၈ ရက် ဇန်နဝါရီလ ၂၀၁၈ ခုနှစ် မှာ ကျင်းပတဲ့ စက်မှုကုန်ထုတ်လုပ်သူများအသင်း (MIA )AGM မှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က ပြောပြသွားတာမှာ နှစ်ပိုင်းပါတယ်။ သူက ဆောက်လုပ်ရေးကနေ လျှပ်စစ်နဲ့စွမ်းအင်ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှာ ပြောင်းလာတဲ့သူဆိုတော့ ဆောက်လုပ်ရေးမှာ သူ တာဝန်ယူခဲ့စဉ်က လုပ်ကိုင်ပေးခဲ့တာတွေကို ပြောပြတယ်။ အဲဒါက တစ်ပိုင်း။
နောက်တစ်ပိုင်းက ယခုလက်ရှိတာဝန်မှာ လျှပ်စစ်အတွက် လုပ်ကိုင်တာတွေကို ပြောပြတယ်။
ပထမတစ်ပိုင်းမှာ ၀ါးတားဂိတ်အကြောင်း တံတားဖြတ်သန်းခအကြောင်း ပြောပြတယ်။
ဒုတိယအပိုင်းမှာ လာမယ့် နွေရာသီ လျှပ်စစ် ရရှိနိုင်မယ့် အခြေအနေ၊ ပင်လယ်ကမ်းခြေမှာ တည်ဆောက်မယ့် ဓာတ်အားစက်ရုံ အကြီးကြီး နှစ်ခု ၊ ဖရီကွင်စီ မှန်စေခြင်း စတာတွေကို ပြောပြသွားပါတယ်။ ၂၅ မိနစ်၀န်းကျင် ပြောပြသွားတာကို တင်ပြအပ်ပါတယ်။
စက်မှုလုပ်ငန်းတွေ အောင်မြင်ဖို့ အခြေခံအဆောက်အအုံတွေ ကောင်းဖို့လိုတယ်ဆိုတာ နှစ်တိုင်းပြောခဲ့ကြပြီး နောက်နှစ်တွေမှာလဲ အဲဒီ ဆင်ခြေတွေနဲ့ပဲ ပြောနေကြရပြန်တယ်။ နှစ်တိုင်း ဒီဇာတ်လမ်းတွေပဲ ပြန်ပြောနေလို့တိုင်းပြည် မတိုးတက်။ အဲဒီဇာတ်လမ်းကို ပြောင်းလဲပစ်ဖို့ လိုတယ်။ အစိုးရပိုင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်ပိုင်း နှစ်ပိုင်းစလုံးမှာ မိမိလုပ်ရမယ့်တာဝန်ကို တာဝန်ယူ တာဝန်ခံပြီး လုပ်ကိုင်ကြတဲ့ ပုံစံမျိုးကို ပြောင်းကြရမယ်။
ပြောင်းတာမှာ စာရွက်ပေါ်မှာပဲ ပြောင်းနေလို့ မရဘူး။ ကဏ္ဍအသီးသီးမှာ ပြောင်းလဲဖို့ လိုတာတွေကို လက်တွေ့ ပြောင်းလဲတဲ့အခါ ဆုံးဖြတ်ချက်တွေ မှန်ဖို့ လိုတယ်။ planning ကောင်းဖို့ လိုပြီး ပေါင်းစပ်ပေါင်းမှုဖြစ်မယ့်integrated planning ဖြစ်ဖို့ လိုတယ်။ small focus သေးသေးလေးတွေ ကြည့်ပြီး လုပ်ရင် ပြန်ပြီး ပေါင်းစပ်ပေါင်းစည်းမှု မရလို့ plan တွေက မအောင်မြင်ဘူးလို့ ၀န်ကြီးက ရှင်းပြပါတယ်။
