တရုတ်နိုင်ငံက သကြားဝယ်ယူမှု မရှိတော့ခြင်းကြောင့် ပြည်တွင်းက ထွက်ရှိတဲ့ သကြားအပြင် ပြည်ပကတင်သွင်းထားတဲ့ သကြားများပါ စုပုံနေပြီးအရောင်းအဝယ်တန့်နေခြင်းကြောင့် ငွေကြေးလည်ပတ်မှု နှေးကွေးနေကာ ကုန်သည်များအနေဖြင့် ကြံဖိုးပေးချေရန်အတွက်ပင် အခက်အခဲဖြစ်နေတယ်လို့ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။
အဆိုပါ အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက “သကြားတွေက ပြည်တွင်းမှာစုပုံနေပြီး မရောင်းရတဲ့အခြေအနေ ဖြစ်နေတယ်။ ဈေးကလည်း တစ်ပိဿာကို ကျပ် ၁၀၀၀ အောက်ရောက်နေတော့ ကုန်သည်ရော၊ စိုက်ပျိုးသူတွေရော အဆင်မပြေကြဘူး။ ကုန်သည်တွေအတွက် အရောင်းအဝယ်မရှိတာကြောင့် ငွေကြေးလည်ပတ်မှုက နည်းသွားတယ်။ ကြံဖိုးငွေတွေ ပေးချေဖို့တောင် အခက်အခဲဖြစ်နေကြတယ်။ အဲ့ဒါကြောင့်တရုတ်ကို ဘာတာစနစ် (ကုန်ပစ္စည်းချင်းဖလှယ်သည့်စနစ်)နဲ့ တင်ပို့တဲ့အခါမှာ သကြားကိုလည်း ထည့်သွင်းပေးဖို့ စာတင်ထားပါတယ်” လို့ ပြောပါတယ်။
တရုတ်နိုင်ငံက သကြားဝယ်ယူမှု ရပ်တန့်ထားသည်မှာ ခုနစ်လကျော် ကြာနေပြီဖြစ်ခြင်းကြောင့် ပြည်ပက တင်သွင်းထားတဲ့ Re-Export သကြားများ စုပုံနေပြီး တစ်တန်လျှင် ကျပ် ၅၀၀၀၀ ခန့်အထိ လုပ်ငန်းရှင်များ အရှုံးပေါ်နေသလို ပြည်တွင်းသကြားဈေးမှာလည်း တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ခန့်သာ ရှိနေသဖြင့် ကုန်သည်များ အဆင်မပြေဖြစ်နေကြတယ်လို့ သိရပါတယ်။
ဦးဝင်းဌေးက “မူဆယ်မှာ သကြားတွေ စုပုံနေတဲ့အတွက် တရုတ်ကုန်သည်တွေ သကြား ဆက်မဝယ်တော့မှာကို စိုးရိမ်နေကြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက MOU ထိုးတဲ့အခါမှာလည်း မနှစ်ကလို မူကြမ်းက ရှင်းရှင်းလင်းလင်းမရှိဘဲ ဆန်နဲ့ တခြားလယ်ယာထွက်ကုန်တွေဘဲပါတဲ့အတွက် သကြားလုပ်ငန်းရှင်တွေ စိတ်ပူနေကြပါတယ်“ လို့ပြောပါတယ်။
လက်ရှိ မူဆယ်မှာ တရုတ်နိုင်ငံက ဝယ်ယူမှု ရပ်တန့်ထားခြင်းကြောင့် ကုန်ပစ္စည်းသိုလှောင်ရုံများမှာ ပြည့်လျှံနေပြီး သိုလှောင်တဲ့နေရာ မလုံလောက်မှု အခြေအနေများနဲ့ ကြုံတွေ့နေရကြောင်း၊ ဒီအတိုင်း ဆက်လက်ဖြစ်နေရင် ကုန်သည်များ အနေဖြင့် ဆက်လက်တောင့်ခံနိုင်မယ့် အခြေအနေ နည်းပါးလာတော့မယ်လို့ မူဆယ်မြို့ရှိ ကုန်သည်များမှ ပြောပါတယ်။
မူဆယ်၊ နမ့်ခမ်းနယ်စပ် ကုန်သွယ်ရေးအသင်းက တာဝန်ရှိသူတစ်ဦးက “မူဆယ်နယ်စပ်မှာ သကြား၊ ဆန်၊ ပြောင်းတွေကို ကုန်စည်ဒိုင်တွေနဲ့ ဖွင့်လှစ်ရောင်းချပေမယ့် ဝယ်ယူမှုမရှိတော့ သိုလှောင်ရတယ်။ မဝယ်တဲ့အချိန်က တဖြည်းဖြည်းကြာလာတော့ သိုလှောင်ရုံတွေ ပြည့်လာပြီး အခုလို လုံလောက်မှုမရှိတော့တဲ့ အထိ ဖြစ်လာတယ်။ သိုလှောင်ရုံငှားတဲ့ ဈေးနှုန်းတွေကလည်း မြင့်တက်လာသလို၊ သိုလှောင်မှု ကြာရှည်စွာထားတဲ့အတွက် ပျက်စီးမှုတွေနဲ့လည်း ကြုံတွေ့လာရပါပြီ။ တော်တော်လေးကို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်” လို့ပြောပါတယ်။
ယခုအခြေအနေများ ဖြစ်ပေါ်နေခြင်းကို နိုင်ငံတော်က တရားဝင် တင်ပို့ရောင်းချနိုင်ရန် ဆောင်ရွက်ပေးမှသာလျှင် အဆင်ပြေမှာ ဖြစ်တယ်လို့ ကုန်သည်များက ပြောပါတယ်။
The Farmer Myanmar