မြန်မာ့စီးပွားရေး ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း


14 December, 2018

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ယခုဘဏ္ဍာနှစ် ၂၀၁၈-၁၉ တွင် ၆ ဒသမ ၂ ရာခိုင်နှုန်းသို့ လျော့ကျသွားနိုင်ကြောင်း ဒီဇင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်အုပ်စု၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားခဲ့ပါတယ်။ယခုဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအပါအဝင် ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးလာခြင်း၊ လောင်စာဆီဈေးနှုန်း မြင့်တက်လာခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်လာခြင်းနှင့် ကျပ်ငွေတန်ဖိုးကျဆင်းခြင်းတို့ကြောင့် လျော့ကျမည်ဟု ခန့်မှန်းရကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိခဲ့ပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်က စီးပွားရေးတိုးတက်မှုနှုန်းသည် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး စက်မှုကဏ္ဍတိုးတက်မှုနှုန်းသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ၉ ဒသမ ၄ ရာခိုင်နှုန်းမှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍ တိုးတက်နှုန်းသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ၈ ဒသမ ၃ ရာခိုင်နှုန်းမှ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၆ ရာခိုင်နှုန်းသို့ လည်းကောင်း အသီးသီးလျော့ကျသွားမည်ဟု ခန့်မှန်းကြောင်းကမ္ဘာ့ဘဏ်အစီရင်ခံစာအရသိရပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အားစိုက်ဆောင်ရွက်ဖို့လိုအပ်သလို ရခိုင်ပြည်နယ် ပဋိပက္ခ အခြေအနေတွေကိုလည်း အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကို ရှာဖွေဖော်ထုတ်ဖို့ လိုပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Ms.Ellen Goldstein က ပြောကြားသည်။စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနိုင်သော်လည်း အခြားကမ္ဘာ့နိုင်ငံများ၏ နှုန်းများနှင့်နှိုင်းယှဉ်ပါက ခိုင်မာသည့် တိုးတက်မှုနှုန်းဟုဆိုနိုင်ပြီး ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍအသီးသီးတွင် တိုးတက်မှုနှေးကွေးလျက်ရှိသော်လည်း စိုက်ပျိုးရေး ထုတ်လုပ်မှုကဏ္ဍတည်ငြိမ်နေခြင်း နှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုကတို့တွင် တိုးတက်မှုအားကောင်းနေခြင်းတို့ကြောင့် ခုသာခံသာရှိနိုင်ကြောင်း စောင့်ကြည့် အစီရင်ခံစာတွင် ဖော်ပြထားခဲ့ပါတယ်။

ဧပြီလမှ အောက်တိုဘာလအထိ ကျပ်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့်လဲလှယ်နှုန်း ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းနေပြီး ငွေကြေးတန်ဖိုး မတည်ငြိမ်မှုကြီးမားနေကာ ငွေလဲနှုန်း မြင့်တက်ခြင်း နှင့်အတူ စားသောက်ကုန် ဈေးနှုန်းများလည်း မြင့်တက်လာပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ၅ ဒသမ ၅ ရာခိုင်နှုန်းရှိရာမှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း ယင်းအစီရင်ခံစာအရသိရပါတယ်။ထို့ပြင် လက်လီ၊ လက်ကားကုန်သွယ်မှု ဖြေလျှော့ပေးခြင်း၊ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ပေါ်ပေါက်လာခြင်း၊ OneBelt One Road စီမံကိန်းများကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းသည် ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သော်လည်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနှေးကွေးလာခြင်း၊ ဥရောပသမဂ္ဂ (အီးယူ) နှင့်ဆက်စပ်သည့် ကုန်သွယ်မှု ဆုံးရှုံးနိုင်ခြေတို့ကြောင့် စီးပွားရေးထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားခဲ့ပါတယ်။

“ရခိုင်ကိစ္စကြောင့် ခရီးသွားနဲ့ ပို့ကုန်ကဏ္ဍကျတဲ့အတွက် သူတို့ခန့်မှန်းတဲ့အတိုင်း ရေတိုမှာတော့ စီးပွားရေးက ကျနိုင်တယ်။ နိုင်ငံခြားဘဏ်တွေ တရားဝင်ဖွင့်ခွင့်ပေးတဲ့အတွက် ရေရှည်မှာတော့ ပြန်တက်နိုင်တယ်လို့ ထင်ပါတယ်”ဟု မြန်မာနိုင်ငံ ကော်ဖီအသင်း အတွင်းရေးမှူး ဦးမင်းလှိုင်က သုံးသပ်ပြောကြားသည်။မြန်မာ့စီးပွားရေး စောင့်ကြည့်အစီ ရင်ခံစာသည် ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာနိုင်ငံ၏ နောက်ဆုံးရစီးပွားရေး အချက်အလက်များကို အခြေခံကာ တစ်နှစ်လျှင် နှစ်ကြိမ်ဖြန့်ဝေသည့် အစီရင်ခံစာလဲ ဖြစ်ပါတယ်။

The Voice

Industry Reviews Read 1231 times