မြန်မာနိုင်ငံသည် အာရှတိုက် တောင်၊ မြောက်နှင့် အရှေ့တောင် အာရှတစ်လွှားမှ ဆင်းသက်ပေါက်ဖွားလာသည့် တောရိုင်းတိရိစ္ဆာန်မျိုးရင်း မျိုးစိတ်များစုံလင် ကျက်စားနိုင်သည့် သဘာ၀ နေထိုင်စရာဝန်းကျင်များ ပေါကြွယ်ဝသည့် နိုင်ငံတစ်ခု ဖြစ်သည်။
ထို့ပြင် စိမ်းလန်းစိုပြေသည့် သစ်တောများနှင့် မြောက်ပိုင်း ဟိမဝန္တာ တောင်တန်းများမှ မြစ်ဖျားခံ စီးဆင်းလာပြီး တောင်ဘက်ကမ်းရိုးတန်းဒေသ ဒီရေတော မြစ်များနှင့် ဘင်္ဂလားပင်လယ်အော် တွင်းစီးဝင်သည့် ကျယ်ပြန့်သော မြစ်ဝှမ်း ကွန်ယက်များဖြင့် ကြွယ်၀ စုံလင်လျက် ရှိသည်။ အရှေ့ တောင် အာရှရှိ ကုန်းတွင်းပိုင်း သစ်တောဖုံးလွှမ်းမှု စုစုပေါင်း၏ အများဆုံး အစိတ်အပိုင်းများ တည်ရှိပေါက်ရောက်ရာ ဒေသဖြစ်ပြီး ကမ္ဘာ့ ကျွန်းသစ် လက်ကျန် စုစုပေါင်း၏ ၈၀%ခန့် ရှင်သန် ပေါက်ရောက်လျက်ရှိသည်။ အင်ဒို- ပစိဖိတ်ဒေသကြီး ၏ ဇီဝမျိုးစုံမျိုးကွဲ အစုံလင်ဆုံး နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။
မြန်မာနိုင်ငံသည် သဘာ၀ သယံဇာတများ ပေါကြွယ်ဝ၍စက်မှု ထွန်းကားမှုနှင့် လူဦးရေ ထူထပ် သိပ်သည်းမှု နည်းပါးသည့်နိုင်ငံတစ်ခု ဖြစ်သော်လည်း သဘာ၀ သစ်တောများနှင့် စိမ့်မြေ အရပ်ဒေသများ၏ ကျယ်ဝန်းသည့် နယ်မြေ ဧရိယာများသည် ရာသီဥတု ပြောင်းလဲမှုနှင့် လူသားများ၏ လုပ်ဆောင်ချက်များ ကြောင့် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရပြီး ကမ္ဘာတစ်ဝှမ်းရှိ သစ်တော ပြုန်းတီးမှုနှုန်း အမြင့်ဆုံး နိုင်ငံများအတွင်း ပါဝင်လျက်ရှိသည်။ FAO စာရင်း ဇယားများအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းဧရိယာသည် ၁၉၉၀ ခုနှစ်တွင် ၅၈% အထိ လျော့နည်းသွားပြီး ၂၀၁၀ ခုနှစ်တွင် ၄၇% ထိ လျော့နည်း သွားကြောင်း သိရှိရသည်။
ထို့ပြင် IUCN ၏ အနီရောင် သတိပေး အဆင့်ရှိ စာရင်းအရ တောရိုင်း တိရိစ္ဆာန်နှင့် အပင်မျိုး စိတ်ပေါင်း (၂၈၂)ခုသည် မျိုးတုန်း ပျောက်ကွယ် သွားနိုင်သည့် ဘေးအန္တရာယ် များနှင့် ရင်ဆိုင် နေရလျက်ရှိသည်။ ဂေဟဗေဟစနစ်ကို ဆုတ်ယုတ် ပျက်စီးစေသည့် အကြောင်းရင်းများအတွင်း သစ်တော ပြုန်းတီးမှု၊ ညံ့ဖျင်းသည့် စိုက်ပျိုးရေး အလေ့အထများ၊ တရားမဝင် အမဲလိုက်ခြင်းများ၊ သင့်လျော်မှု မရှိသည့် သတ္တု တူးဖော်ရေး နည်းလမ်းများ၊ စိုက်ပျိုး ရေးဆိုင်ရာ ပို့ကုန်များနှင့် စွမ်းအင် လိုအပ်ချက်အတွက် မြန်မာနိုင်ငံ၏ သယံဇာတ အရင်းအမြစ်များကို လိုအပ်လျက်ရှိသည့် နိုင်ငံတကာ၏ ဝယ်လိုအားများ ပါဝင်လျက်ရှိသည်။
Myanmar Information Management Unit