လျှပ်စစ်ကားနှစ်မျိုး သာဓုကန်စက်မှုဇုန်၌ စတင်ထုတ်လုပ်မည်


02 October, 2018

စက်သုံးဆီချွေတာနိုင်သည့်အပြင် မြန်မာနိုင်ငံ၏ရာသီဥတု သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ထုတ်လုပ်ထားသည်ဆိုသော တရုတ်နိုင်ငံ၏ နည်းပညာမြင့် လျှပ်စစ်ကားနှစ်မျိုး၏ အစီးရေ (၂၀ဝဝ)ကို လာမည့်အောက်တိုဘာတွင် ပထမဆုံးအဖြစ် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ ကားစက်ရုံတွင် စတင်ထုတ်လုပ်တော့မည်ဖြစ်ကြောင်း KHAING KHAING SANG DA MOTOR CAR ကားစက်ရုံ မှ မန်နေဂျင်းဒါရိုက်တာ မစ္စတာ YU JIAN CHEN က ပြောသည်။

“ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို တရုတ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေဖို့ကို အဓိကရည်ရွယ်ပါတယ်။ ဒီကားတွေတင်သွင်းမှုအတွက် တရုတ်အစိုးရက အခွန်မယူပါဘူး။မြန်မာပြည်သူတွေကိုဈေးပေါပေါနဲ့ ဝယ်ယူအသုံးပြု နိုင်အောင် ဆောင်ရွက်ပေးတာပါ။ကားတွေကို တရုတ်ပြည်မှာထုတ်လုပ်ပြီး မြန်မာနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်ပေးသွားမှာပါ။ မြို့တွင်း မြို့ပြင် ဟိုင်းဝေး တစ်နိုင်ငံလုံးကို မောင်းနှင်နိုင်အောင်နည်းပညာနဲ့ ထုတ်လုပ်ပေးထားပါတယ်။ ဘက်ထရီစွမ်းအင်ကို လျှပ်စစ်မီးရှိတဲ့နေရာတွေမှာ အလွယ်တကူသွင်းနိုင်ပြီး ဟိုင်းဝေးရောက်ရင် လမ်းမှာဘက်ထရီအား ရာခိုင်နှုန်းနည်းနေရင် ဆီထည့်ပြီး ကားရဲ့ဘက်ထရီကိုအားဖြည့်ပေးနိုင်တဲ့ စက်ပါ ပါတယ်။ အဲဒီအတွက် ဟိုင်းဝေးတွေမှာလည်း ကောင်းစွာအသုံးပြုနိုင်ပါတယ်။အခုဆိုရင် စက်သုံးဆီဈေးက အဆမတန်မြင့် မားနေတာကိုလည်းလျှော့ချနိုင်မယ်။ မီးခိုးမထွက်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းနိုင်ပါ တယ် ။” ဟု မစ္စတာ YU JIAN CHEN က ပြောသည်။

ထို NEW ENERGY CAR (HYBRID) လျှပ်စစ်(ဘက်ထရီ)ကား KSD-V1 နှင့် KSD - V2 နှစ်မျိုးတို့သည် တရုတ် နိုင်ငံ YUE DI နှင့် မြန်မာနိုင်ငံ KHAINGKHAING SANGDA MOTORCAR FACTORY တို့ပူးပေါင်းကာ ပထမဆုံး ဖက်စပ်ထုတ်လုပ်သောကားများဖြစ်ကြောင်း သိရသည်။

KSD-V1အမျိုးအစားသည် ငါးယောက်စီးဖြစ်ပြီး တစ်နာရီလျှင် ၈၀ ကီလိုမီတာသွားနိုင်ကာ အားပြည့်နေလျှင် ကီလိုမီတာ ၈၀ဝ အကွာအဝေးကို တစ်ဆက်တည်း သွားနိုင်သည်။ LITHIUM BATTERY အမျိုးအစားကို အ သုံးပြုထားပြီး စွမ်းဆောင်နိုင်မှုပမာဏ 150 AH ရှိသည်။ အလေးချိန် ၁၄၆၀ ကီလိုဂရမ်ကို သယ်ဆောင်နိုင်ကြောင်း သိရသည်။

KSD-V2 အမျိုးအစားသည် ငါးယောက်စီးဖြစ်ပြီး အလေးချိန် ၉၆၀ သယ်ဆောင်နိုင်သည်။ တစ်နာရီ လျှင် ၅၀ ကီလိုမီတာမြန်နှုန်းမြင့် မောင်းနှင်နိုင်ပြီး ဘက်ထရီ အားပြည့်ချိန်တွင် ၁၁၀ ကီလိုမီတာအကွာအဝေးကို မောင်းနှင်နိုင်သည်။ LEAD ACID CELL ဘက်ထရီအမျိုးအစားကိုအသုံးပြုထားပြီး စွမ်းဆောင်နိုင်မှုပမာဏ 100 AH ရှိကြောင်း သိရသည်။ ထို့ပြင် လက်ရှိအသုံးပြုနေသော ကားများနည်းတူ အတွင်းအပြင် ဝန်ဆောင်မှုများပါဝင်ကြောင်း သိရသည်။

KSD-V1အမျိုးအစားသည် မြန်မာငွေ ကျပ်သိန်း ၁၄၀ (လိုင်စင်ပါ အပြီးအစီး) ရှိပြီး KSD-V2 အမျိုးအစားသည် မြန်မာငွေကျပ် ၉၁ သိန်း (လိုင်စင်ပါ အပြီးအစီး)ကျ သင့်မည်ဖြစ်ကြောင်း သိရသည်။ ကားအတွက် အာမခံ ၅ နှစ် ပေးထားကာ ၅ နှစ်အတွင်းကား၏ချွတ်ယွင်းမှုကိစ္စအဝဝကို စက်ရုံမှဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကားမျ ားကို ဝယ်ယူမည်ဆိုပါက ရန်ကုန်လိုင်စင်ရရှိမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

အဆိုပါလျှပ်စစ်(ဘက်ထရီ)ကားများကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန် အမှတ် (၇၇)တွင် လာမည့်အောက်တိုဘာ၌ မြန်မာပြည်၏ပထမဆုံးအဖြစ်ထုတ်လုပ်သွားမည်ဖြစ်သည်။ကားစက်ရုံတည်ဆောက်ကာထုတ်လုပ်သွားမည့်အပေါ် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိစေကာ ကားထုတ်လုပ်မှုနှင့် ပတ်သက်သည့် နည်းပညာကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Investment/Divestment Local News Read 18240 times