စည်းမျဉ်းစည်းကမ်း ထုတ်ပြန်ရန်လိုအပ်နေသော အွန်လိုင်းအခြေပြု E-commerce လုပ်ငန်း


02 August, 2018

မြန်မာနိုင်ငံအနှံ့အပြား အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းရောင်းဝယ်ရေး ဆောင်ရွက်နေသော E-commerce လုပ်ငန်းများတွင်ကျယ်လာလျက်ရှိသော်လည်းအစိုးရ၏ ထိန်းကျောင်းမှု နှင့် လွတ်ကင်းလျက်ရှိခြင်းကြောင့် စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းကျောင်းရန် လိုအပ်လာနေသည်ဟု ပုဂ္ဂလိကစီးပွားရေးနယ်ပယ်က အကြံပြုမှုများ ရှိလာခဲ့ပါတယ်။

လက်ရှိတွင်အများအားဖြင့် လူမှုဆက်သွယ်ရေးကွန်ရက်တစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ်ကို အခြေပြုကာကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများရှိနေပြီး စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အခွန်ကင်းလွတ်မှုများရှိနေခဲ့ပါတယ်။ထိုကဲ့သို့ အခွင့်အရေးများ ချိုးဖောက်ခံရသည့်အတွက် စားသုံးသူများက စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ စားသုံးသူရေးရာ ဦးစီးဌာနသို့လည်း တိုင်ကြားမှုများ ရှိနေခဲ့ပါတယ်။

E-commerce ၏ လက်ရှိအနေအထား 

"အွန်လိုင်းဖေ့စ်ဘွတ်ခ်မှာ ပစ္စည်းရောင်းတာတွေကို တိုင်ကြားမှုတွေရှိတဲ့အခါ ဝက်ဘ်ဆိုက်တို့ Facebook တို့ကိုလိုက်ကြည့်ရင်ပျောက်သွားတယ် ဘာမှကိုလိုက်လို့မရဘူး စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအရလည်း ကာကွယ်ဖို့အခက်အခဲရှိတဲ့ အနေအထားဖြစ်တယ်။ ECommerce ကပြည်တွင်းမှာ အခြေအနေတစ်ခုကိုရောက်လာနေပြီဖြစ်သောကြောင့် လက်ကားရောင်းဝယ်ရေး (Wholesales) နဲ့ လက်လီ(Retail) ရောင်းတာလိုမျိုးတွေအတွက် စည်းမျဉ်းစည်းကမ်း လုပ်ထားတာမျိုး မရှိသေးဘဲGray (ဥပဒေနဲ့ ထိန်းကျောင်းမှု့ အားနည်းနေတဲ့အနေအထား) ဧရိယာအနေအထားမျိုး ဖြစ်နေတယ်" ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးမင်းမင်းက ပြောခဲ့ပါတယ်။

နည်းလမ်းများရှာဖွေ

ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများအတွက် လက်လီ၊ လက်ကားရောင်းချခွင့် နှင့် ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းများကိုစီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း E-commerce လုပ်ငန်းများ နှင့် ပတ်သက်၍ သီးခြားစည်းမျဉ်းစည်းကမ်းများ မရှိခဲ့သေးပေ။ E-commerce လုပ်ငန်းများကို ကိုင်တွယ်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းတို့ ပူးပေါင်းပြီးPublic Private Working Group ဖွဲ့စည်း၍ E-commerce လုပ်ငန်းများ ကိုင်တွယ်ထိန်းကျောင်းနိုင်ရေးအတွက် နည်းလမ်းများ ရှာဖွေသွားမည်ဖြစ်ကြောင်းကိုလည်း သိခဲ့ပါတယ်။

