NLD အစိုးရတက်လာပြီး ၂ နှစ်တာအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ အဆောက်အအုံ၊ လမ်းတံတား၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ တိုးချဲ့လာပေမယ့် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ အားကောင်းဖို့ လိုအပ်နေသေးတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဘီဘီစီနဲ့ သီးသန့်တွေ့ဆုံမေးမြန်ခန်းမှာ ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းက ရာဇဝတ်မှု၊ မြို့ပြစီမံခန့်ခွဲမှုပြဿနာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ဘီဘီစီ အကြီးတန်းသတင်းထောက် စောရန်နိုင်က ဦးဖြိုးမင်းသိန်းကို တွေ့ဆုံမေးမြန်းထားမှု တစ်စိတ်တစ်ပိုင်းကို ဖတ်နိုင်ကြပါတယ်။
မေး။ ။ ရန်ကုန်တိုင်းရဲ့ စီးပွားရေးအခြေအနေက တိုးတက်လာပြီလား။ လူထုအကျိုးပြုတဲ့စီးပွားရေးအပါအဝင် ပြည်သူတွေတွေ့ကြုံနေရတဲ့ အခက်အခဲကို ဘယ်လိုဆောင်ရွက်သွားမှာလဲ။
ဖြေ။ ။လတ်တလောအခြေအနေမှာ ကျွန်တော်တို့က ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရမယ့် အခြေအနေရှိပါတယ်။ ကျွန်တော်တို့က ပြည်ပက သွင်းကုန်များပြီးတော့ ပို့ကုန်က အားနည်းနေတဲ့ အခြေအနေ ရှိပါတယ်။ ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေနဲ့အတူ ကျွန်တော်တို့ ထုတ်ကုန်ကို မြှင့်တင်နိုင်ဖို့ ရှိပါတယ်။ ဒါပေမယ့် ဒီအခြေအနေက ချက်ချင်း ထုတ်ကုန်မြှင့်တင်နိုင်ဖို့ ဆိုတဲ့အခြေအနေထက် လက်ရှိ ကျွန်တော်တို့ နိုင်ငံတွင်းမှာ အဆင်ပြေနိုင်ဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ များများရမှ ပြည်သူလူထုဘဝ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရန်ကုန်တိုင်းအတွင်းမှာဆိုရင် အထည်ချုပ် လုပ်ငန်းတွေကို ကျွန်တော်တို့ များစွာ ဆောင်ရွက်ပါတယ်။ အလုပ်သမား များများခန့်နိုင်မယ့် လုပ်ငန်းတွေကို ဦးစားပေးပြီး ပထမအဆင့် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ များစွာ ရလာတယ်။ ဒီအခြေအနေကနေ ရန်ကုန်ကို ရွှေ့ပြောင်းလာတဲ့သူတွေလည်း များပြားလာတဲ့ အခြေအနေတစ်ခု ရှိပါတယ်။ ကျွန်တော်တို့ တာဝန်စယူခဲ့တဲ့ ကာလမှာ အထည်ချုပ်လုပ်ငန်းက ၂၀၀ ဝန်းကျင်လောက်ပဲ ရှိနေပြီး အခုတော့ ၆၀၀ ဝန်းကျင်လောက်ကို ရောက်လာတာ ဖြစ်ပါတယ်။
မေး။ ။နောက်တစ်ခုကတော့ ရာဇဝတ်မှု ကိစ္စပေါ့နော်။ ရန်ကုန်တိုင်းမှာလည်း ရာဇဝတ်မှုတွေ တော်တော်လေး ဖြစ်ပေါ်နေတယ်။ အခုချိန်ထိ တားဆီးလို့ မရဘူး။ ဟိုတလောကပဲ တက္ကစီသမားက FDA ဝန်ထမ်းကို သတ်ဖြတ်ခဲ့တယ်။ အဲဒါက သတင်းကြီးသလို ဂယက်လည်း ကြီးခဲ့တယ်။ အဲဒီလို ရာဇဝတ်မှုတွေ ဘာကြောင့် မတားဆီးနိုင်သေးတာလဲ။
ဖြေ။ ။မှုခင်းနဲ့ပတ်သက်ရင် ကျွန်တော်တို့က မှုခင်းကို လေ့လာတဲ့အခါမှာ၊ အုပ်ချုပ်ရေးဘက်က ဆောင်ရွက်တဲ့အခါမှာ တစ်နှစ်တစ်နှစ်ဖြစ်တဲ့ မှုခင်းနဲ့ ပြစ်မှုကြီးတွေကို ကြည့်ပါတယ်။ ဒီအခြေအနေကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ တာဝန်ယူခဲ့တဲ့ ကာလမှာ ပြစ်မှုတွေ လျော့ကျလာတာ တွေ့ရပါတယ်။ ဒါပေမယ့် သတင်းအားဖြင့် ပြောမယ်ဆိုရင်တော့ ယခင်ကထက် ပိုပြီး ကျယ်ကျယ်လောင်လောင် သတင်းတွေက ဖြစ်တယ်ပေါ့နော်။ အခုဟာက လူမှုကွန်ရက် မီဒီယာတွေပေါ်ကနေ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အားလုံးဟာ သိနိုင်တယ်၊ ထင်နိုင်တယ်၊ မြင်နိုင်တယ်ပေါ့နော်။ အဓိကကတော့ ရန်ကုန်ပေါ့။
