ဆက်သွယ်ရေးတာဝါတိုင်မှတစ်ဆင့် ကျေးလက်ဒေသများကို လျှပ်စစ်မီးဖြန့်ချီမည့် အသေးစား ဆိုလာလျှပ်စစ် ဓာတ်အားပေးစက်ရုံပေါင်း ၂,ဝဝဝ ကျော်အထိ ၂ဝ၂၂ ခုနှစ်အမီ ဆောက်လုပ်မည်ဖြစ်ကြောင်း ရိုးမမိုက်ခရိုပါဝါ (ဝိုင်အမ်ပီ)က အရာရှိကြီးများက ပြောခဲ့ပါသည်။
စီမံကိန်းအား အပူပိုင်းဒေသဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အဓိကထား စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံးသို့ ဖြန့်ကြက်အကောင်အထည်ဖော်သွားမည်ဟု စီမံကိန်းအားဦးဆောင်သူ ဝိုင်အမ်ပီ၏ အမှုဆောင်အရာရှိချုပ်က ပြောခဲ့ပါသည်။
ထိုသို့ ဖြန့်ကြက်ရာတွင် ဆက်သွယ်ရေးတာဝါတိုင်ရှိပြီး လျှပ်စစ်လိုအပ်နေသည့် နေရာများတွင် အဓိကလျှပ်စစ်ပေးမှာဖြစ်ပြီး အနီးအနားရှိရွာများကိုလည်း တစ်ပါတည်းလျှပ်စစ်ပေးမည်ဟု သိရသည်။
စီမံကိန်းသည် မြန်မာနိုင်ငံရှိ လျှပ်စစ်မရရှိသေးသည့် သန်းနှင့်ချီသော ကျေးလက်နေပြည်သူများအတွက် လျှပ်စစ်ဓာတ်အားရရှိရန် ရည်ရွယ်ကာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများဖြင့် ပူးပေါင်းအကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်သည် ၎င်းတို့က ပြောခဲ့ပါသည်။
စီမံကိန်းတွင် နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်းက ၃ဝ ရာခိုင်နှုန်း၊ နော်ဝေအစိုးရ၏ Norfund က ၃ဝ ရာခိုင်နှုန်းနှင့် ရိုးမ မဟာဗျူဟာဦးပိုင်လီမိတက်က ၃၅ ရာခိုင်နှုန်းစီ အသီးသီး ပူးပေါင်းရင်းနှီးမြှုပ်နှံထားပြီး ကျန်ငါးရာခိုင်နှုန်းကို ၎င်းက ပိုင်ဆိုင်မည်ဟု သိရပါသည်။
စီမံကိန်းအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၈ သန်းအထိ ရင်းနှီးမြှုပ်နှံရမည်ဟု ခန့်မှန်းထားသည်။
ဝိုင်အမ်ပီသည် ပြီးခဲ့သောနှစ်က စစ်ကိုင်းတိုင်းတွင် ကနဦးအနေဖြင့် ဓာတ်အားပေးစက်ရုံ ၁ဝ ခု ဆောက်လုပ် ပြီးစီးခဲ့ပြီး ယခုနှစ်တွင် ဆက်သွယ်ရေးတာဝါတိုင်များမှ ကျေးလက်ဒေသများထံ လျှပ်စစ်ပေးရန် ရည်မှန်းထားသည်။
စစ်ကိုင်းတိုင်းဒေသရှိ အဆိုပါအသေးစားဓာတ်အားပေးစက်ရုံများသည် ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၁ဝ ခုကို အသုံးပြုကာ ကျေးရွာလေးရွာမှ လူပေါင်း ၇ဝဝ ကျော်ကို လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် ဓာတ်အားပေးစက်ရုံ ၂,ဝဝဝ စီမံကိန်းအကောင်အထည်ဖော်ရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ အဆိုပြုလွှာ တင်ထားဆဲဖြစ်ကာ ခွင့်ပြုချက်ရရှိမည်ဟု ယုံကြည်ကြောင်း ၎င်းတို့က ပြောခဲ့ပါသည်။
အစိုးရက ပေးသောလျှပ်စစ်သည် တပ်ဆင်စရိတ်များသည့်အတွက် ငွေကုန်ကျမှု ပိုများပြီး ဝိုင်အမ်ပီက လုပ်ဆောင်သော ဈေးနှုန်းသည် တပ်ဆင်မှုကုန်ကျစရိတ်နည်းပြီး သုံးစွဲမှုအပေါ်လိုက်ကာ မီတာခပေးချေရသည့် အတွက် နောင် ၁၅ နှစ်အထိ အစိုးရလျှပ်စစ်မီတာခထက် ပိုလျော့နည်းနေမည်ဟု ၎င်းက ပြောခဲ့ပါသည်။
Source: Myanmar Times