ပြည်ပက တင်သွင်းတဲ့ အရည်အသွေးနိမ့် ပစ္စည်းတွေကို ထိရောက်စွာ ကာကွယ်နိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ သံနှင့် သံမဏိစံချိန်စံညွှန်း Myanmar Industrial Standard ကို သည်နှစ်မှာ စတင်ရေးဆွဲမယ်လို့ စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးဦးကံချွန်က ပြောပါတယ်။
သူက “ နိုင်ငံတကာကနေ တင်သွင်းနေတဲ့ သံနဲ့ သံမဏိပစ္စည်းတွေဟာ အရည်အသွေးနိမ့်တဲ့အတွက် နိုင်ငံက အသုံးပြုသူတွေအတွက် စံချိန်စံညွှန်းမညီလို့ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အန္တရာယ်လဲရှိပါတယ်၊ ဒါ့ကြောင့်မို့လို့ မြန်မာနိုင်ငံ သံနဲ့သံမဏိပစ္စည်းတွေ ထုတ်လုပ်မှုကို အားပေးရာနဲ့ ကာကွယ်ပေးရာရောက်အောင် သံနဲ့ သံမဏိစံချိန်စံညွှန်းက မဖြစ်မနေ ရေးဆွဲဖို့ လိုအပ်နေတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးကဏ္ဍဟာ အရေးပါတဲ့ကဏ္ဍတစ်ရပ်အဖြစ်ရှိနေပြီး ဆောက်လုပ်ရေးလုပ်ငန်းမှာသုံးတဲ့ သံနဲ့သံမဏိပစ္စည်းများ သတ်မှတ်စံချိန်စံညွှန်းနဲ့ ကိုက်ညီဖို့ လိုအပ်လို့ ပြည်တွင်းမှာ အရည်အသွေးပြည့်မီတဲ့ စံချိန်မီ သံနဲ့ သံမဏိပစ္စည်းများထုတ်လုပ်နိုင်ရန်နဲ့ ပြည်ပမှ အရည်အသွေးနိမ့်တဲ့ သံနဲ့ သံမဏိ ပစ္စည်းများ တင်သွင်းအသုံးပြုမှုကို ထိန်းချုပ်နိုင်ဖို့ရည်ရွယ်ပြီး ၂၀၁၉ခုနှစ်၊ ဧပြီလမှစပြီး ၂၀၂၁ အထိ ဂျပန် နဲ့ ထိုင်းက ပညာရှင်တွေ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ သံနှင့်သံမဏိ စံချိန်စံညွှန်းများ Myanmar Industrial Standard ကို ရေးဆွဲသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း (MISA) ဥက္ကဋ္ဌ ဒေါက်တာကေသီလွင်က “ပြည်တွင်းလိုအပ်ချက်ရဲ့ ငါးရာခိုင်နှုန်းလောက်ပဲ local production ရှိတယ်၊ ၉၅ ရာခိုင်နှုန်းက နိုင်ငံခြားကနေပြီး တင်သွင်းနေရတယ်၊ သွင်းကုန်ပစ္စည်းတွေရဲ့ quality တွေအတွက် standard မရှိတော့ မကာကွယ်နိုင်ဘူး၊ low grade တွေ သွင်းလာတယ်” လို့ ပြောပါတယ်။ နိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ ပြည်တွင်းထုတ်လုပ်မှုကို သည်လောက်ပဲ ထုတ်လုပ်နိုင်ပေမဲ့ နောက်ပိုင်းမှာ ထုတ်လုပ်မှုကိုမြှင့်တင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
ထုတ်လုပ်မှုမြှင့်တင်မယ်ဆိုရင် processing technology မြင့်တာနဲ့အမျှ ဈေးနှုန်းက မြင့်တက်သွားမှာဖြစ်ပြီး ပြည်တွင်း ထုတ်လုပ်မှု အဆင်ပြေအောင် ပြည်ပသွင်းကုန်တွေကို standard တစ်ခုနဲ့ ထိန်းချုပ်လို့ရအောင် ဆွေးနွေးဖို့လည်းလိုအပ်နေတယ်လို့ သိရပါတယ်။
ဦးကံချွန်က 'မြန်မာနိုင်ငံကို တင်သွင်းတဲ့သံနဲ့သံမဏိပစ္စည်းတွေရဲ့ စံချိန်စံညွှန်းနဲ့ အရည်အသွေးကို စမ်းသပ်စစ်ဆေးဖို့ ဓာတ်ခွဲခန်းမရှိသေးတာကြောင့် ဈေးနှုန်းနဲ့ အရည်အသွေးတွေမှာ အနိမ့်ဆုံး ဖြစ်နေတယ်”လို့ ပြောပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အဆင့်အနေနဲ့ ပြည်တွင်းထုတ် သံနဲ့ သံမဏိပစ္စည်းတွေနဲ့ ပြည်ပမှ သွင်းကုန်တွေကို စစ်နိုင်ဖို့အတွက် ဓာတ်ခွဲခန်းတည်ဆောက်နိုင်ဖို့ ကူညီပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry (METI) ဒုတိယညွှန်ကြားရေးမှူး Tadayoshi HIRAKI က 'ဒီစံချိန်စံညွှန်းကို ဘယ်ချိန်အပြီးသတ်မယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး၊ နှစ်နိုင်ငံဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းလုပ်ရမယ့်ကိစ္စဖြစ်တော့ နှစ်ဖက်စလုံးအားစိုက်လုပ်ရင် မြန်မြန်ပြီးမှာပါ၊ သံမှာ မျိုးစုံရှိတယ်၊ ဂျပန်မှာသုံးတဲ့နည်းကို မြန်မာနိုင်ငံကို ယူလာတာမဟုတ်ဘဲနဲ့ ဒီနိုင်ငံနဲ့ကိုက်ညီတဲ့အခြေအနေနဲ့ စဉ်းစားပြီး လုပ်သွားမယ်” လို့ပြော ပါတယ်။
Kumudra