ဗဟိုဘဏ်က ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ချက်ကို ပယ်ဖျက်ပေးလိုက်ခြင်းသည် ငွေကြေးတန်ဖိုးကို လိုရာဆွဲပြီး ပုံဖျက်ခြင်းနှင့် မတည်မငြိမ်ဖြစ်အောင် ပြုလုပ်ခြင်းများအား လျှော့ချပေးနိုင်မည်ဖြစ်၍ အစိုးရ၏ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို အကောင်အထည်ဖေါ်ရာတွင် ပိုမိုလွယ်ကူစေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးစီးပွားရေးအကြံပေးက ပြောသည်။
“အခုဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲနှုန်းဟာ မြန်မာ့စီးပွားရေးအတွက် လိုအပ်နေတဲ့ချေးငွေ ရယူရေးစနစ်နဲ့ပိုမိုလိုက်လျှောညီထွေဖြစ်အောင် ဆောင်ရွက်နိုင်ပြီး ဈေးကွက်ထဲက ရောင်းလိုအားနဲ့ ဝယ်လိုအားကို ထင်ဟပ်တော့မယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေးအကြံပေး ရှောင်တာနဲက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ထက်တွင် စီးပွားရေး တိုးတက်ရေးအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဦးစီးပြီးရေးဆွဲနေသည်။ ထိုစီမံချက်တွင် အချက်ပေါင်း ၂၅၀ ခန့်ပါဝင်ပြီး မဟာဗျူဟာများကို အစိုးရဌာန တခုချင်းစီနှင့် အကောင်အထည်ဖော်ရန် အစိုးရက စီမံထားသည်။
ပုဂ္ဂလိဘဏ်များနှင့် ငွေလဲကောင်တာများသည် ဗဟိုဘဏ်က ထုတ်ပြန်သည့် ရည်ညွှန်းငွေလဲနှုန်း၏ ဝ.၈ ရာခိုင်နှုန်းအတွင်းတွင်သာ နိုင်ငံခြားငွေလဲလှယ်ရန် စည်းကမ်းချက်ကို လိုက်နာရန် မလိုတော့ကြောင်း ဗဟိုဘဏ်က ဩဂုတ်လ ၁၃ ရက်နေ့က ကြေညာခဲ့သည်။ ထိုသို့ လုပ်ဆောင်လိုက်ခြင်းကြောင့် နိုင်ငံခြားငွေရောင်းဝယ်မှု ပိုမိုလွယ်ကူပြီး ဈေးကွက်အတွင်း ငွေဖြစ်လွယ်မှုကို ပိုမိုကောင်းမွန်စေမည်ဟု မျှော်လင့်ရသည်။
ဗဟိုဘဏ်၏ လုပ်ဆောင်မှုသည် ပို့ကုန်ဗဟိုပြု ကုန်ထုတ်လုပ်သူများအတွက် မြန်မာနိုင်ငံသည် ပိုမိုစွဲဆောင်မှုရှိလာစေမည့် စီးပွားရေးလုပ်ထုံးလုပ်နည်းများ ဖြေလျှော့ရေးအတွက် အရေးပါသောခြေလှမ်းအဖြစ် အချို့သောနယ်ပယ်များက ကြိုဆိုကြသည်။
