လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကုန်တွင်း ၁၈ နေရာနဲ့ ကမ်းလွန်ဘလောက် ၁၈ ခုကို ယခုနှစ်ကုန်ပိုင်းမှာ တင်ဒါတွေ ကမ်းလှမ်းဖို့ ရှိနေပါတယ်။ ထူးခြားချက်က တကယ်လို့ ပြည်ပကုမ္ပဏီက ဝင်ရောက်လုပ်ကိုင်မယ်ဆိုရင် အရင်တုန်းကလို ပြည်တွင်းကုမ္ပဏီနဲ့ အတူတွဲပြီး မလုပ်မနေရ ဆိုတဲ့ သတ်မှတ်ချက် မပါတော့တာပဲ ဖြစ်ပါတယ်။
အလားအလာကောင်းများ ရှိနေ
************
တစ်ချိန်တုံးက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဖယ်ကြဉ်ကင်းကွာနေရာမှ ပြည်ပလုပ်ငန်းတွေ ရေနံနဲ့ဓာတ်ငွေ့ ထုတ်လုပ်ခွင့် ပေးလိုက်တဲ့အခါ တူးဖော်ထုတ်လုပ်မှု မပြုရသေးတဲ့ နယ်မြေစိမ်း ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ တူးဖော်ထုတ်လုပ်ဖို့ စိတ်ဝင်စားမှု ရေချိန်မြင့်မားခဲ့ပါတယ်။
သဘာဝဓာတ်ငွေ့သိုက်ဟာ ၂၃ ထရီလီယံကုဗပေ ရှိမယ်လို့ ၂၀၁၇ ခုနှစ်မှာ Energy Information Administration (EIA) က ဆိုထားပါတယ်။ ရေနံစိမ်းသိုက်က ၂၀၁၅ ခုနှစ်တုန်းက စည်ပေါင်း သန်း ၅၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ စူးစမ်းလေ့လာမှု မပြုရသေးတဲ့ ပင်လယ်ကြမ်းပြင်ဧရိယာ အများအပြား ရှိနေတာမို့ အမှန်တကယ် အလားအလာကို မသိကြရသေးပါဘူး။ အလားအလာကောင်းနေတာမို့ Royal Dutch Shell ပြီးတော့ အမေရိကန်မှ ConocoPhillips နဲ့ ပြင်သစ်မှ Total အပါအဝင် ကမ္ဘာ့လုပ်ငန်းကြီးတွေက ဘလောက် ၂၀ ခုကို ရယူခဲ့ကြတယ်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ရှိပါတယ်။
အစကောင်းပေမဲ့ အနှောင်းမရေရာ ဖြစ်လာခဲ့ပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာဆိုင်ရာ စိန်ခေါ်မှုတွေ များလာတာကြောင့် အကောင်းမျှော်တာတွေဟာ ယုတ်လျော့လာပါတယ်။
ကမ္ဘာတစ်လွှားမှ ကမ်းလွန်ရေနံတွင်းတွေဟာ ရေနံစိမ်းဈေးနှုန်း ထိုးကျတဲ့ဒဏ်ကို ခံကြရတဲ့အခါ မြန်မာ့ကမ်းလွန် ရေနံတွင်းတွေလည်း အလားတူပင် အခက်ကြုံကြရပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံ မဖွံ့ဖြိုးသေးခြင်းနဲ့ ရင်းနှီးမြှုုပ်နှံမှု စီးပွားဝန်းကျင်တို့ကလည်း အခက်အခဲတွေ ဖြစ်နေစေတယ်။
၂၀၁၇ ခုနှစ်ကုန်ပိုင်းမှာ ၂၀၁၄ ခုနှစ်တုန်းက သဘောတူခဲ့ကြတဲ့အထဲမှ ကမ်းလွန်ဘလောက် ၁၀ ခုကို စွန့်လွှတ်လိုက်ကြတယ်။ MOGE မှ လက်လွှတ်မှာလား တူးမှာလား Drop or Drill တစ်ခုခုကို ရွေးခိုင်းတဲ့အခါ အခုလို လက်လွှတ်လိုက်ကြတာ ဖြစ်ပါတယ်။ ထွက်ခွာသွားကြတဲ့အထဲမှာ India’s Reliance Industries ပြီးတော့ Australia’s Tap Oil နဲ့ Shell တို့ ပါဝင်ပါတယ်။
