နိုင်ငံတကာစံနှုန်းအတိုင်းပြင်ဆင်ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ နှစ်လတာအတွင်း အီလက်ထရွန်နစ်မှတ်ပုံတင်စနစ် (MyCO) ဖြင့် မှတ်ပုံတင်သည့် ကုမ္ပဏီပေါင်း ၁၈၀ဝ၀ ကျော်အထိရှိလာကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက အောက်တိုဘာ ၆ ရက်၌ ကုန်သည်/စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် ဒုတိယသမ္မတဦးမြင့်ဆွေနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲအကြိမ်(၂၀) မြောက်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
နည်းလမ်းသစ်ဖြင့် ဆန်းသစ်ထား
"မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ဟာ မြန်မာ့စီးပွားရေးပတ်ဝန်းကျင်တစ်ခုလုံးရဲ့ အပြောင်းအလဲကို ဆောင်ကြဉ်းပေးမယ့် အခြေခံဥပဒေဘောင်သစ်တစ်ခုဖြစ်တဲ့ ဒီဥပဒေကို နိုင်ငံတကာစံနှုန်းများအတိုင်း ပြင်ဆင်ပြဋ္ဌာန်းထားပြီး မှတ်ပုံတင်စနစ်ကိုလည်း အီလက်ထရွန် နစ်နည်းလမ်းဖြင့် ဆန်းသစ်ထားတာဖြစ်ပါတယ်။ သြဂုတ်နဲ့ စက်တင်ဘာနှစ်လအတွင်း ကုမ္ပဏီ အဟောင်းများ ပြန်လည်မှတ်ပုံတင်တာ ၁၄၆၉၁ ခုရှိပြီး ကုမ္ပဏီသစ် မှတ်ပုံတင်မှုဟာ နှစ်လ တာအတွင်း ၄၁၁၀ မှတ်ပုံတင်ထားပြီးဖြစ်ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောဆိုသည်။
နေ့စဉ်မှတ်ပုံတင်
အဆိုပါဥပဒေမှာ ယခုနှစ် သြဂုတ် ၁ ရက်မှ စတင်အသက်ဝင်ခဲ့ပြီး သြဂုတ်နှင့် စက်တင်ဘာ နှစ်လတာအတွင်းကုမ္ပဏီအဟောင်း ၁၄၆၉၁ ခု ပြန်လည်မှတ်ပုံတင်ထားပြီး နေ့စဉ်ကုမ္ပဏီပေါင်း ၁၅၀ ခန့် မှတ်ပုံတင်လျက်ရှိကြောင်း၊ ကုမ္ပဏီသစ်မှာ ၄၁၁၀ မှတ်ပုံတင်ထားကာ နေ့စဉ် ၇၀ ခန့် မှတ်ပုံတင်လျက်ရှိကြောင်း သိရသည်။
"ဒီဥပဒေမှာ ရင်နှီးမြှုပ်နှံသူများ အားလုံးတန်းတူယှဉ်ပြိုင်နိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးထားပြီးဖြစ်ပါတယ်။ မိမိရင်းနှီးလုပ်ကိုင်မယ့် လုပ်ငန်းများကို တည်ဆောက်ရာမှာ လိုအပ်တဲ့ စက်ကိရိယာတွေ၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို အကောက်ခွန် ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ပြုထားပြီးဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အခွန်ကင်းလွတ်ခွင့်
နိုင်ငံတော်က ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများအတွက် စီးပွားရေးစတင်လည်ပတ်ချိန်မှစပြီး မိမိရင်းနှီးမြှုပ်နှံရာဒေသပေါ်မူတည်၍ ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို သုံးနှစ်၊ ငါးနှစ်၊ ခုနစ်နှစ် စသည်ဖြင့် အခွန်ကင်းလွတ်ခွင့်များပေးထားပြီးဖြစ်သည်။