ထိုင်းနိုင်ငံတွင်း ငွေသား သုံးစွဲမှု ၁၀ နှစ်အတွင်း ၄% လျော့ကျမယ်လို့ မျှော်လင့်
နိုင်ငံတွင်း ငွေသား သုံးစွဲမှု ၁၀ နှစ်အတွင်း ၄% လျော့ကျမယ်လို့ မျှော်လင့်ကြောင်း၊ ထိုင်းနိုင်ငံသားများ e-payment ကို ပိုမိုသုံးစွဲလာတဲ့အလျောက် ၂၀ နှစ်အတွင်း ငွေသား သုံးစွဲမှု ၂၅% လျော့ကျလိမ့်မယ်လို့ မျှော်လင့်ကြောင်း Bank of Thailand ရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။ စာတမ်းအတွက် လူအများ နေ့စဉ်ငွေပေးချေမှုကို စစ်တမ်းကောက်ယူခဲ့ပါတယ်။
ဗဟိုဘဏ်က ကြိုတင်ခန့်မှန်းထားတာက ရေရှည်မှာ e-payment က နေရာဝင်ယူပြီး ငွေသားသုံးစွဲမှု ဆက်လက်လျော့ကျသွားလိမ့်မယ်။ ၂၀၃၀ မှာ ၂၀၂၀ ထက် ဘတ် ၂၅ ဘီလျံ လျော့နည်းသွားမယ်။ ရာခိုင်နှုန်းအားဖြင့် ၄% လျော့ကျပါမယ်။ ၂၀၄၀ မှာ ဘတ် ၁၀၈ ဘီလျံ၊ ရာခိုင်နှုန်းအားဖြင့် ၁၅% လျော့နည်းပါမယ်။
စားသုံးသူတို့ရဲ့ အမှုအကျင့် ပြောင်းလဲပုံနှင့်အညီ e-payment ကို လူကြိုက်ပိုများလာတာဖြစ်ပါတယ်။ အထူးသဖြင့် အစိုးရက လော့ဒေါင်းချထားချိန်မှာ e-payment ကို သုံးစွဲမှု ပိုများလာခဲ့ပါတယ်။
အစိုးရရဲ့ ငွေကြေးကူညီထောက်ပံ့ရေး အစီအစဉ်ကို Krungthai Bank မှ ထုတ်လုပ်တဲ့ Pao Tang မိုဘိုင်းအက်ပ်မှတစ်ဆင့် လုပ်ကိုင်ခြင်းဖြင့် e-payment ကို သုံးစွဲခဲ့ပါတယ်။
စာတမ်းအတွက် ၂၀၂၁ ဖေဖော်ဝါရီလမှ ဧပြီလအထိ လူပေါင်း ၆,၀၂၀ ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ တတိယလှိုင်း မပေါ်ပေါက်ခင်မှာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ပါဝင်ဖြေဆိုသူများမှာ ၉၀.၅% က ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း e-payment ဝန်ဆောင်မှု သုံးစွဲဖူးကြောင်း ဖြေကြားပါတယ်။ ၉၁.၁% က စမတ်ဖုန်း ပိုင်ဆိုင်သူဖြစ်ပြီး အင်တာနက် သုံးစွဲဖို့ ဖုန်းကို အသုံးပြုကြပါတယ်။ အချို့ထိုင်းနိုင်ငံသားတွေကတော့ စမတ်ဖုန်း မပိုင်ဆိုင်လို့ e-payment ကို မသုံးနိုင်ကြဘူး။
မိုဘိုင်းနဲ့ အင်တာနက် ဘဏ်ဝန်ဆောင်မှုများကို ငွေလွှဲဖို့ သုံးစွဲသူ ၆၂% ရှိပါတယ်။ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှု သုံးစွဲခြင်းတို့အတွက် ကောင်တာမှာ ငွေရှင်းဖို့ သုံးစွဲသူ ၅၁.၇ % ရှိပါတယ်။ အွန်လိုင်းဈေးဝယ်ခြင်းအတွက် သုံးစွဲသူ ၅၀.၄% ရှိပါတယ်။
ငွေပေးချေမှုများအတွက် ရေပန်းအစားဆုံးက Pao Tang အက်ပ်ဖြစ်ပြီး ကောင်တာမှာ ငွေရှင်းဖို့အတွက် သုံးစွဲသူ ၅၈.၉% ရှိပါတယ်။