နှစ်သစ်ကူး ရုံးပိတ်ရက် နီးလာချိန် ဆက်တိုက်ကျနေတဲ့ဒေါ်လာတန်ဖိုး


04 April, 2019

နှစ်သစ်ကူး ရုံးပိတ်ရက် နီးလာချိန် ပြည်တွင်းငွေကြေးဈေးကွက်မှာ ကန်ဒေါ်လာတန်ဖိုး ဆက်တိုက်ကျဆင်းပြီး ဧပြီ ၃ ရက်က တစ်ဒေါ်လာကို ၁,၄၈၀  ရောက်ရှိကာ ကျပ်ငွေတန်ဖိုး မြင့်တက်လာပါတယ်။

မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဒေါ်လာတန်ဖိုး ကျဆင်းရခြင်းဟာ ပြည်ပမှ သွင်းကုန်ပစ္စည်းများ တင်သွင်းမှုလျော့နည်းခြင်းကြောင့်လို့ ပြောပါတယ်။ ဒါ့ပြင် ဆောက်လုပ်ရေးပစ္စည်းတွေ၊ လူသုံးကုန်တွေ တင်သွင်းတာနည်းတာကြောင့်လို့လည်း ပြောပါတယ်။

ပြည်တွင်းငွေကြေးဈေးကွက် နဲ့ နီးစပ်စွာ သတ်မှတ်လိုတဲ့ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းက ဧပြီ ၃ ရက်မှာ တစ်ဒေါ်လာကို ၁,၅၀၈ ကျပ် သတ်မှတ်ခဲ့ပါတယ်။

ဒေါ်လာတန်ဖိုး ကျဆင်းနေခြင်းကြောင့် ပြည်တွင်းငွေကြေးဈေးကွက်မှာ ဒေါ်လာဝယ်လိုအား လျော့နည်းစေတယ်လို့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ဒေါ်လာတန်ဖိုးကျဆင်းနေသလို ပြည်တွင်းရွှေဈေးနှုန်းမှာလည်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ဆယ်သိန်းလေးသောင်းခန့် ဈေးရှိနေပါတယ်။ ကမ္ဘာ့ရွှေဈေးနှုန်းကလည်း တစ်အောင်စကို ၁,၂၉၃ ဒေါ်လာဈေး ရှိပါတယ်။

မတ်လအတွင်းက ပြည်တွင်းရွှေဈေးမှာ ကျပ်ဆယ်သိန်းခြောက်သောင်းခန့်ရှိပေမယ့်လည်း ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် လက်ရှိပြည်တွင်းရွှေဈေး လိုက်ပါ ကျဆင်းခြင်းဖြစ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောပါတယ်။

7Day Daily

Banking & Loan Read 921 times