ယခု လဆန်းမှစတင်ကာ ရန်ကုန်မြို့၊ ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း အလှူတွင် အသုံးများသည့် ငါးခြောက်များ ဈေးနှုန်းမြင့်တက်နေသော်လည်း ကျန်ငါးခြောက်များ အရောင်းအဝယ် အေးတာကြောင့် ဈေးနှုန်းကျဆင်းလာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဧရာနဒီပွဲရုံပိုင်ရှင်၏ ပြောကြားချက်အရ သိရပါတယ်။
သင်္ကြန်ကာလအတွင်း အလှူလုပ်ရာတွင် အသုံးများသည့် ငါးရောင်ခြောက်၊ ငါးရွှေခြောက်များမှာ ဈေးနှုန်းမြင့်တက်လာပြီး ငါးရောင်ခြောက် တစ်ပိဿာလျှင် ယခင်က ငွေကျပ် ၁၀၀၀၀ မှ ၁၁၀၀၀၊ ငွေကျပ် ၁၆၀၀၀ မှ ၁၇၀၀၀၊ ငွေကျပ် ၁၈၀၀၀ မှ ၂၀၀၀၀ အထိ ငွေကျပ် ၁၀၀၀ အသီးသီးမြင့်တက်ကာ ငါးရွှေခြောက်တစ်ပိဿာလျှင် ယခင်က ငွေကျပ် ၅၀၀၀ မှ ၈၀၀၀ အထိရှိခဲ့ရာ လတ်တလောတွင် ငွေကျပ် ၅၀၀ ဝန်းကျင် ဈေးမြင့်တက်လာကြောင်း သိရပါတယ်။
ဈေးကွက်အတွင်း ပုံမှန်အရောင်းအဝယ်ရှိသည့် ငါးနီတူငါးခြောက်တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ ဝန်းကျင်မှ ၆၀၀၀၊ အာပြဲခြောက် တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ မှ ၆၅၀၀ သို့ အသီးသီးဈေးနှုန်းကျဆင်းကြောင်း သိရပါတယ်။
"အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ။ အရင်နှစ်တွေထက်စာရင်တော့ ခပ်အေးအေးပဲသွားနေတယ်။ သင်္ကြန်ရက်လည်း သိပ်မကျန်တော့ဘူးဆိုတော့ အရမ်းကြီဈေးမတက်နိုင်ပါဘူး" ဟု ပွဲရုံပိုင်ရှင်က ပြေကြားခဲ့ပါတယ်။
ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်းမှ ငါးခြောက်များကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မုံရွာ၊ မြင်းခြံနှင့် တောင်ကြီး စသည့် ဒေသတို့မှ အဓိက ဝယ်ယူနေကြောင်း သိရပါတယ်။
လတ်တလောတွင် ငါးနီတူခြောက်များမှာ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သလာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ အများဆုံး ဝင်ရောက်လျက်ရှိပြီး အာပြဲခြောက်များမှာ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္လာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။
Myawaddy