မေး။ ။အစိုးရသစ်တက်လာတယ်။ ဒါပေမဲ့လည်း နိုင်ငံခြားထွက်ပြီး အလုပ်ရှာနေသူတွေက အများကြီးပဲ။ ပတ်စပို့လျောက်ပြီးတော့ နိုင်ငံခြား အလုပ်ရှာနေတာက မြန်မာပြည်မှာ အလုပ်အကိုင် အခွင့်အလမ်းက နည်းသွားလို့လား။
ဖြေ။ ။ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင်တော့ တချိန်တုန်းကတော့ ကိုယ့်အတွင်းလေးမှာပဲ လူတွေက နေကြတာပေါ့နော်။ အပြင်က အခြေအနေတွေကို သိပ်မသိဘူးပေါ့။ မြန်မာနိုင်ငံရဲ့ လုပ်အားခနဲ့ မြန်မာနိုင်ငံမှာ အလုပ်သမားအပေါ် ပေးနိုင်တဲ့ လုပ်အားခက နည်းပါတယ်။ နိုင်ငံတကာမှာ သွားလုပ်ရင် လုပ်အားခက ပိုရမယ်ဆိုတဲ့ အခြေအနေတစ်ခု ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ သွားလုပ်တဲ့ အခြေအနေမှာ သူများမလုပ်ချင်တဲ့အလုပ်တွေကို ကျွန်တော်တို့ နိုင်ငံသားတွေ လုပ်ရတယ်ဆိုတဲ့ အခြေအနေမျိုးကတော့ စိတ်မကောင်းစရာပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လုပ်အားခကို မြန်မြန်ဆန်ဆန် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖြစ်သွားနိုင်ဖို့ဆိုတာ လတ်တလောမှာ အလွယ်ကြီး မဟုတ်သေးပါဘူး။
မေး။ ။သိပ်မကြာခင်မှာပဲ ကလေးတစ်ယောက်က မိုးရေထဲမှာ ဓာတ်လိုက်ပြီး သေသွားတဲ့ သတင်းကတော့ တော်တော်လေး လူပြောများနေပါတယ်။ ဒီလိုမျိုးအဖြစ်အပျက်က အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးတယ်။ ဒီလို ပြဿနာမျိုးက ဘယ်လို ဖြေရှင်းရင်ရမလဲ။
ဖြေ။ ။ရန်ကုန်မြို့မှာရှိတဲ့ ဓာတ်ကြိုးတွေအကုန်လုံးက တချိန်တုန်းကဆိုရင် ဒီအတိုင်း ပြောင်ကြိုးတွေပါ။ အခုကတော့ ကျွန်တော်တို့က ကာဗာပါတဲ့ ဓာတ်ကြိုးတွေကို ပြောင်းလဲ တပ်ဆင်နေပါတယ်။ ကျွန်တော်တို့ တာဝန်မယူခင်ကတည်းက အနှစ် ၅၀ ကျော် မြန်မာနိုင်ငံမှာ တပ်ဆင်ခဲ့တဲ့ ဝါယာကြိုးတွေရဲ့ အရည်အသွေး မပြည့်မီမှု အခြေအနေတစ်ခုကို ကျွန်တော်တို့ ဒီ ၂ နှစ်တာ ကာလအတွင်းမှာ အကုန်လုံးပြီးအောင်တော့ ကျွန်တော်တို့ မဆောင်ရွက်နိုင်သေးပါဘူး။ ဒါပေမယ့် နှစ်တိုင်း နှစ်တိုင်းမှာတော့ ဒီနယ်ပယ်ကို ငွေကြေးများစွာ သုံးစွဲပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ ရေရှည်မျှော်မှန်းချက်ဆိုရင် ယခု သွယ်တန်းထားတဲ့ Transmission ကြိုးလိုင်းတွေအပြင်ကို မြေအောက်မှာပါ ကျွန်တော်တို့ ဆောင်ရွက်နိုင်ဖို့အတွက် မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝိုင်ယာကြိုးတွေ အပေါ်မှာ အများကြီးဖြစ်နေတာတွေ၊ ဖိုင်ဘာ ကေဘယ်ကြိုးတွေ အများကြီး အထုပ်လိုက်ဖြစ်နေတဲ့ အခြေအနေတွေကို မြေကြီးထဲကို ထည့်နိုင်ဖို့အထိ ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်နေပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍပူးပေါင်းပြီး လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ အခုလတ်တလောမှာတော့ အနှစ် ၅၀ ဖြစ်ခဲ့တဲ့ အရည်အသွေးမပြည့်မီမှုတွေ၊ အစိုးရရဲ့စီမံကိန်းတွေမှာ အရည်အသွေးပြည့်မီတဲ့ပစ္စည်းတွေ မသုံးစွဲခဲ့မှုတွေရဲ့ ဂယက်ရဲ့ ဒဏ်ကို ကျွန်တော်တို့ အခု ပြည်သူတွေ ခံစားနေကြရတာ ဖြစ်ပါတယ်။
BBC