မြိတ်မြို့တွင် မီတာခ တစ်ယူနစ် ကျပ် ၃၀ ထပ်တက်


04 October, 2018

မြိတ်တွင် စက်တင်ဘာလအတွက် လျှပ်စစ် တစ်ယူနစ်လျှင် ကျပ်သုံးဆယ် ထပ်တက်မည်ဖြစ်ကြောင်း မြိတ်အခြေစိုက် ပုဂ္ဂလိကမီးလင်းရေးလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည့် မေ၊ ဇွန်နှင့် ဇူလိုင်လတို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၄၀၅ ကျပ်နှင့် ဩဂုတ်လတွင် ၄၂၅ ကျပ် တက်ခဲ့သည့် မြိတ်မီတာခကို စက်တင်ဘာလအတွက် ၄၅၅ ကျပ်အထိ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း မီးလင်းရေးလုပ်ငန်းများထံမှ သိရသည်။

“နောက်လဆိုရင် ဈေးနည်းနည်းပိုမယ်”ဟု ကန်ခေါင်းရပ်ကွက် လျှပ်စစ်စွမ်းအားအကူမီးလင်းရေးလုပ်ငန်းမှ ဦးဘငယ်က ပြောသည်။

လျှပ်စစ်မီတာခနှုန်းထားများ ကောက်ခံရာတွင် ဝယ်ယူခဲ့ရသည့် ဒီဇယ်ဆီဈေးနှုန်းအပေါ် မူတည်ပြီး တွက်ချက်ပြီး ကောက်ခံခြင်းဖြစ်သည်။ စက်တင်ဘာလအတွင်း ဝယ်ယူသုံးစွဲခဲ့ရသည့် ဒီဇယ်ဆီဈေးနှုန်းများကို ပျမ်းမျှတွက်ချက်ရာ တစ်ပီပါလျှင် ကျပ် ၂၁၀၀၀၀ နှုန်း ကျသင့်နေသဖြင့် မီတာခတစ်ယူနစ်လျှင် ကျပ် ၄၅၅ ကောက်ခံခြင်းဖြစ်ကြောင်း ဦးဘငယ်က ပြောပြသည်။

မီးလင်းရေးလုပ်ငန်းများမှာ ဒီဇယ်ကို ကြိုတင်ဝယ်ယူရပြီး လာမည့်အောက်တိုဘာလတွင် အသုံးပြုမည့် ဒီဇယ် တစ်ပီပါလျှင် ကျပ် ၂၃၀၀၀၀ အထိ ဝယ်ယူထားရသဖြင့် ဈေးနှုန်းထပ်တက်ဦးမည်ဖြစ်ကြောင်း မီးလင်းရေးလုပ်ငန်းတစ်ချို့က ဆိုသည်။

လျှပ်စစ်မီတာခဈေးနှုန်းများ ကြီးမြင့်နေခြင်းကို မြို့ခံများအကြား ပြောဆိုဝေဖန်မှုများ ရှိနေသည်။ မြိတ်တွင် ပုဂ္ဂလိကမီးလင်းရေးလုပ်ငန်း ၉ မှ လျှပ်စစ်ဖြန့်ဖြူးနေခြင်းဖြစ် သည်။

မြိတ်တွင် လျှပ်စစ်မဂ္ဂါဝပ် ၃၀ ထုတ်လွှတ်မည့် FO (ရေနံမဲပျော်ဝင်ဆီ) လောင်စာသုံး တစ်ယူနစ်လျှင် ကျပ်၂၆၀ နှုန်းဖြင့် ၆ လအတွင်း မီးပေးနိုင်ရန် မြိတ်အများပိုင်ကော်ပိုရေးရှင်းက စီစဉ်နေကြောင်း ပြီးခဲ့သည့် ဇွန်လအစပိုင်းက ပြောဆိုထားသည်။

၎င်းအပြင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB )မှ ချေးငွေဖြင့် ဆောင်ရွက်မည့် မဟာဓာတ်အားလိုင်းစီမံကိန်းမှ ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်မည်ဖြစ် ပြီး တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်များ အထိ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဓာတ်အားလိုင်း သွယ်တန်းထားရန် လျာထားကြောင်း သိရသည်။

daweiwatch

Local News Read 660 times