အဲဒီလို လုပ်ကိုင်တာမှာ နှစ်ပေါင်းများစွာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေထဲမှာ အကြောင်းရင်းခံ root cause ကို ရှာဖို့ လိုတယ်။ အကြောင်းရင်းခံကို သိထားမှ ပြဿနာတွေကို စနစ်တကျ ဖြေရှင်းလို့ရမယ်လို့ သူက ရှင်းပြတာမှာသစ်ပင်နဲ့ ဥပမာ ပေးပါတယ်။ ‘‘သစ်ပင်ကို ကိုင်းဖျားကိုင်းနားလောက်ပဲ ခုတ်နေရင် နောက်နှစ်ကျ ဒီပြဿနာက ပြန်ပေါ်လာဦးမှာပဲ’’ လို့ သူက ရှင်းပြပါတယ်။
၀န်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ တာဝန်ယူခဲ့ရစဉ်တုန်းက လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာ ဆောင်ရွက်ခဲ့တာကို ပြောပြပါတယ်။ လမ်းမပေါ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေမှာ ဂိတ်တွေထားပြီး စစ်ဆေးတာ၊လမ်းကြေးတောင်းခံတာတွေ ရှိနေပါတယ်။ ၀ါးလုံးရှည်ကို မောင်းတံလုပ်ပြီး တားကြလို့ ‘၀ါးတားဂိတ်’ လို့ ခေါ်ကြတဲ့ဂိတ်တွေကို ၀န်ကြီးက ကိုင်တွယ်ပေးခဲ့ပုံကို ပြောပြပါတယ်။
‘‘ကျွန်တော် တာဝန်ယူတဲ့ ဧပြီလ ၁ ရက်နေ့မှာပဲ ဂိတ်ပေါင်း ၃၂၀ မှာ ၁၆၂ ခုကို တစ်ခါတည်း အပြတ်ပိတ်ပစ်လိုက်ပါတယ်’’ လို့ သူက ပြောပြပါတယ်။
ဂိတ်တွေက အခကြေး ကောက်ခံပေမဲ့ ဘာမှ ဆောင်ရွက်မှု မရှိဘူး။ ပြည်သူလူထု သွားလာမှုမှာ ၀ါးလုံးရှည်နဲ့ တားပြီး ငွေတောင်းခံနေတာနဲ့ ပတ်သက်လို့ သူက အခုလို ပြောပါတယ်။ ‘‘ပြည်သူလူထုကလည်း မနှစ်မြို့ဘူး။
ကုန်သည်တွေအတွက်လည်း အဆင်မပြေပါဘူး။ အဲဒီက ရတဲ့ငွေတွေနဲ့ လမ်းကောင်းဖို့ကိုလည်း ဘာမှ မဆောင်ရွက်ခဲ့ပါဘူး’’ ယခုလို အခြေအနေမျိုးမှာ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ဖို့ လိုအပ်တာမို့ ဂိတ်တွေကို ဖျက်သိမ်းဖို့ဆုံးဖြတ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
လမ်းတွေကို ကောင်းဖို့၊ ချောမွေ့ဖို့၊ ယာဉ်မောင်းနှင်နိုင်မှု မြင့်တက်ဖို့၊ မောင်းနှင်နိုင်တဲ့ အမြန်နှုန်း တက်လာဖို့ ဦးစားပေးပြီး ဆောင်ရွက်ခဲ့ကြောင်း သူက ပြောပြပါတယ်။