သို့သော် အစိုးရသည် အပြည့်အဝ နှုန်းရှင်မျှောသောစနစ်ကို ကျင့်သုံးမည် မကျင့်သုံးမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ရှောင်တာနဲ၏ ပြောဆိုချက်အရ အစိုးရသည် အပြည့်အဝ နူန်းရှင်မျှောသောစနစ် (floating exchange rate regime) ကို သွားနေကြောင်း သိရသည်။ ထိုစနစ်အရ ဈေးနှုန်းကို အစိုးရက ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ ပြည်တွင်းနှင့် နိုင်ငံခြားငွေ ရောင်းလိုအားနှင့် ဝယ်လိုအားကို အခြေခံပြီး ဈေးကွက်အင်အားစုများက သတ်မှတ်မည်ဖြစ်သည်။
“တကမ္ဘာလုံးမှာဖြစ်ခဲ့တဲ့ သမိုင်းကြောင်းအရပြောရရင် နိုင်ငံခြားငွေလဲနှုန်းကို နှုန်းရှင်မျှောလိုက်ရင် နိုင်ငံတခုကို နိုင်ငံတကာ စီးပွားရေးရိုက်ခတ်မှုကနေ အကာအကွယ်ပေးနိုင်ကြောင်း တွေ့ရတယ်။ ဒါဟာ အထူးသဖြင့်မြန်မာနိုင်ငံလို ကုန်စည်တွေ၊ အခြေခံထုတ်ကုန်တွေနဲ့ စွမ်းအင်ကို တင်ပို့နေတဲ့နိုင်ငံမျိုးတွေအတွက် အရမ်းအရေးပါတယ်” ဟု ရှောင်တာနဲက ပြောသည်။
အချို့သော ကျွမ်းကျင်သူများက ထိုလုပ်ရပ်ကို ကြိုဆိုပြီး ဗဟိုဘဏ်၏ ရည်ညွှန်းဈေးနှုန်းသည် နေ့စဉ်ဒေါ်လာ လေလံတင်ခြင်းမှ ဝယ်လိုအားကို အဓိက အခြေခံနေကြောင်း ထောက်ပြသည်။
ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းနှင့် ဈေးကွက်က မောင်းနှင်သည့် ငွေလဲနှုန်းတို့အကြား ကွာဟချက် အတိုင်းအတာတခုထက် ပိုမိုကြီးမားသောအခါ ဝ.၈ ရာခိုင်နှုန်း အတိုးအလျှော့ဖြင့် ရောင်းချခြင်းသည် လက်တွေ့မကျတော့ဘဲ နိုင်ငံခြားငွေ ရောင်းဝယ်မှုကို အဟန့်အတား ဖြစ်စေသော အကျပ်အတည်း ပေါ်ပေါက်လာသည်။
ထိုစည်းမျဉ်းသည် ၎င်းကို လိုက်နာသောဘဏ်များ၏ စာရင်းရှင်အပ်ငွေစာရင်းများကိုလည်း ရှုပ်ထွေးစေပြီး ဘဏ်အချင်းချင်း နိုင်ငံခြားငွေဈေးကွက်တွင် အထူးသဖြင့် ပြည်ပဘဏ်များပါဝင်လာခြင်းကို အတားအဆီးဖြစ်စေသည်။
သို့သော် အချို့ကျွမ်းကျင်သူများကမူ မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံခြားငွေ နှုန်းရှင်မျှောသည့်ဈေးကွက်အတွက် အဆင်သင့်မဖြစ်သေးကြောင်း ထောက်ပြပြီး ဗဟိုဘဏ်၏ လုပ်ရပ်ကို ဝေဖန်ကြသည်။ ထိုဆုံးဖြတ်ချက်ကြောင့် ပြည်ပမှ Hot Money များ စီးဝင်လာသောကြောင့် ကျပ်ငွေကို ကာကွယ်ရန် ပိုမိုခက်ခဲသွားစေပြီး စီးပွားရေး ကပ်ဘေးဆိုက်နိုင်သည်ဟု ၎င်းတို့က သတိပေးသည်။
(Hot Money ဆိုသည်မှာ အတိုးနှုန်းများများ ရနိုင်ရာသို့ အလုံးအရင်းဖြင့် ထည့်ဝင်သော အရင်းအနှီးငွေ ဖြစ်ပြီး အတိုးရော အရင်းပါ ချက်ချင်းဆိုသလို ပြန်လည်ထုတ်ယူသွားတတ်သော သဘောရှိသည်)
