ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီဖွဲ့စည်း


26 January, 2022

ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီဖွဲ့စည်း

ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းကြောင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်စွဲဖြင့် ပြန်တမ်း ထုတ်ပြန်ကြေညာထားပါသည်။
ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီသည် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ကွပ်ကဲမှုအောက်တွင် ပြည်တွင်းရွှေနှင့် ငွေကြေးဈေးနှုန်းများ တည်ငြိမ်မှုရှိစေအောင် ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်မည်ဟု ဖော်ပြထားပါသည်။
 ပြည်တွင်းပြည်ပ ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုနှင့် အခက်အခဲများမရှိစေရေး ဆောင်ရွက်ရာတွင် ရွှေနှင့် ငွေကြေးဈေးကွက်တည်ငြိမ်မှုသည် များစွာအရေးပါသည့်အတွက် ဗဟိုကော်မတီ၏ လုပ်ငန်းများကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေရန်ရည်ရွယ်သည်ဟု ဖော်ပြထားပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက အဆိုပါ ကော်မတီဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊
 ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အတွင်းရေးမှူးက ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း ဆောင်ရွက်ပါသည်။
 အဖွဲ့ဝင်များအဖြစ် ရန်ကုန်မြို့နှင့် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီတို့မှ အတွင်းရေးမှူးများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊  စီမံဘဏ္ဍာဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ စီပွားကူးသန်းဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် အစရှိသူများ ပါဝင်ကြပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်း တာဝန်များမှာ-
ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ရောင်း/ဝယ်မှုများကို စိစစ်ဖော်ထုတ် နိုင်ရေးအတွက် အရောင်းအဝယ်စာရင်းများကို လိုအပ်သလိုစစ်ဆေးခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ငွေပေးချေမှုစည်းမျဉ်းများကို လိုက်နာမှု ရှိ မရှိ စစ်ဆေးခြင်းနှင့် ပြည်တွင်း ရွှေဈေးကွက်တည်ငြိမ်မှုကို ပျက်ပြားစေသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်မှုပြုသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်ဖော်ထုတ်စေ၍ တည်ဆဲဥပဒေနည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ အရေးယူဆောင်ရွက်ရန်၊
နိုင်ငံခြားသုံးငွေကိုင်ဆောင် ရောင်း/ဝယ်ခွင့်ရရှိသော နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်နှင့် ငွေလဲကောင်တာ (Money Changer) များ၏ နိုင်ငံခြားသုံးငွေ အဝင်/အထွက်စာရင်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့် အညီ စောင့်ကြည့်စစ်ဆေးခြင်းကုန်ပစ္စည်းတင်ပို့/ တင်သွင်းခြင်းဆိုင်ရာ စာရွက်စာတမ်း အထောက် အထားများလူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများကို လိုအပ်သလို စစ်ဆေးခြင်းနှင့် လိုက်နာမှုမရှိသူများကို အရေးယူခြင်းများဆောင်ရွက်ရန်
နိုင်ငံခြားငွေကြေးများအား တရားမဝင်ကိုင်ဆောင်ခြင်း၊ ဥပဒေမဲ့အရောင်းအဝယ်ပြုလုပ်ခြင်းဈေးကစားခြင်းပြုလုပ်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးဖော်ထုတ်စေပြီး အရေးယူရန်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၂၁) ပါ ကျပ်သိန်း ၂၀၀ ထက်ပိုမိုသည့် ငွေပေးချေမှုများတွင် ဘဏ်စနစ်အသုံးပြု၍ ဆောင်ရွက်မှု ရှိ မရှိ သက်ဆိုင်ရာဌာနများမှ စိစစ်စေပြီး လိုက်နာမှုမရှိသူများကို အရေးယူဆောင်ရွက်ရန်
 အိမ်၊ခြံမြေနှင့်မော်တော်ယာဉ်ကဲ့သို့သောအခြေပစ္စည်းများအား ရောင်းဝယ်ပြီးပိုင်ဆိုင်မှုလွှဲပြောင်းရာတွင် သက်ဆိုင်ရာဌာနများမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ငွေပေးချေမှုကန့်သတ်ချက်များအတိုင်း လိုက်နာမှု ရှိ မရှိ စိစစ်စေ၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်ရန်၊
ဘဏ်များတွင် အပ်နှံထားသည့်ငွေများကို ငွေသားထုတ်ယူရာ၌ ရာခိုင်နှုန်းယူ၍ ငွေသားထုတ်ပေးခြင်းဘဏ်ပြင်ပတွင် ငွေသားလက်ဝယ်ထိန်းသိမ်းထားသူများက ဘဏ်အကောင့်ဖြင့် အပ်နှံထားသည့် ငွေများကို ငွေသားဖြင့် လဲလှယ်ထုတ်ယူလိုသူများအား ရာခိုင်နှုန်းယူ၍ ငွေသားထုတ်ပေးခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများအား စုံစမ်းစစ်ဆေးဖော်ထုတ်စေ၍ ပါဝင်ပတ်သက်သူများအား အရေးယူ ဆောင်ရွက်ရန်၊ အစရှိသည်တို့ ပါဝင်ပါသည်။


 

Banking & Loan Laws and Regulations Read 1205 times