တရားဝင်မှတ်ပုံတင်ကာ နိုင်ငံတော်သို့ အခွန်ထမ်းဆောင်၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသူများ ရှိသော်လည်း အချို့မှာ အခွန်ထမ်းဆောင်ခြင်းမရှိဘဲ အွန်လိုင်းအခြေပြု၍ ဈေးနှုန်းလျှော့ချထားသော ကုန် ပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချနေခြင်းများ ရှိနေခဲ့ပါတယ်။ ထို့ကြောင့် ဈေးကွက်တွင်း ယှဉ်ပြိုင်ခြင်းတွင် တရားမျှတမှု မရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၃၀ ရက်တွင်ပြုလုပ်သည့် လက်လီ/လက်ကား ရောင်းချခွင့်ဆိုင်ရာ ရှင်းလင်းပွဲ၌ လုပ်ငန်းရှင်အချို့က ဝန်ကြီးဌာနသို့ တင်ပြခဲ့ကြပါတယ်။

"အပ်ကအစ ကားအထိ အွန်လိုင်းမှာရတော့ ဒီလိုရောင်းနေတဲ့လူတွေက အခွန်လွတ်နေမလား။ သူတို့က ဘာမှတ်ပုံတင်မှမလို၊ ဘာအခွန်မှ မလိုဘူး။ တကယ် မှန်မှန်ကန်ကန်လုပ်တဲ့သူတွေက အခွန်ဆောင်နေရမလား။ ဒါတွေ ထည့်စဉ်းစားဖို့ လိုပါတယ်။ ပြိုင်ဆိုင်ရတဲ့နေရာမှာ မျှတဖို့ လိုပါတယ်" ဟု ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်း ပြောပြချက်အရ သိခဲ့ရပါတယ်။

E-commerce လုပ်ငန်းများ နှင့် ပတ်သက်၍မှန်မှန်ကန်ကန် လုပ်ကိုင်သူများ ရှိသော်လည်းအချို့ ရောင်းမှား၊ဝယ်မှား ဖြစ်ပေါ်နေမှုများသည် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အခြေပြုလုပ်ဆောင်နေခြင်းဖြစ်၍ လိုက်လံစိစစ်ရန် မလွယ်ကူသည့်အတွက် E-commerce လုပ်ငန်းများတွင် စည်းမျဉ်းစည်းကမ်းများချမှတ်ကာ ထိန်းကျောင်းရန် လိုအပ်နေသည် ဟုမြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က ပြောခဲ့ပါတယ်။

"ဒါ (E-commerce)ကို ရပ်တန့်ပစ်လို့လည်း မရပါဘူး။ဒါကို အမိုး (ဥပဒေဘောင်ထဲ)အောက်ထဲရောက်လာအောင် ဘယ်လိုပုံစံမျိုးလုပ်မလဲ။ အခုအနေအထားက ရောင်းတဲ့သူ ဘယ်သူလဲဆိုတာကို မသိတဲ့အနေအထားမျိုး ဖြစ်နေတယ်။သူတို့ကို အသိအမှတ်ပြုလို့ရတဲ့ ပုံစံမျိုး လုပ်လို့ရမယ်။ ပြီးရင် အခွန်ကိစ္စတွေကို ချိတ်ဆက်ဆောင်ရွက်လို့ရမယ်" ဟုဦးမင်းမင်းက ပြောခဲ့ပါတယ်။

ကိုင်တွယ်ဖြေရှင်းမှု 

"Online Sales နဲ့ ပတ်သက်ပြီးဆက်စပ်ဌာနဆိုင်ရာတွေနဲ့ ဆွေးနွေးပြီးဒါတွေကို ဘယ်လိုကိုင်တွယ်မလဲ၊ နိုင်ငံတကာမှာရော ဒါတွေကို ဘယ်လိုကိုင်တွယ်နေလဲ လေ့လာနေပါတယ်။IMF နဲ့ World Bankက အကြံပေးတွေနဲ့လည်း ဆွေးနွေးနေပါတယ်" ဟု ပြည်တွင်းအခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးမင်းလွင်ဦးက ပြောပြချက်အရ သိခဲ့ရပါတယ်။လက်ရှိတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် သက်ဆိုင်ရာဝန်ကြီးဌာများ ပူးပေါင်းပြီး E-Commerce ဥပဒေ ထွက်ပေါ်လာရန် ရေးဆွဲလျက်ရှိပါတယ်။

Source:Myanmar time

Laws and Regulations Read 551 times