အမေရိကန်ဒေါ်လာနှင့် လဲလှယ်သောအခါ ကျပ်ငွေသည် မေလမှ စတင်ပြီး တန်ဖိုးကျဆင်းနေသည်။ အချို့သော ကျွမ်းကျင်သူများက ထိုသို့ဖြစ်ရခြင်းမှာ အရှိန်မြင့်လာသော တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲနှင့် သွင်းကုန်တင်သွင်းရန်ပြည်တွင်းတွင် နိုင်ငံခြားငွေ မလုံမလောက်ဖြစ်ခြင်းတို့ကြောင့်ဟု ပြောသည်။
ဩဂုတ်လ ၁၅ ရက်နေ့အတွက် ဗဟိုဘဏ်၏ရည်ညွှန်း ငွေလဲနှုန်းမှာ တစ် ဒေါ်လာလျှင် ၁,၄၇၅ ကျပ်ဖြစ်သည်။ ထိုနှုန်းကို ပုဂ္ဂလိကဘဏ်များ၏ အဝယ်ဈေး ၁,၄၉၅ ကျပ်နှင့်ရောင်းဈေး ၁,၅၀၃ ကျပ်တို့နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ထိုနှုန်းသည် ၈ နှစ်ကျော်ကာလအတွင်း ကျပ်ငွေ၏ အင်အားအချိနဲ့ဆုံးနှုန်းလည်း ဖြစ်သည်။ ထိုအခြေအနေအတွက် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ချက်ကို ပယ်ဖျက်ပေးသည့် မူဝါဒကို လူအများအပြားက အပြစ်တင်ကြသည်။
ဒေါ်လာဈေး စံချိန်တင်တက်နေခြင်းတွင် အကြောင်းရင်းများစွာရှိသည်ဟု Citi Bank ဝန်ထမ်းဟောင်း ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ ဦးစောဘိုဘိုက ပြောသည်။
သူက ဒေါ်လာသည် တကမ္ဘာလုံးမှငွေကြေးများနှင့် နှိုင်းယှဉ်ဈေးတက်နေကြောင်း ထောက်ပြပြီး မိုးရာသီအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းဆောင်တာများ နှေးကွေးနေခြင်းကြောင့် လတ်တလော ပုဂ္ဂလိကဘဏ်များတွင် ကျပ်ငွေ အလွန်အကျွံများနေသည်မှာလည်း အချက်တစ်ချက်ဖြစ်ကြောင်း ဆိုသည်။ ထို့အပြင် ဈေးမာလာနေသော ဒေါ်လာဈေး ထပ်တက်မည်ကို စိုးရိမ်ပူပန်မှုများဖြစ်လာပြီး လူအများအပြားက ပြည်တွင်းဈေးကွက်ရှိ ဒေါ်လာများကို ဝယ်ယူနေကြကြောင့်လည်း ဝယ်လိုအား များလာပြီး ဒေါ်လာဈေးကို ဆွဲတင်သလိုဖြစ်နေကြောင်း ရှင်းပြသည်။
ကျပ်ငွေ လတ်တလော အားနည်းနေခြင်းနှင့်ပတ်သက်ပြီး နားလည်မှု မှားယွင်းခြင်းများ အတိုင်းအတာတခုအထိ ရှိနေကြောင်း ကျပ်ငွေနှင့်ယဉ်လျှင် ဒေါ်လာဈေး စံချိန်တင်တက်နေခြင်းကို တုံ့ပြန်သည့်အနေဖြင့် ရှောင်တာနဲက သူ၏ Facebook စာမျက်နှာတွင် ဤသို့ ရေးသားခဲ့သည်။
“ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းသည် ပြဿနာ မဟုတ်”
လတ်တလော ကျပ်ငွေ တန်ဖိုးကျဆင်းခြင်းသည် အချို့သူများ ထင်သကဲ့သို့ ပြဿနာ မရှိလှပေ။ ရုစဗဲ့လ် စကားကို ကိုးကားရလျှင် ကြောက်ရွံ့ထိတ်လန့်ခြင်းသည်သာ အမှန်တကယ် ဆန့်ကျင်ရမည် အရာဖြစ်သည်။
ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းသည် ပြဿနာ မရှိလှသည်မှာ အောက်ပါအကြောင်းများကြောင့် ဖြစ်သည်။
၁။ လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေမှာ တကမ္ဘာလုံးကြုံတွေ့နေရသော အခြေအနေပင်ဖြစ်သည်။ ထွန်းသစ်စ ဈေးကွက် ငွေကြေးများအားလုံး (ချမ်းသာသောနိုင်ငံများမှ ငွေကြေးများအပါအဝင်) ကို အားပြိုင်ပြီး အမေရိကန်ငွေ မာလာခြင်းသည် ဆုံးရှုံးနိုင်ခြေဆိုင်ရာ ပူပန်မှုများ ကြီးထွားလာခြင်းကို ထင်ဟပ်နေသည်။ နှစ်ပရိစ္ဆေဒကြာ သက်တမ်းရှိပြီဖြစ်သည့် မြင့်မားသော ဆုံးရှုံးနိုင်ခြေဆိုင်ရာ ယူဆချက်များအရ ငွေဖေါ်လွယ်သော အန္တရာယ် ကင်းသည့် ပိုင်ဆိုင်မှု သို့မဟုတ် အမေရိကန်ဒေါ်လာနောက်သို့ လိုက်ကြမည်ဖြစ်ပြီး အခြားငွေကြေးများနှင့် ၎င်း၏နှိုင်းယှဉ်မှုဈေးနှုန်း (ငွေလဲလှယ်နှုန်း)ကို တွန်းတင်မည်ဖြစ်သည်။ လက်တွေ့တွင် အမေရိကန်ဒေါ်လာသည် ၎င်း၏ အရေးအပါဆုံး ပြိုင်ဖက်အစစ် ခေတ်အဆက်ဆက်ဖြစ်ခဲ့သည့် ရွှေကိုပင် အားပြိုင်ပြီး ဈေးတက်နေသည်။
၂။ အဆင့်တူ အခြား ငွေကြေးများ၏ ဈေးနှုန်းအတက်အကျကို အခြေခံသော စာရေးသူ၏ ခန့်မှန်းချက်မှာ လတ်တလော ကျပ်ငွေတန်ဖိုးကျဆင်းခြင်း၏ ၈၀ ရာခိုင်နှုန်းကျော်သည် အထက်ဖေါ်ပြပါ ငွေကြေးများအားလုံး ရင်ဆိုင်နေရသည့် အခြေအနေကြောင့်ဖြစ်သည်။
၃။ ထို့ကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း (၁၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ဖြစ်၍ အချို့ ငွေကြေးတန်ဖိုးကျခြင်းနှင့်ယှဉ်လျှင် များစွာနည်း) သည် အခြားငွေကြေးများ တန်ဖိုးကျသည့် သဘောအတိုင်းသာဖြစ်သည်။ သို့သော် ကျပ်ငွေသည် အင်ဒိုနီးရှား ရူပီးယား( ၈ ရာခိုင်နှုန်းခန့်ကျ)၊ အန္ဒိယ ရူပီး (၈ ရာခိုင်နှုန်းခန့်ကျ) တို့ထက် အနည်းငယ် ပိုမိုကျဆင်းသည်မှာ မှန်သည်။
၄။ မည်သည့်အတွက် (အဆိုပါ ငွေကြေးများထက်) ကျပ်ငွေတန်ဖိုး အနည်းငယ် ပိုမိုကျဆင်းရသနည်း။