တံတားကြေး ကောက်ခံတာမှာ ရန်ကုန်မြို့တွင်း သွားလာမှုမှာ တံတားကြေး ပေးကြရတာကို ဧပြီလ ၁ ရက် ၂၀၁၇ ခုနှစ်မှာ ဖျက်သိမ်းခဲ့ကြောင်း ၀န်ကြီးက ပြောပြပါတယ်။ ရန်ကုန်မြို့မှာ ရှိရှိသမျှ တံတားအားလုံးတံတားဖြတ်သန်းခ လုံးဝမပေးရတော့ပါဘူး။ ‘‘လမ်းပန်းဆက်သွယ်ရေး ချောမွေ့စေဖို့ ကြွေးကြော်သံတွေ ပြောနေရုံဖြင့် ပျောက်မသွားပါဘူး။ လက်တွေ့ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ လုပ်ပါတယ်။
ဒါတွေ မကောက်ခံတော့တဲ့အတွက် နိုင်ငံတော်မှာ ၀င်ငွေ လျော့ပါတယ်။ သို့သော် တံတားဖြတ်သန်းခရတဲ့ ၄ ဘီလျံကို ကြည့်မလား။ အဲဒီတံတားကို အခမဲ့သွားလို့ရတဲ့အတွက် ဖြစ်ပေါ်လာမယ့် အကျိုးတွေကိုကြည့်မလား။
ပြည်သူလူထု၊ ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေ အလုပ်လုပ်လို့ ပိုကောင်းသွားတယ်။ အဲဒီကနေ နိုင်ငံတော်ရဲ့ စီးပွားရေး၊ အလုပ်အကိုင် ရရှိရေး စတာတွေ ပိုမိုတက်လာတာကို ကြည့်မလား။ ဒီအတွက် ကျပ် ၄ ဘီလျံကိုအဆုံးခံပါတယ်’’
မြစ်ကြီးနား-ပူတာအိုကို မိုးရာသီမှာ ၁၃ နာရီဖြင့် သွားလို့ရအောင် လမ်းပြင်ပေးခဲ့ပါတယ်။ ‘‘တစ်နှစ်လာလည်း သွားလို့မရဘူး။ နောက်တစ်နှစ်မှာလည်း သွားလို့ မရဘူး ဖြစ်နေတာတွေဟာ တကယ်ဆောင်ရွက်မယ်ဆိုရင်ပြေလည်သွားမှာ ဖြစ်ပါတယ်’’ လို့ သူက ရှင်းပြပါတယ်။ ယခုလို လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်မှုကြောင့် ကုန်ဈေးနှုန်း သိသိသာသာ ကျသွားခဲ့ပါတယ်။ သယ်ယူပို့ဆောင်ခတွေ ကျသွားလို့ ဒေသခံပြည်သူလူထုစိတ်ချမ်းသာကြပါတယ်။
‘‘ဒါမျိုးတွေက လုပ်ပေးမယ်ဆိုရင် လုပ်လို့ ဖြစ်ပါတယ်။ မလုပ်ပေးလို့သာ မဖြစ်ခဲ့တာ ဖြစ်ပါတယ်’’ လို့ ၀န်ကြီးက ရှင်းပြပါတယ်။
လမ်းတွေကောင်းလာခြင်း၊ အတားအဆီး အနည်းဆုံးဖြစ်ခြင်းတို့ကို ဆက်လက်ထိန်းသိမ်းသွားဖို့ လိုအပ်ပြီး လုပ်ငန်းရှင်များ ကုန်သည်များအနေဖြင့် ကုန်တင်ယာဉ်များ ၀န်ပိုသယ်ဆောင်ခြင်းများ မပြုအောင် ထိန်းသိမ်းပေးရမှာဖြစ်ပါတယ်။ အဲဒါကြောင့် အစိုးရပိုင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်ပိုင်း နှစ်ဦးနှစ်ဖက် မိမိလုပ်ရမယ့်ဟာတွေကို တာဝန်ယူ တာဝန်ခံပြီး လုပ်ကိုင်ကြဖို့ လိုပါတယ်လို့ ၀န်ကြီးက ပြောကြားခဲ့ပါတယ်။
