ပဲဈေးကွက်တွင် ကုန်ကျစရိတ်၏ ၃၀ရာခိုင်နှုန်းပါထပ်ပေါင်း၍ ဈေးဖွင့်ဝယ်ယူရန် မြန်မာနှင့်အိန္ဒိယညှိနှိုင်း


28 November, 2018

ပဲဈေးကွက်တွင် ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ကုန်ကျစရိတ်၏ ၃၀ ရာခိုင်နှုန်းပါ ထပ်ပေါင်း၍ ဈေးဖွင့် ဝယ်ယူရန် မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့ ညှိနှိုင်းဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေး၊ သတ္တမနေ့တွင် ပြောကြားခြင်းဖြစ်သည်။အုတ်တွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုမေးမြန်းသော ဆန်စပါးနှင့် ပဲမျိုးစုံအပါအဝင် လယ်ယာထွက်ကုန်သီးနှံများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကို တောင်သူများတွက်ချေကိုက်သည့် ဈေးကွက်နှင့် ဈေးနှုန်းရရှိအောင် ပြည်ပဈေးကွက်များသို့ ပိုမိုထိုးဖောက်ဝင်ရောက်လာနိုင်စေရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းအပေါ် ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 “အိန္ဒိယနိုင်ငံနဲ့ ကျနော်တို့ G to G စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် ကျနော်တို့ ကြိုးပမ်းလျက်ရှိပါတယ်။ စာချုပ်ချုပ်ဆိုမယ်ဆိုရင် အိန္ဒိယဘက်ကပေးမယ့် ဈေးဟာထုတ်လုပ်မှု ကုန်ကျစရိတ်ရယ်။ အဲဒီထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ထပ်ပြီးတော့ ၃၀ ရာခိုင်နှုန်းပေါင်းတဲ့ ဈေးနဲ့ သာလျှင် ဝယ်ယူဖို့ရှိပါတယ်။ အဲ့ဒီ G to G စာ ချုပ်ချုပ်ဆိုရာမှာ ထုတ်လုပ်မှု ကုန်ကျစရိတ် အပေါင်း ၃၀ ရာခိုင်နှုန်းနဲ့ ရောင်းချနိုင်အောင်လို့ ညှိနှိုင်းသွားမှာဖြစ်ပါတယ်။ အဲဒီလိုညှိနှိုင်းမယ်ဆိုရင်တော့ လက်ရှိပေါက်ဈေးထက် ပိုမိုပြီးနိမ့်ကျတာမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု ဒုတိယဝန်ကြီးကဆိုသည်။

ပဲစိုက်တောင်သူများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ထက် ထပ်မံ၍ ၃၀ ရာခိုင်နှုန်းပေါင်းသည့် ဈေးဖြင့်သာ ဝယ်ရန်အတွက် အချို့ကုန်သည်များကမူ သဘောတူမှုမရှိကြောင်း၊ ယင်းသို့ သတ်မှတ်ပြီး စာချုပ်ချုပ်လိုက်မည် ဆိုပါက ယခင်ကဲ့သို့ ပဲတစ်တန် ၃ သိန်းအထိ ဈေးကျမည်မဟုတ်သဖြင့် တောင်သူများအတွက် ခုသာခံသာရှိ မည့်အခြေအနေဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲဒီလို ညှိနှိုင်းမယ်ဆိုရင်တော့ လက်ရှိ ပေါက်ဈေးထက် ပိုမိုပြီး နိမ့်ကျတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခါကျတော့ ကျနော်တို့အနေနဲ့ ဈေးကွက်အသစ်များဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံ ဈေးကွက်များကိုလည်း ရှာဖွေလျက်ရှိပါတယ်။ မကြာခင်မှာ နီပေါနိုင်ငံမှာ ကုန်စည်ပြပွဲကိုသွားရောက်ပြီး နီပေါဈေးကွက်ကို ထိုးဖောက်ဖို့ အတွက် ကျနော်တို့အနေနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါတယ်”ဟု ဆိုသည်။

လက်ရှိပေါက်ဈေးများမှာ ပဲတီစိမ်း တစ်တန်လျှင် ၁၂ သိန်းခန့်ရှိပြီး ပဲစင်းငုံတစ်တန်လျင် ကိုးသိန်းခန့် ရှိကြောင်း၊ ထို့အတူ မတ်ပဲ တစ်တန် လျှင် ၈ သိန်းခန့်ရှိကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်သို့ တင်ပြခဲ့သည်။

 

Export, Import Read 1802 times