e-Government စနစ်အောင်မြင်ရန်ပထမအဆင့်အနေဖြင့် ပွင့်လင်းသောအစိုးရ(Open Government) ဖြစ်လာစေရန်ဆောင်ရွက်သွားရမည်ဟု နိုင်ငံတော်ဒုတိယသမ္မတဦးမြင့်ဆွေက နေပြည်တော်၌ကျင်းပ ပြုလုပ်သည့် e-Government Conference and ICT Exhibition 2018 ညီလာခံဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။
“ပွင့်လင်းတဲ့အစိုးရဆိုသည်မှာ နိုင်ငံသားတွေသိခွင့်ရှိသောအချက်အလက်တွေကို ဆောင်ရွက်ပေးတဲ့အစိုးရ၊ပြည်သူများအတွက် ရေးဆွဲတဲ့ပေါ်လစီများကို အားပေးသောအစိုးရဖြစ်ပါတယ်”ဟု e-Government ဦးဆောင်ကော်မတီဥက္ကဌ၊ နိုင်ငံတော်ဒုတိယသမ္မတဦးမြင့်ဆွေကပြောသည်။e-Government အကျိုးကျေးဇူးများသည် ပြည်သူများအနေဖြင့် အများနှင့်သက်ဆိုင်သောအချက်အလက်များကို ရယူသုံးစွဲနိုင်ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးနိုင်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေနိုင်ရန် ဖြစ်သည်ဟု၎င်းကဆိုပါတယ်။
ပထမအဆင့်အနေနှင့် ပွင့်လင်းသောအစိုးရ၊ ဒုတိယအနေနှင့် စွမ်းရည်ပြည့်ဝသည့်အစိုးရ(Competent Government)ဖြစ်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏ အရည်အသွေးနှင့် စွမ်းရည်များမြှင့်တင်ပေးခြင်း၊အစိုးရ ဌာနအချင်းချင်း သတင်းအချက်အလက်များကို လိုအပ်သလိုဖြန့်ဝေဖလှယ်ခြင်းခြင်းဖြင့် လုံခြုံရေးမကျိုးပေါက် စေရန် လိုအပ်သောမူဝါဒများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုခဲ့ပါတယ်။အထက်ပါ စနစ်အောင်မြင်ရန် e-Government ဦးဆောင်ကော်မတီက ဦးဆောင်၍ e-Government လုပ်ငန်းကော်မတီ၊ e-IDစနစ်လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ(၈)ခုကိုဖွဲ့စည်းကာ လုပ်ငန်းတာဝန်(၅)ရပ် ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
“နိုင်ငံရဲ့ ICT Industryကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ ဆော့ဝဲလ်များ၊ စက်ပစ္စည်းများနဲ့ နည်းပညာတွေ ပြည်ပနိုင်ငံများအပေါ်မှီခိုရမှု တဖြည်းဖြည်းနည်းပါးလာမှာဖြစ်ပါတယ်”ဟုဒုတိယသမ္မတက ဆက်လက်ပြောခဲ့ပါတယ်။e-Government Conference and ICT Exhibition 2018ညီလာခံ၌ ပြည်တွင်း၊ ပြည်ပနည်းပညာကုမ္ပဏီ(၄၀)ခန့်နှင့် ဝန်ကြီးဌာန(၁၀)ခုကျော် နည်းပညာဝန်ဆောင်မှုများကို ပြသခဲ့ပါတယ်။ကမ္ဘာ့ကုလသမဂ္ဂ၏ e-Government ဖွံ့ဖြိုးမှုညွှန်းကိန်းသတ်မှတ်ချက် (၃) ခုဖြစ်သည့် “ အွန်လိုင်းဝန်ဆောင်မှုများညွှန်းကိန်း၊ တယ်လီကွန်မြူနီကေးရှင်း ညွှန်းကိန်းနှင့် လူသားစွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်း ” တို့အရတွက်ချက်ရာတွင် မြန်မာနိုင်ငံ ၏ e-Government ညွှန်းကိန်းအဆင့်သည်၂ဝ၁၆ ခုနှစ်က နိုင်ငံပေါင်း(၁၉၃) နိုင်ငံ တွင် အဆင့်(၁၆၉) ရှိခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် အဆင့်(၁၅၇) သို့ တက်လာခဲ့ကြောင်း သိရပါတယ်။