လျှပ်စစ်ကဏ္ဍနဲ့ ပတ်သက်၍ ပြောကြားခဲ့တာမှာ မကောင်းဘူး၊ မလုံလောက်ဘူး။ ပြတ်တောက်တယ်။ အားမပြည့်ဘူးစတဲ့ ဇာတ်လမ်းတွေကိုပဲ နှစ်ပေါင်းများစွာ ပြောခဲ့ကြရပါတယ်။ အဲဒီပြဿနာတွေအတွက် အကြောင်းရင်းခံroot cause တွေကို ရှာဖွေရပါတယ်။
‘‘ကျွန်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ တာဝန်တွေ ယူထားတဲ့အပြင် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကို ၅ လတိတိ ပူးတွဲပြီး တာဝန်ယူခဲ့ပါတယ်။ အဲဒီ ၅ လမှာ ကျွန်တော် လေ့လာပါတယ်’’ လို့ ၀န်ကြီးက ပြောပြပါတယ်။
လျှပ်စစ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေရဲ့ အောက်ခံအလွှာများအဖြစ် ရှိနေတဲ့ ကိစ္စရပ်တွေကို လေ့လာခဲ့တာမှာ နည်းပညာပိုင်းဆိုင်ရာတွေ အများအပြားပါတဲ့အပြင် စွမ်းအင်ကို စီမံခန့်ခွဲမှု၊ လျှပ်စစ်ဓာတ်အား စီမံခန့်ခွဲမှုတွေလည်းပါ၀င်ကြောင်း တွေ့ခဲ့ရတယ်လို့ သူက ပြောပြပါတယ်။ လျှပ်စစ်စွမ်းအင် မရှိသည်မဟုတ်။ လျှပ်စစ်ထုတ်ရန် စက်တပ်ဆင်ပြီးသား ထုတ်လုပ်နိုင်စွမ်း မီဂါ၀ပ် ၅,ဝဝဝ ရှိနေပြီး စနစ်တကျ စီမံခန့်ခွဲရေး လုပ်ပေးနိုင်မယ်ဆိုရင်နွေရာသီမှာ ဓာတ်အားပြတ်တောက်ခြင်ကိစ္စမျိုးကို စီမံဆောင်ရွက်ပေးလို့ ရပါတယ်။ နည်းပညာပိုင်းမှာ ဓာတ်အားပို့လွှတ်နေတာမှာ frequency မမှန်။ အမျိုးမျိုး ဖြစ်နေတဲ့အတွက် ဓာတ်အား မတည်ငြိမ်ခြင်း၊ ဗို့အားဆောင့်တက်ခြင်း၊ ဗို့အားထိုးကျခြင်းတို့ ဖြစ်ပွားနေရခြင်းဟာ ဖရီကွင်စီကို မထိန်းနိုင်လို့ ဖြစ်ပါတယ်။ အဲဒါကြောင့် ဖရီကွင်စီကို တစ်တိုင်းတစ်ပြည်လုံး ပြန်ထိန်းပေးခဲ့တယ်။ မြန်မာနိုင်ငံမှာ သုံးစွဲသည့် စံဖရီကွင်စီမှာ ၅၀ ဟပ်ဇ်ဖြစ်ပါတယ်။ ဗို့အားမှာ ၂၃၀ ဖြစ်ပါတယ်။ ဖရီကွင်စီကို မထိန်းပေးနိုင်လို့ ပြဿနာတွေ ရှိနေခဲ့ပါတယ်။
ဓာတ်အားထုတ်လုပ်မှုအပိုင်း ဓာတ်အားထုတ်လုပ်တဲ့စက်ရုံတွေ အကုန်လုံး၊ ဖြန့်ဝေတဲ့အပိုင်း ဓာတ်အားခွဲရုံတွေ အားလုံး၊လျှပ်စစ်ဝန်းကြီးဌာနမှ တာဝန်ရှိသူများအားလုံးကို ဖရီကွင်စီ ထိန်းစေခဲ့တယ်။ ယခုလို ထိန်းလိုက်တဲ့အတွက် နည်းပညာဆိုင်ရာအပိုင်းမှာ ဆောင်ရွက်ရသည်များ ရှိသော်လည်း အများစုအဖို့ ဗို့အားတည်ငြိမ်မှု ရရှိသွားကြပါတယ်။