(က) မြန်မာနိုင်ငံသည် ထွန်းသစ်- emerging ဈေးကွက်မဟုတ်သေးဘဲ ဖွံ့ဖြိုးမှုနိမ့်သော – frontier အစွန်အဖျား ဈေးကွက်သာ ဖြစ်နေသေးသည်။ ထို့ကြောင့် ကျပ်ငွေသည် ထွန်းသစ်စဈေးကွက် ငွေကြေးများလောက် ကျယ်ကျယ်ပြန့်ပြန့် ငွေဖြစ်လွယ်ခြင်း မရှိဟု မြင်ကြသည်။ အနှစ်သာရအားဖြင့် ဆိုရပါက မြန်မာနိုင်ငံနယ်စပ်ကို ကျော်လွန်သွားလျှင်ပင် ကျပ်ငွေသည် ငွေဖြစ်လွယ်ခြင်း လုံးဝမရှိတော့ဘဲ အာမခံနိုင်မှု အန္တရာယ် ပိုမိုမြင့်မားသည်။ အလားတူစွာပင် မြန်မာနိုင်ငံသည်လည်း အခြားနိုင်ငံများထက် ဆုံးရှုံးနိုင်ခြေ အနည်းငယ် ပိုမိုမြင့်မားသည်ဟု သတ်မှတ်ကြသည်။ စီးပွားရေး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းတွင်လည်း အခြားနိုင်ငံများထက် နိမ့်ကျနေသည်။
(ခ) အခြား ဒေသတွင်း နိုင်ငံများနှင့် ယှဉ်လျှင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် အနည်းငယ် ပိုမို မြင့်မားနေသည်။ ထို့ကြောင့်ပင် အမှန်တကယ် ငွေလဲလှယ်နှုန်းနှင့် ဝယ်ယူနိုင်စွမ်း ကွာခြားမှုနှုန်း – purchasing power parity ကို ထိန်းထားနိုင်ရန် ကျပ်ငွေ၏ သတ်မှတ်တန်ဖိုးကျဆင်းမည်ဟု မျှော်လင့်နိုင်သည်။
(ဂ) လတ်တလော ကျပ်ငွေတန်ဖိုး ကျဆင်းစေသော လုပ်ငန်းဆိုင်ရာ အချက်အလက်အချို့လည်း ရှိနေသည်။ ဥပမာဆိုရပါက တရုတ်နိုင်ငံသို့ သကြား၊ ဒီဇယ် တစ်ဆင့်ခံ တင်ပို့ခြင်း စတင်နေချိန်ဖြစ်သည်။ ထို့ကြောင့် သကြားနှင့် ဒီဇယ်ကို တင်သွင်းသောအခါ မြန်မာနိုင်ငံမှ နိုင်ငံခြားငွေများ စီးထွက်သွားပြီး ပြန်လည်တင်ပို့သောအခါ ထိုနိုင်ငံခြားငွေကို ပြန်လည်မရရှိပါ။ အကြောင်းမှာ ထိုလုပ်ငန်းမှ ကုန်သည်များသည် ၎င်းတို့ရရှိသောငွေကို နယ်စပ်တစ်ဖက်ရှိ ရောင်းဝယ်နိုင်ခြင်း မရှိသော တရုတ်ငွေစာရင်းများတွင် အများအားဖြင့် သိမ်းထားကြသည်။ ပြည်တွင်းဘဏ်များသည်လည်း အလားတူ ပြဿနာ ရှိသည်။ ၎င်းတို့၏ လက်ခံရရှိထားသည့် အမေရိကန်ဒေါ်လာများကို ပြည်ပဘဏ်ရှိ ၎င်းတို့၏ စာရင်း nostro accounts မှ တကယ် ပြန်မလွှဲသောကြောင့် နိုင်ငံခြားငွေ လက်ကားဈေးကွက်တွင် အသုံးပြုနိုင်သော အမေရိကန်ဒေါ်လာကို အကန့်အသတ်ဖြစ်စေသည်။
အထက်ပါ အချက်များ အားလုံးကြောင့် မည်သို့လုပ်ဆောင်ရမည်နည်း။ စာရေးသူ၏ အမြင်တွင်မူ အထက်ပါ လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ပြန်လည်သုံးသပ် ပြင်ဆင်ရမည်ဖြစ်သည်။ သို့သော် ထို့ထက်ပိုပြီး အခြားမည်သည့်အရာမျှ မဟုတ်။
