဲ ဆက်တိုက်မြင့်နေဆဲဖြစ်သည်။
ပြင်ပစျေးကွက်တွင် ဒေါ်လာသည် ဝယ်ယူမရရှိနိုင်သည်အထိ ဖြစ်ပွားနေခဲ့သည်။
“ဆူးလေနားကိုသွားကြည့်၊ အရင်က လွယ်လွယ်ကူ ဝယ်လို့ လဲလို့ရတဲ့ ဒေါ်လာက ရောင်းမဲ့သူမရှိဘူး၊ တစ်နေကုန်ပတ်ကြည့် ရောင်းမဲ့သူမရှိတာ။ အချင်းချင်းပဲ လက်ကုတ်ပြီး ကြိုက်ရောင်းကြိုက်ဝယ်လုပ်နေကြတယ်၊ ဒါက ကောင်းတဲ့လက္ခဏာတစ်ခုမဟုတ်ဘူး”ဟု ဒေါ်လာဝယ်ယူရန် ကိုယ်တိုင်သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။
သည့်အပြင် နိုင်ငံခြားငွေ အသုံးပြုပြီး ပို့ကုန်တင်ပို့သူများအနေဖြင့် အသုံးမပြုဘဲကျန်ရှိသည့် ပို့ကုန်ရငွေများကို ၎င်းငွေ ဝင်ရောက်လာပြီး လေးလအတွင်း စျေးကွက်ပေါက်စျေးအတိုင်း ဘဏ်များတွင် မဖြစ်မနေ ပြန်လည်ရောင်းချရမည်ဟု ကြေညာချက်တစ်ခုကို စက်တင်ဘာလ ၃ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ယခုကဲ့သို့ သတ်မှတ်ထုတ်ပြန်ချက်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေတွင် ပြဌာန်းပြီးအချက်ကို အများသိသာအောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း ပြင်ပစီးပွါးရေးလုပ်ငန်းရှင်များကြားတွင် လှုတ်ခတ်သွားခဲ့သည်။
“ဥပဒေကတော့ ရှိတယ်။ လိုက်နာဖို့ခက်တယ်။ ဘာလို့လဲဆိုတော့ မြန်မာ့ငွေစျေးက စိတ်မချရဘူး။ ဒါ့အပြင် အရင်က ပြင်ပဒေါ်လာစျေးနဲ့ ဗဟိုဘဏ်က သတ်မှတ်တဲ့ ဒေါ်လာစျေးက နီးနီးစပ်စပ်တူတယ်၊ ဗဟိုဘဏ်ကလည်း ပြင်ပစျေးကို လိုက်ထိန်းပေးနိုင်တယ်၊ အခုက လုံးဝ မထိန်းပေးနိုင်တော့ဘူး။ အဲ့တော့ ပို့ကုန်သမားတွေက နိုင်ငံပြင်ပမှာပဲ အကောင့်ဖွင့်ထားပြီးတော့ ဒေါ်လာကို ထိန်းသိမ်းလာတာတွေ ပိုလုပ်လာမယ်၊ သွင်းကုန်သမားတွေနဲ့ ငွေချိတ်ပြီးလဲလှယ်မယ်၊ ကြားက နိုင်ငံက နစ်နာမယ်။ အလည်က ပွဲစားနိုင်ငံတွေက ကောင်းစားမယ်”ဟု စီးပွါးရေးလုပ်ရှင်တစ်ဦးက ပြောသည်။
ပြည်တွင်းတွင် ဒေါ်လာစျေးနှုန်းမြင့်တက်လာမှုကို ယခင် FEC ကဲ့သို့ ပြန်လည် အသက်သွင်းလာပြီး ထိန်းချုပ်မှုတွေ လုပ်ဆောင်လာရန် လမ်းစလည်းရှိနေသည်ဟု စီးပွါးရေးလုပ်ငန်းရှင်များက ပြောသည်။
“အရင်က လက်ထဲ ဒေါ်လာတွေ့ရင် ဖမ်းတဲ့ခေတ်ကို ပြန်ပို့ပြီး FECလိုမျိုးပြန်ထုတ်ပြီးတော့ သုံးခိုင်းတာမျိုးတွေ လုပ်လာနိုင်တယ်။ အဲ့ဒါကို လုပ်ခဲ့ရင် နိုင်ငံလုံးဝပျက်ပြီ။ သူတို့က အခြေခိုင်နေလို့ လုပ်လို့ရတာ အခုချိန်ထလုပ်ရင် ဒီနိုင်ငံမှာက အစိုးရနှစ်ရပ်ဖြစ်နေတာ အကုန်လုံး ပျက်စီးသွားမယ်၊ မရမက လုပ်ခဲ့ရင် အရင်က ခရိုနီခေတ်ကို ပြန်သွားမှာပဲ။ နိုင်ငံခြားအကောင့်ရှိပြီး သွားလာလို့ရသူက ဂွင်ကောင်းမယ်။ ပြည်တွင်းက လုပ်ငန်းရှင်ငယ်တွေက ဘာမှလုပ်လို့မရဘဲ အဆင့်ဆင့် ဖြတ်စားတာနဲ့ အကုန်ငတ်မယ်၊ အခုအခြေနေမှာတောင် နောက်သုံးလအတွင်း ပြည်ပရင်းနှီးမြုပ်နှံမှု ၈၀ရာနှုန်းလောက် ပြန်ထွက်သွားဖို့ရှိတယ် ။ ၂၀၂၂မှာ အကုန်လုံး ဒုက္ခများရဖို့ရှိနေတယ်”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြင်ပစျေးကွက်တွင် ဒေါ်လာစျေးနှုန်းသည် နေ့စဉ်မြင့်တက်နေပြီး ရောင်းချလိုသူ မရှိဘဲ ဝယ်ယူလိုသူတွေသာ မြင့်တက်နေခြင်းကြောင့် ဒေါ်လာစျေးနှုန်းမြင့်တက်ခြင်းနှင့်အတူ ပြည်တွင်း ငွေကျပ်စျေးနှုန်းသည် ဆက်လက်ကျဆင်းနေဦးမည်ဟု စီးပွါးရေးလုပ်ငန်းရှင်များက သုံးသပ်ထားသည်။
Mizzima - News in Burmese