အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာနေတာကြောင့်


08 October, 2020

ကပ်ရောဂါကြောင့် ကမ္ဘာတဝန်း စီးပွားရေး ကျဆင်းနေချိန်မှာပဲ အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာနေတာကြောင့် မြန်မာကျပ်ငွေနဲ့ လဲလှယ်ရာမှာလည်း သိသိသာသာ ရိုက်ခတ်လာနေတာပါ။

အမေရိကန်ဒေါ်လာဟာ ဥရောပယူရို၊ ဂျပန်ယန်းငွေ အပါအဝင် နိုင်ငံတကာက အဓိက ငွေကြေးတွေနဲ့ လဲလှယ်ရာမှာ ဒီနှစ်ထဲ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းလည်း အမေရိကန်ရုပ်သံ CNN စီးပွားရေးအစီအစဉ်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာလည်း ဒေါ်လာငွေတန်ဖိုး တဖြည်းဖြည်းကျဆင်းလာရာမှာ ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ပြင်ပဈေးကွက်မှာ တဒေါ်လာကို ၁,၂၉၂ ကျပ် ဈေးပေါက်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဗဟိုဘဏ်ကတော့ ငွေကြေးဈေးကွက် တည်ငြိမ်ဖို့ ရည်ရွယ်ချက်နဲ့ ပြင်ပပေါက်ဈေးထက် ဈေးပိုပေး ဝယ်ယူထိန်းညှိတာတွေ ရှိပါတယ်။

ဗဟိုဘဏ်ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ် ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်း အကြံပေးလည်းဖြစ်တဲ့ ဦးသန်းလွင်ကတော့ ဗဟိုဘဏ်က ဈေးကွက်တည်ငြိမ်အောင် အခုအချိန်အထိ ထိန်းထားနိုင်တယ်လို့ သုံးသပ်ပါတယ်။

"ကျတဲ့ကိစ္စမှာတော့ ဗဟိုဘဏ်က အမြဲတစေပဲ သူကတော့ သူ့ရဲ့အဓိက တာဝန်က ဘာလဲဆိုတော့ ငွေရေးကြေးရေးစနစ် ခိုင်မာဖို့၊ တည်ငြိမ်ဖို့ဆိုတာ သူ့ရဲ့ အဓိက ရည်မှန်းချက်ပဲလေ။ ဥပမာ လဲလှယ်နှုန်းတခု မတရားထိုးကျတယ်၊ မတရားတက်သွားတယ်ဆိုရင် အတက်အကျ များလို့ရှိရင်တော့ ဒါ ငွေရေးကြေးရေး တည်ငြိမ်ရေးကို ထိခိုက်တာပေါ့။

ဗဟိုဘဏ်ကတော့ ကျတယ်ဆိုရင် သူကဝယ်ရမှာပဲ။ ဒေါ်လာဈေးတက်တယ် ဆိုရင်လည်း သူကထုတ်ရောင်းရမှာပဲ။ ဒါသူ့ရဲ့ တာဝန်ပဲ။ အခုသူဝယ်လို့ပဲ ဈေးလေးတွေ နည်းနည်း ထိန်းနိုင်တယ် ပြောရမှာပေါ့။”

မြန်မာနိုင်ငံဗဟိုဘဏ်က အခုနှစ်စကနေ အောက်တိုဘာလအထိ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော်ကို လေလံစနစ်နဲ့ ဝယ်ယူထားပြီး ပြန်ရောင်းချတာမျိုးလည်း လုပ်ခဲ့ပါတယ်။ ဗဟိုဘဏ်က နေ့စဉ် အမေရိကန်ဒေါ်လာ ၃.၈ သန်းကို လေလံစနစ်နဲ့ ပုံမှန်ဝယ်ယူလေ့ရှိပြီး စက်တင်ဘာ ၃၀ ရက်မှာ တဒေါ်လာကို ၁,၃၀၈.၅ ကျပ်နဲ့ ဝယ်ပြီးခဲ့ရာက ရက်ပိုင်းအတွင်းပဲ အောက်တိုဘာ ၆ ရက်မှာ ကျပ်ငွေ ၁,၂၉၈ ကျပ်ကိုချပြီး ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းငွေကြေးဈေးကွက်ကို တည်ငြိမ်အောင် ဗဟိုဘဏ်က ကြိုးပမ်းနေတယ်ဆိုပေမဲ့ ဒေါ်လာတန်ဖိုး ကျဆင်းမှုက နိုင်ငံတကာ အတိုင်းအတာနဲ့ ကြုံနေရတဲ့ ပြဿနာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်း ကမြင်ပါတယ်။

