၂၀၁၉ -၂၀ တွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၆,၀၃၄ မဂ္ဂါဝပ် ရှိသည်


09 June, 2020

၂၀၁၉ -၂၀ တွင် လျှပ်စစ်စွမ်းအင် အရင်းအမြစ် ပါဝင်မှု အချိုးအစားများနှင့် ဓာတ်အား သုံးစွဲမှုများ အနေဖြင့် စုစုပေါင်း တပ်ဆင်အင်အား ၆,၀၃၄ မဂ္ဂါဝပ် ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦး ယနေ့ ညနေပိုင်း တွင် ပြောကြားခဲ့သည်။

“ရေအား လျှပ်စစ်ဖြင့် ၃,၂၆၂ မဂ္ဂါဝပ်(တပ်ဆင်အင်အားရဲ့ ၅၄ ရာခိုင်နှုန်း)၊ သဘာဝဓာတ်ငွေ့ဖြင့် ၂,၄၉၆ မဂ္ဂါဝပ် (တပ်ဆင် အင်အားရဲ့ ၄၁ ရာခိုင်နှုန်း၊ ကျောက်မီးသွေးဖြင့် ၁၂၀ မဂ္ဂါဝပ်( တပ်ဆင် အင်အားရဲ့ ၂ ရာခိုင်နှုန်း)၊ ဒီဇယ်ဖြင့် ၁၁၆ မဂ္ဂါဝပ်(တပ်ဆင် အင်အားရဲ့ ၂ ရာခိုင်နှုန်း)နဲ့ နေရောင် ခြည်ဖြင့် ၄၀ မဂ္ဂါဝပ် (တပ်ဆင် အင်အားရဲ့ ၁ ရာခိုင်နှုန်း) ရှိပါတယ်” ဟု နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ ညနေပိုင်း ပြုလုပ်ခဲ့သော နိုင်ငံတော် အစိုးရ၏ ပြည်သူ့ အတွက် စတုတ္ထ တစ်နှစ်တာ ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲတွင် အမြဲတမ်း အတွင်းဝန်က ပြောခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်ဓာတ်အား တိုးတက် ထုပ်လုပ်နိုင်မှု အခြေအနေများမှာ ၂၀၁၆ ဧပြီလမှ ၂၀၂၀ ဧပြီ လအထိ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံသုံးရုံ (၄၅ ဒသမ ၆ မဂ္ဂါဝပ်)၊ အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရံ ရှစ်ရုံ (၉၂၇ မဂ္ဂါဝပ်)၊ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ တစ်ရုံ (၄၀ မဂ္ဂါဝပ်)၊ စုစုပေါင်း စက်ရုံ ၁၂ ရုံ (၁၀၁၂ ဒသမ ၆ မဂ္ဂါဝပ်) ရှိပြီး၂၀၁၆ ဧပြီလမှ ၂၀၂၀ ဧပြီလအထိ

ယူနစ် သန်းပေါင်း ၈၀,၃၄၅ ဒသမ ၆၄၅ GW/h ရောင်းချနိုင်ခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အား တိုးတက် ပို့ လွှတ်နိုင်မှု အခြေအနေများမှာ ဓာတ်အား စနစ်အတွင်း လက်ရှိ တည်ဆောက်ပြီး မဟာဓာတ်အား လိုင်း ၄၁၈ လိုင်း (၉,၅၂၁ မိုင်)နှင့် ဓာတ်အားခွဲရုံ ၄၂၄ ရုံ( ၁၅,၈၄၈ အမ်ဗွီအေ) ရှိပြီး ၂၀၁၆ ဧပြီမှ ၂၀၂၀ ဧပြီအထိ လေးနှစ်တာအတွင်း တည်ဆောက် ပြီးစီးမှုမှာ လိုင်းအရှည် ၂၅,၄၁၄ မိုင်၊ ဓာတ်အား ခွဲရုံ အမ်ဗွီအေ ပေါင်း ၁၇,၇၇၃ ဒသမ ၂ ရှိခဲ့ကြောင်း၊ ယခင်က ဓာတ်အား စနစ်မရောက်ရှိခဲ့သည့် မြို့ ၇၆ မြို့မှ ကျေးရွာ ၈,၃၅၈ ရွာတို့သို့ ဓာတ်အား စနစ် ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လည်း အမြဲတမ်း အတွင်းဝန်က ရှင်းလင်း ပြောကြားခဲ့သည်။

ထို့အပြင် ရေအား၊ အပူစွမ်းအင်နှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အမျိုးမျိုးတို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ရေတို ရေလတ် ရေရှည် စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်လျက်ရှိပြီး ဓာတ်အား လိုအပ်ပါက ဝယ်ယူနိုင်ရေးနှင့် ပိုလျှံလာပါက ပြန်လည် ရောင်းချနိုင်ရေး (interconnection) ဆောင်ရွက်နိုင်ရေးအတွက်တရုတ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း အိမ်နီးချင်းနိုင်ငံများနှင့် ဆွေးနွေးလျက် ရှိကြောင်း၊ နှစ်အလိုက် ဓာတ်အား တိုးတက် သုံးစွဲနိုင်မှုများအား ကြိုတင် ခန့်မှန်းကာ သုံးနှစ် စီမံကိန်း၊ ငါးနှစ် စီမံကိန်းများ ချမှတ်ပြီး မြန်မာ့ ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (MSDP) နှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

(Xinhua)

Local News Read 686 times