ဝေစုနဲ့ အခွန်
*********
အခုလို နောက်လန်ကုန်ကြတာမှာ အကြီးမားဆုံးကိစ္စရပ်တွေကတော့ အကျိုးအမြတ် ခွဲယူပုံနဲ့ နိုင်ငံတကာ စွမ်းအင်လုပ်ငန်းတွေအပေါ် စည်းကြပ်အခွန်တို့ ဖြစ်ပါတယ်
လက်ရှိသဘောတူညီချက်တွေမှာ ဝေစု ခွဲဝေထားပုံ Production Sharing Contracts (PSCs) က စီးပွားရေးအရ ခက်ခဲလွန်းနေတယ်။ အထူးသဖြင့် အမြတ်ပါးပါးပဲ ခြစ်ချုပ်ယူရမယ့် ရေနံသိုက်မျိုး၊ ရေနက်ပိုင်းမှာရှိနေတဲ့ ရေနံသိုက် ဓာတ်ငွေသိုက်တွေအတွက် တွက်ခြေကိုက်ဖို့ ခဲယဉ်းနေတယ်လို့ ပညာရှင်တစ်ဦးက ပြောကြားဖူးပါတယ်။
ဝင်ငွေရဲ့ ၈၇ ရာခိုင်နှုန်းကနေ ၉၃ ရာခိုင်နှုန်းအထိ ယူတဲ့သဘော ဖြစ်နေတယ်။ အဲဒီလို ဝေစုပေးရတာ ကြီးမားနေတဲ့အပြင် ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်းကို ပေးသွင်းရဦးမှာ ဖြစ်ပါတယ်။ နှိုင်းစာကြည့်မယ်ဆိုရင် သြစတေးလျမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွင်းမှ ရရှိတဲ့ ဝင်ငွေရဲ့ ထက်ဝက်ဝန်းကျင်ကိုသာ အစိုးရဖက်မှ ရယူတယ်။ ဒီတော့ PSC ကို ပြန်လည်ရေးဆွဲပေးဖို့ကို ပြည်ပလုပ်ငန်းတွေ မျှော်လင့် ထားကြတယ်။ တစ်နည်းပြောရရင် ရွေးချယ်စရာ လမ်းဆုံလမ်းခွကို ရောက်နေပြီး လုပ်သာကိုင်သာ မရှိရင် ဘယ်လမ်းကိုမှ မရောက်ဘဲ အဝိုင်းပတ်နေမှာ ဖြစ်ပါတယ်။
ဈေးကွက်ကောင်းများ ရှိနေ
*********
ဓာတ်ငွေ့သိုက်တွေမှ ထုတ်လုပ်တဲ့ ဓာတ်ငွေ့တွေ ရောင်းချဖို့ ဈေးကွက်တွေ အနီးအနားမှာ အသင့်ရှိနေလို့ မဟာဗျူဟာကျတဲ့နေရာတွေလို့ ဆိုရပါမယ်။ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဟာ ပြည်ပပို့ကုန်အဖြစ် တင်ပို့လို့ ရတဲ့ဈေးကွက်တွေ ဖြစ်တဲ့အပြင် ပြည်တွင်းသုံးစွဲမှုမှာလည်း ဓာတ်ငွေ့သုံးစွဲမှု မြင့်တက်လာနေတယ်။
အရှေ့တောင်အာရှမှာ ရင်းနှီးမြှုပ်နှံ ထုတ်လုပ်မှု
********************
အရှေ့တောင်အာရှတစ်ခွင်လုံးအနေဖြင့် ကြည့်ရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော် ထုတ်လုပ်ရေးအတွက် ၂၀၂၀ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၈ ဘီလျံ ရှိနိုင်တယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ကွက် ၅၀ ခု ဝန်းကျင် ရှိမယ်။ ရေနံစိမ်း စုစုပေါင်း စည်ပေါင်း ၄ ဘီလျံ ထွက်မယ်လို့ ခန့်မှန်း ထားပါတယ်။
နိုင်ငံတကာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေဟာ ၂၀၁၄ ခုနှစ် ရေနံဈေးနှုန်း ထိုးကျတဲ့ဖြစ်ရပ်မှ ပြန်လည် နာလန်ထလာပြီ ဖြစ်ပေမဲ့ အသုံးစရိတ်တွေ လျှောချပြီး လုပ်ကိုင်နေကြရဆဲ ဖြစ်ပါတယ်။
DJS