“အထူးသဖြင့် ဒေါ်လာပေါ့နော်။ ဒေါ်လာဈေးကွက်ကို ထိန်းချုပ်ချင်တဲ့သဘော ရှိတယ်ပေါ့၊ ဒေါ်လာဈေး ကျနေတဲ့ အချိန်မှာဆိုရင် ပြန်တက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့သဘောမျိုး ဖြစ်နိုင်တယ်၊ အခုဟာက တကမ္ဘာလုံးမှာ ကပ်ဆိုက်နေတဲ့အခါ ကျတော့ကာ ပြည်တွင်းမှာတင် လုပ်ပေမဲ့လည်း ထူးထူးခြားခြားကြီးတော့ ဒေါ်လာဈေးက ပြန်မတက်လာနိုင်ဘူး၊ အဲဒီတော့ အစိုးရ လုပ်တာလည်း လုပ်တာပဲ သို့သော်သိပ်ထိရောက်မှု မရှိနိုင်လောက်ဘူးပဲ တွက်မိပါတယ်။”

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသအတွက် စီးပွားရေး ခန့်မှန်းချက်မှာတော့ ကပ်ရောဂါကြောင့် စီးပွားရေးတိုးတက်မှု ဝ.၅ ရာခိုင်နှုန်းကျဆင်းခဲ့တဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းဘဏ္ဍာရေးကဏ္ဍမှာ မသေချာမှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ၊ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးအရ မရေရာမှုတွေအပြင် ဒေသတွင်းရောဂါကူးစက်မှုသစ်တွေနဲ့ ကမ္ဘာ့စီးပွားရေးထိခိုက်မှု ကြာရှည်မယ့် အခြေအနေတွေလို ပြင်ပက ရိုက်ခတ်မှုတွေကြောင့် စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကပ်ရောဂါကြောင့် ကမ္ဘာမှာသေဆုံးမှု အများဆုံးဖြစ်နေတဲ့ အမေရိကန် ပြည်ထောင်စုမှာ အရေးပေါ်ငွေကြေးသုံးစွဲရမယ့် အခြေအနေတွေကြောင့် ဒေါ်လာတန်ဖိုး ဆက်လက် ကျဆင်းနိုင်တယ်လို့လည်း စီးပွားရေးပညာရှင်တွေ ခန့်မှန်းနေကြပါတယ်။

ဈေးထိန်းရန် ကြိုးပမ်း
အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်းက နေ့စဉ်ရက်ဆက်ဆိုသလို ကျဆင်းလာနေတာကြောင့် ဈေးကွက်တည်ငြိမ်ရေးအတွက် ငွေလဲလှယ်နှုန်း ‘ရည်ညွှန်းတန်ဖိုး’ တခုကို နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ ဗဟိုဘဏ်က ဒေါ်လာငွေကို ဝယ်ယူပြီးတော့လည်း ကျားကန်ပေးနေပါတယ်။ ဇွန်လ ၁၁ ရက်ကနေ ဇူလိုင် ၁ရက်ထိ ဗဟိုဘဏ်က ဆယ်ကြိမ်ဝယ်ယူထားတဲ့ ဒေါ်လာငွေက ၃၂.၆ သန်းရှိပါတယ်။ ဒီလိုလုပ်တာဟာ ကျနေတဲ့ဒေါ်လာတန်ဖိုးကို ဆွဲတင်နေတာ မဟုတ်ဘဲ နိုင်ငံခြားငွေ တည်ငြိမ်အောင် ထိန်းကြောင်းဖို့အတွက် လုပ်ရတာလို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက ပြီးခဲ့တဲ့လထဲ အစိုးရရဲ့ စတုတ္ထတနှစ်တာ လုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲမှာ ပြောထားတာပါ။
“ဝယ်သင့်တယ်ဆိုတာ ထိန်းကြောင်းသင့်တယ်ဆိုတဲ့ သဘောနဲ့ပဲ လုပ်တာရှိတယ်။ ဗဟိုဘဏ်က ကျသွားမှာစိုးလို့ လိုက်ဝယ်နေတာ၊ သိပ်တက်သွားမှာစိုးလို့ လိုက်ရောင်းနေတာမျိုးတော့ မရှိပါဘူး။ Market ထဲမှာ ဗဟိုဘဏ်အနေနဲ့ ဝင်ရောင်းတာ၊ ဝင်ဝယ်တာ လုပ်တဲ့ကိစ္စမဟုတ်တော့ပါဘူး။ လိုအပ်တဲ့အခါမှ ကျနော်က one way ပဲ ဝယ်တဲ့ auction ကိုလုပ်တယ်၊ ရောင်းတဲ့ auction ကို လုပ်တယ်။”