အခြား ထွန်းသစ်စ ဈေးကွက်များနှင့် မတူသည့်အချက်မှာ မြန်မာနိုင်ငံတွင် (ပုဂ္ဂလိက ကဏ္ဍအပါအဝင်) နိုင်ငံခြားငွေဖြင့် သတ်မှတ်သည့် ကြွေးမြီ အနည်းငယ်သာ ရှိခြင်းဖြစ်သည်။ ထို့ကြောင့် လတ်တလော ငွေလဲနှုန်းကျဆင်းခြင်းသည် ၁၉၉၇/၉၈ အာရှ စီးပွားရေးနှင့် ဘဏ္ဍာရေး အကျပ်အတည်းကဲ့သို့သော အခြေအနေမျိုးကို ဖြစ်ပေါ်စေမည်မဟုတ်ပေ။ အလေးအနက်ပြောရလျှင် ထိုအကျပ်အတည်းပေါ်ပေါက်ရခြင်းမှာ ဒေသတွင်း ငွေကြေးများ တန်ဖိုးကျဆင်းပြီး အဓိက ပြဿနာမှာ နိုင်ငံခြားငွေကြေးဖြင့် သတ်မှတ်သည့် ကြွေးမြီ အများအပြား ရှိနေခြင်းကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေကြေးဖြင့် သတ်မှတ်သည့် ကြွေးမြီ အမြောက်အမြား မရှိပါ။
မည်သို့ဆိုစေ နောက်ဆုံး ဘာတွေ လုပ်နိုင်မလဲ။
မြန်မာနိုင်ငံတွင် ၎င်းင်း၏ငွေကြေးကို ကာကွယ်ရန် လုံလောက်သော နိုင်ငံခြားသုံး အရန်ငွေမရှိပါ။ ရှိသော အမေရိကန်ဒေါ်လာဖြင့် ကျပ်ငွေကို ဝယ်ပြီး ဈေးတက်အောင်လုပ်လျှင် ထို အရန်ငွေသည် အလျင်အမြန် ကုန်ခန်း သွားမည်ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် ငွေဈေးကို အရှင်မျှောထားရန် လိုအပ်ချက်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ကျပ်ငွေ၏ တရားဝင်တန်ဖိုးကို အုပ်ချုပ်ရေးအမိန့်ဖြင့် ကြေညာသတ်မှတ်လျှင် (ထိုဈေးအတိုင်း မရောင်းဝယ်သူများကို ဖမ်းလျှင်) မှောင်ခိုဈေးကွက် နောက်တစ်ကြိမ် ချက်ခြင်းပေါ်လာမည်ဖြစ်သည်။
နိုင်ငံခြားငွေဈေး နှုန်းရှင်မျှောခြင်းသည် အကျိုးကျေးဇူး များစွာဖြစ်စေနိုင်သည်။ ဩစတြေးလျ ( အခြားနိုင်ငံများလည်း အပါအဝင်) တို့သည် ထိုအချက် မှန်ကြောင်းကို လွန်ခဲ့သော နှစ် ၃၀ လုံး ပြသခဲ့ပြီးဖြစ်သည်။ ၁၉၈၃ ခုနှစ်က ဩစတြေးလျ ဒေါ်လာကို နှုန်းရှင်မျှောရန် ဆုံးဖြတ်ချက်သည် နိုင်ငံ၏ မည်သည့်ခေတ်၊ မည်သည့်နေရာမဆိုထက် ပိုမိုရှည်ကြာသည့် ရေရှည်စီးပွားရေး တိုးတက်မှုလမ်းကြောင်းပေါ်သို့ တွန်းတင်ပေးရာတွင် အခြားမည်သည့် စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆုံးဖြတ်ချက်ထက်မဆို ပိုမိုအရေးပါသည်။
ထို့ကြောင့် စာရေးသူ၏ အမြင်မှာ စိတ်အေးအေးထားပြီး ရှေ့ဆက်လျှောက်ရန်သာ ဖြစ်သည်။ အခြားသော အကြောင်းများကြောင့် လိုအပ်နေသော ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့် ဆောင်ရွက်ပြီး နိုင်ငံခြားငွေလဲနှုန်းကို အသာလွှတ်ထားပေးရမည်ဖြစ်သည်။ ထိုသို့ပင် ဖြစ်လာနိုင်ပေလိမ့်မည်။
ဧရာဝတီ