ပြည်တွင်းစက်သုံးဆီဈေး ပြန်တက်လာရန်ရှိ


10 January, 2019

တစ်လကျော်ကာလအတွင်း တစ်လီတာလျှင် ကျပ် ၁၅ဝ ဝန်းကျင်ခန့် ကျဆင်းသွားခဲ့သည့် ပြည်တွင်းစက်သုံးဆီဈေးများ ရက်အနည်းငယ်အတွင်း ပြန်လည်မြင့်တက်လာဖွယ်ရှိနေကြောင်း ပြည်တွင်း စက်သုံးဆီ လက်လီအရောင်းဆိုင်များ အသိုင်းအဝိုင်းက ထုတ်ဖော်ပြောကြားကြသည်။ကျဆင်းနေလျက်ရှိသည့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများသည် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂ဝ ရက်က ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ စက်သုံးဆီ ဈေးကျဆင်းခြင်းနှင့်အတူ လိုက်ပါကျဆင်းခဲ့ခြင်းဖြစ်သည်။ သို့သော် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများသည် ဇန်နဝါရီ ၃ ရက်မှစတင်ကာ မြန်လည်မြင့်တက်လာနေလျက်ရှိရာ ပြည်တွင်းလက်လီဈေးနှုန်းများမှာလည်း ပြန်လည်မြင့်တက်လာဖွယ်ရှိနေသည်ဟု ရတနာကောင်းကင် စက်သုံးဆီဆိုင်၏ တာဝန်ခံ ဦးစိုင်းဝမ်းလှိုင်က ပြောသည်။

 ''အခုစက်သုံးဆီဈေး ကျနေတယ်ဆိုတာက ကမ္ဘာ့ဈေးကျလို့ လိုက်ချပြီးရောင်းထားတဲ့ဈေးပါ။ ဒါပေမဲ့ ကမ္ဘာ့ဈေးကွက်မှာက ဇန်နဝါရီ ၂ ရက်ကတည်းက ဈေးတွေပြန်တက်လာနေတယ်။ ဒီအခြေအနေအတိုင်းဆို တစ်ပတ်လောက်အတွင်းမှာ ပြည်တွင်းဈေးကလည်း အများကြီးပြောင်းတာမျိုးမဟုတ်ပေမဲ့ ပြန်တက်လာလိမ့်မယ်ထင်တယ်''ဟု ဦးစိုင်းဝမ်းလှိုင်က ပြောသည်။

ပြည်တွင်းစက်သုံးဆီလက်လီဈေး ရန်ကုန်နှုန်းထားများကို ကြည့်လျှင် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်က 92 ဓာတ်ဆီ ၈၅၅ ကျပ်၊ 95 ဓာတ်ဆီ ၉၂၅ ကျပ်၊ ဒီဇယ် ကျပ် ၁,ဝ၁ဝ နှင့် ပရီမီယံဒီဇယ် ၁,ဝ၂၅ ကျပ် ဖြစ်သည်။ ယခု ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် 92 ဓာတ်ဆီ ကျပ် ၇ဝဝ ၊ 95 ဓာတ်ဆီ ၇၈၅ ကျပ်၊ ဒီဇယ် ကျပ် ၈၉ဝ နှင့် ပရီမီယံဒီဇယ် ကျပ် ၉ဝဝ ဈေးများဖြင့် အကျဘက်သို့ ရောက်နေခဲ့သည်။ကမ္ဘာ့ဈေးကွက်အနေအထားအရ ကမ္ဘာ့ရေနံစိမ်း (Crude Oil) တစ်စည်ဈေးနှုန်းသည် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က ၄၉ ဒသမ ၃၄ ကန်ဒေါ်လာဈေးနှုန်းရှိခဲ့ရာမှ ဒီဇင်ဘာ ၂၆ ရက်တွင် ၄၂ ဒသမ ၆၂ ဒေါ်လာအထိ ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်သည်။ သို့သော် ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်တွင် ၄၇ ဒသမ ၁၆ ဒေါ်လာအထိ ပြန်လည်မြင့်တက်လာသည်။ ယခုဇန်နဝါရီ ၈ ရက်တွင် ၄၉ ဒသမ ၃ဝ ဒေါ်လာအထိ ပြန်လည်မြင့်တက်လာနေလျက်ရှိသည်ဟု investing.com ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။

 ''ဆီဈေးတွေကျနေတော့ ပိတ်ရက်တွေ ကားငှားပြီး ခရီးထွက်မယ်တောင်ကြံနေတာ။ ပြန်တက်လာဖို့ရှိတယ်ဆိုတော့ မကောင်းဘူးပေါ့။ အများကြီးမတက်ရင် အကြောင်းမဟုတ်ပေမဲ့ ဈေးအရမ်းများလာရင်တော့ ခရီးဝေးသွားတဲ့အခါ အရမ်းသိသာတယ်။ ပြန်တော့မတက်စေချင်ဘူး''ဟု အသက် ၃ဝ ဝန်းကျင်ရှိ ဦးဇင်မျိုးက ပြောသည်။လက်ရှိရောင်းချနေသော ဆီအများစုမှာ ကမ္ဘာ့စက်သုံးဆီဈေး ကျဆင်းချိန်တွင် တင်သွင်းထားသည့် အခြေအနေများကြောင့် လက်လီဈေးနှုန်းများသည် အကျဘက်တွင် ဆက်လက်ရှိနေခြင်းဖြစ်သည်ဟုလည်း လက်လီရောင်းချသူများက ပြောသည်။

ဒေါ်လာဈေးနှုန်းအကျဘက်တွင် ဆက်လက်ရှိနေမည်ဆိုပါက စက်သုံးဆီဈေး ပြန်လည်မြင့်တက်လာသော်လည်း များစွာကွာဟသည့်နှုန်းထားသို့ မရောက်ရှိသည့် အခြေအနေတွင်ရှိနိုင်သည်ဟုလည်း လက်လီအရောင်းဆိုင်တာဝန်ရှိသူများက သုံးသပ်ကြသည်။ယနေ့ ဇန်နဝါရီ ၈ ရက်တွင် ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားသည် တစ်ဒေါ်လာလျှင် ပြင်ပဈေးကွက်ပေါက် ၁,၅၃၅ ကျပ်နှင့် ဗဟိုဘဏ်ရည်ညွှန်းနှုန်း ၁,၅၃၇ ကျပ်ဈေးများဖြင့် ရှိနေသည်။

Myanmar Time

Local News Read 509 times