အမေရိကန်ဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်း ဗဟိုဘဏ် ဒီနေ့သတ်မှတ်တဲ့နှုန်းက ၁,၃၆၈.၇ ကျပ်ဖြစ်ပါတယ်။ ဒါက ကျပ် ၁,၄၀၀ ရှိနေတာကနေ ရက်ပိုင်းအတွင်း ကျပ်ငွေ ၃၀ ကျော် ထပ်ကျသွားတာပါ။ ဘဏ္ဍာရေးဈေးကွက်တည်ငြိမ်ရေးအတွက် ဗဟိုဘဏ်ရဲ့ ကျားကန်ပေးဖို့ ကြိုးပမ်းနေတဲ့ အစီအစဉ်အပေါ်မှာတော့ စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက အခုလို သုံးသပ်ပါတယ်။

“ပို့ကုန်မရှိဘဲ ဒေါ်လာတွေ ဝယ်နေတာ ဖြစ်သင့်သလားလို့ မေးရင်တော့ ကျနော်ကတော့ အတိုင်းအတာ တခုအထိ မှန်တယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှိနေတဲ့ ပို့ကုန်တွေလည်း ဆက်ထိန်းဖို့လိုတယ်။ သွင်းကုန်သမားတွေ အဆင်ပြေသွားရင်လည်း တဘက်ကကြည့်ရင် ကုန်သွယ်ရေးလိုငွေ ကြီးလာမယ့် ပြဿနာရှိတယ်။ နောက်တခုက ဒေါ်လာကို ဗဟိုဘဏ်က ကြိုစုထားတယ်ပေါ့နော်။ များနိုင်သမျှများအောင် စုထားတဲ့ သဘောပေါ့နော်။ ဝယ်ထားလိုက်တော့ ဗဟိုဘဏ်မှာ ဒေါ်လာ အရန်ငွေပမာဏ များလာတာပေါ့နော်။”

ပြင်ပဈေးကွက်မှာ ဒေါ်လာဈေးကျနေပေမဲ့ ဗဟိုဘဏ်က ပို့ကုန်လုပ်ငန်းတွေကို အားပေးဖို့၊ နိုင်ငံခြားအရံငွေစုဖို့ ရည်ရွယ်ချက်တွေနဲ့ အမေရိကန် ဒေါ်လာတွေ ဝယ်ယူနေတာလို့ ယူဆမှုတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း ဒီလိုရည်ရွယ်ချက်မျိုးနဲ့ ဆောင်ရွယ်တယ် ဆိုရင်တော့ လက်တွေ့မကျဘူးလို့လည်း စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက မြင်ပါတယ်။

“အမေရိကန်ရဲ့ စီးပွားရေးအခြေအနေ ပြန်ကောင်းလာမှသာလျှင် ဒေါ်လာဈေးက မြင့်တက်လာနိုင်မယ်၊ မြန်မာပြည်အနေနဲ့က ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာကို ကစားနိုင်တဲ့ အင်အားမျိုး ရှိတာမဟုတ်ဘူး။ ဥပမာ တရုတ်ပြည်လိုဆို တမျိုးပေါ့။ သူတို့ ( ဗဟိုဘဏ်က) ဒေါ်လာကို ဝယ်ခြင်းအားဖြင့် ပြည်တွင်းမှာပဲ ဒေါ်လာဈေး တက်အောင်လုပ်တဲ့သဘောမျိုးရှိတယ်။ တကယ်တော့ မတက်ဘူးဗျ၊ ကျန်တဲ့ဈေးကွက်မှာက ဒေါ်လာရဲ့ ဝယ်အားက ကျနေတယ်၊ အဲဒီတော့ တမင်မကြိုးစားသင့်ဘူးလို့ပဲ ကျနော်ပြောချင်တယ်။”

ပို့ကုန်လုပ်ငန်းထိခိုက်နိုင်

လက်ရှိမှာ ဆန်နဲ့ ပဲအမျိုးမျိုးအပါအဝင် ပို့ကုန်က အရင်ကထက် ကျပါတယ်။ ကုန်ထုတ်လုပ်ငန်းတွေလည်း ပုံမှန်မလည်ပတ်သေးပါဘူး။ မြန်မာပြည်ရဲ့ ငွေကြေးဖောင်းပွတဲ့နှုန်းက ၇ ရာခိုင်နှုန်းလောက်ရှိမယ်လို့ မှန်းထားပေမဲ့ ၉ ရာခိုင်နှုန်းလောက်ထိ ရောက်နေတယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ ဗုဒ္ဓဟူးနေ့ ကမ္ဘာ့ဘဏ္ဍာရေး ဈေးကွက်မှာတော့ ဒေါ်လာဈေးဟာ အနည်းငယ်တက်လာခဲ့ပြီး ဥရောပ ယူရိုငွေကတော့ ကျဆင်းသွားပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကတော့ ဇွန်လထဲ အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေက ကိန်းဂဏန်းတွေအပေါ် စောင့်ကြည့်နေကြပြီး ထွက်ပေါ်လာတဲ့ အချက်အလက်တွေက ဘဏ္ဍာငွေကြေး ဈေးကွက်မှာ ရိုက်ခတ်လာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

ဗဟိုဘဏ်က ကြားဝင်ထိန်းဖို့ ကြိုးပမ်းနေတဲ့ ကြားက ဒေါ်လာဈေး တဖြည်းဖြည်းကျလာတဲ့ အပေါ်မှာတော့ ပြည်တွင်း ကုန်ထုတ်လုပ်ငန်းရှင်တွေ စိုးရိမ်နေကြပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဌာန သင်တန်းကျောင်းတာဝန်ခံ ဦးသိန်းမြင့်ဝေကတော့ ငွေလဲနှုန်း ကျပ်ငွေ ၁၂၀၀ အောက်အထိ ကျဆင်းမသွားဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ အခုလက်ရှိကတော့ ဗဟိုဘဏ်က ဝင်ရောက်ထိန်းကျောင်းနေတာပဲပေါ့၊ ဒါကတော့ သိသာထင်ရှားတဲ့ အချက်ကလေးပေါ့။ အဲဒီလို ဝင်ရောက် ထိန်းကြောင်းပေးလို့လည်း ကျသင့်ကျထိုက်တာထက် ပိုမကျဘူးလို့လည်း မြင်တာပေါ့နော်၊ ပထမ တချက်ကတော့။ ဒုတိယက အဲလို ၁၂၀၀ ( ကျပ်) အောက် ရောက်သွားမယ်ဆို သိပ်မကြိုက်ဘူးပေါ့ ကျနော်တို့ အမြင်ကတော့။ ဒီ ၁၄၀၀ ပတ်ဝန်းကျင်လောက်ကတော့ reasonable exchange rate ဖြစ်မယ်လို့တော့ မြင်တာပေါ့။”

ပြည်တွင်း ကုန်ထုတ်လုပ်ငန်းတွေ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းတွေဟာ ပို့ကုန်အတွက် အမေရိကန်ဒေါ်လာနဲ့ရပြီး ဝန်ထမ်းတွေကို လစာရှင်းတဲ့အခါမှာ ကျပ်ငွေလဲလှယ်ရသလို ၊ လစာတိုးပေးညှိနှိုင်းတာတွေလည်းရှိလို့ ဒေါ်လာဈေး ဆက်ကျမယ်ဆိုရင်တော့ ကုန်ထုတ်လုပ်ငန်းတွေအတွက် အဆင်ပြေမှာ မဟုတ်ဘူးလို့ ရွှေလင်ပန်းစက်မှုဇုံ ဥက္ကဋ္ဌ ဦးအေးသောင်းက ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့ နိုင်ငံရဲ့ export ( ပို့ကုန်) structure ကတော့ ပြောင်းတာပေါ့ဗျာ။ အထူးသဖြင့် သီလဝါ SEZ ပေါ့၊ ကျနော်တို့ အားကိုးစရာ။ သူတင်ပို့နိုင်သလိုပဲ ကျန်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာပေါ့ သူတို့တွေကလည်း ကျန်တဲ့ နိုင်ငံတွေနဲ့ ကူးလူးချိတ်ဆက်တာတွေ များတဲ့ အခါကျတော့ ကျနော်တို့ ထုတ်လုပ်မှုပုံစံတွေ ပြောင်းလာတာကို တွေ့ရပါတယ်ဗျ။ ပြောင်းလာတာနဲ့အမျှ ခုနက ကျနော်တို့ အညွှန်းကိန်းတွေလည်း ပြောင်းလာတယ်ပေါ့။”

ဒေါ်လာဈေးကျလို့ ပို့ကုန်လုပ်ငန်းရှင်တွေ စိုးရိမ်နေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု အညွှန်းကိန်းဟာ မေလထဲမှာ ၃၈.၉ ရှိနေရာကနေ ၄၈.၇ အထိ တိုးလာကြောင်း လန်ဒန်အခြေစိုက် စီးပွားရေးအကဲဖြတ်အဖွဲ့ IHS Markit ရဲ့ ဇူလိုင် ၂ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလို တိုးတက်လာတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ ကုန်သွယ်ရေးပညာရှင် ဦးသိန်းမြင့်ဝေက အခုလို သုံးသပ်ပါတယ်။

“ ၁၃၀၀ အောက်ရောက်သွားရင်တော့ နည်းနည်းလေးတော့ ဒုက္ခတွေ့နိုင်တာပေါ့နော်၊ အဓိက COVID လည်းဖြစ်နေတယ်၊ အခုအလုပ်သမားတွေကလည်း လုပ်ခလစာ တိုးတောင်းနေတယ်၊ order ( ကုန်အမှာ) တွေကလည်း မငြိမ်ဘူး၊ ရတဲ့ order ကလည်း ပို့ဖို့က နည်းနည်းခက်နေတယ်။ အဲဒီတော့ ကျနော်တို့ ဆီမှာက အစအဆုံး ဘာမှမရှိနိုင်ဘူးလေ၊ ပိတ်ကအစ။ ဆိုးဆိုးရွားရွားကြီး ဖြစ်လှချည်လို့ မပြောသေးပါဘူး၊ တာစူနေပြီပေါ့။ တည်ငြိမ်နေတဲ့ဟာလေး ဖြစ်ရင် ပိုကောင်းတာပေါ့။ တချို့ကိစ္စက ထိန်းလို့မရဘူးလေ ဒါပေမယ့် နိုင်ငံတော်မှာ ငွေရှိတဲ့အခါကျတော့ လုပ်လို့ရတာတွေ အများကြီးရှိတာပေါ့။ ဆိုးဆိုးရွားရွားမဖြစ်ခင် အခြေအနေမှန်ကို သိဖို့တော့ လိုတာပေါ့။”

မြန်မာကုန်သွယ်ရေးဝန်ကြီးဌာန အချက်အရဆိုရင် ၂၀၁၉ ကနေ ၂၀၂၀ ဧပြီလအထိ ပုံမှန်နဲ့ နယ်စပ်ကုန်သွယ်ရေး ပို့ကုန်နဲ့သွင်းကုန် နှစ်ခုပေါင်းမှာ မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ၂၂၆၅၁. ၄၂၇ သန်းဖိုး ကုန်သွယ်ထားပြီး သွင်းကုန်ကတော့ အနည်းငယ်ပိုများနေတာလည်းဖြစ်ပါတယ်။

ဒေါ်လာဈေး ကျဆင်းနေတဲ့ အခြေအနေဟာ မြန်မာ့စီးပွားရေး (အထူးသဖြင့် လယ်ယာသားငါး ပြည်ပတင်ပို့မှုလုပ်ငန်း) ကို များစွာထိခိုက် လာနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ လယ်ယာသားငါး ပြည်ပ တင်ပို့မှုသည် လက်ရှိ ၂၀၁၉-၂၀ မှာ အမေရိကန်ဒေါ်လာ ၄.၃ ဘီလျံခန့် ရှိပြီး မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ဝင်ငွေ ဖြစ်ပါတယ်။ စပါးပေါ်် ချိန်၊ ပြောင်း ပေါ်် ချိန် နှင့် လယ်ယာသားငါး ပို့ကုန် တိုးမြှင့်ရမည့် အချိန် မှာ ယခု လို ငွေလဲနှူန်း အလွန်အမင်း မတည်မငြိမ် ဖြစ်ခြင်း ကို ဗဟိုဘဏ် နှင့် စီးပွားရေးဆိုင်ရာ ဝန်ကြီးဌာနများမှ အသင့်လျော်ဆုံးသော မူဝါဒ အစီအမံများ နှင့် အမြန်ဆုံး နှင့် အထိရောက်ဆုံး တုန့်ပြန် ဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။ မြန်မာ့ပို့ကုန် တွေ နိုင်ငံတကာစျေးကွက် မှာ ယှဥ်ပြိုင် ထိုးဖောက် နိုင်ဖို့ ငွေလဲနှုန်း တည်ငြိမ်ပြီး ခန့် မှန်း နိုင်ဖို့ အရေးကြီးပါတယ်လို့ ဆန်းစပါးကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။

 

ရင်းမြစ် ဗီအိုအေ

 

Banking & Loan Read 1202 times