‘‘အခု ကျွန်တော်တို့ တိုင်းပြည်မှာ ဗို့အား တက်လိုက်ကျလိုက်ဆိုတာ သိပ်ဝေးလံလို့ လိုင်းသိပ်ရှည်နေတဲ့ နေရာတွေကလွဲလို့ တော်ရုံတန်ရုံသာ ဝေးကွာတဲ့နေရာတွေမှာ ဗို့အားတည်ငြိမ်မှု စတင်ရရှိတဲ့အပြင် တစ်နေရာမှာလျှပ်စစ် ပိတ်ချရတယ်ဆိုရင် နောက်တစ်နေရာကနေ ယူပြီး အလွယ်တကူ(သုံးစွဲသူတွေ) မသိသာစေဘဲ ချက်ချင်းပေးလို့ ရနေစေပါတယ်’’ လို့ ၀န်ကြီးက ရရှိသည့် အကျိုးထူးများကို ရှင်းပြပါတယ်။
ထုတ်လုပ်မှုနဲ့ သုံးစွဲမှုကို ကြည့်ရင် မြန်မာပြည်ရဲ့ လက်ရှိမှာ လျှပ်စစ်ထုတ်ရန် စက်တပ်ဆင်ပြီးသား ထုတ်လုပ်နိုင်စွမ်း ၅၀၀၀ ရှိပေမဲ့ အမှန်တကယ် ပုံမှန်အားဖြင့် ၃၀၀၀ ကျော်သာ ရှိပါတယ်။ သုံးပုံနှစ်ပုံကို ရေအားလျှပ်စစ်မှပေးပြီး ကျန်တဲ့ သုံးပုံတစ်ပုံကို ပြည်တွင်းထွက် ဓာတ်ငွေ့ကို သုံးစွဲပြီး လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖြန့်ဖြူးပါတယ်။
ရေအားလျှပ်စစ်သည် ရာသီအလိုက် ထွက်အား ပြောင်းလဲမှု ရှိတတ်ပါတယ်။ နွေရာသီမှာ ရေကုန်ခန်းတာကြောင့် ဓာတ်အားထုတ်လုပ်မှု လျော့ကျလေ့ရှိပါတယ်။
‘‘အဲဒါကို ကျွန်တော်တို့ ပူစရာ မလိုပါဘူး’’ လို့ ၀န်ကြီးက ပြောပါတယ်။ နွေရာသီမှာ ထုတ်လုပ်နိုင်စွမ်း ဆက်ထိန်းထားဖို့ လိုအပ်တဲ့ရေပမာဏကို စုဆောင်းထားပါတယ်။ ဒီတော့ ပုံမှန်ဆက်လက်ထုတ်လုပ်ပေးနေနိုင်မှာဖြစ်ပါတယ်။
ဓာတ်ငွေ့နဲ့ ထုတ်လုပ်မှုအပိုင်းမှာတော့ ကိစ္စ ရှိနေတယ်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ပြည်တွင်းထွက် ဓာတ်ငွေ့ထွက်ရှိမှုအပေါ် တည်မှီနေတယ်။ ဓာတ်ငွေ့မရှိရင် လုပ်လို့မရတာမို့ ဓာတ်ငွေ့ကို အသုံးပြု ထုတ်လုပ်ရတဲ့ဓာတ်မြေသြဇာစက်ရုံတွေ စွမ်းအားပြည့်လည်ပတ် ထုတ်လုပ်နိုင်ခြင်း မရှိဘဲ လျှော့ပြီး ထုတ်လုပ်နေကြရတယ်။ ဓာတ်အားစက်ရုံတွေမှာလည်း ရပ်ထားရတဲ့အချိန်အခါတွေ ရှိပါတယ်။ ပြည်တွင်းထွက်ဓာတ်ငွေ့ကိုချည်းအားကိုးထားတာမို့ ပြည်တွင်းဓာတ်ငွေ့ အလုံအလောက်မရတဲ့အခါ ယခုလို ကိစ္စရပ်တွေ ရှိနေစေပါတယ်။ ပြည်တွင်းဓာတ်ငွေ့ ထွက်ရှိမှုက ဘောင်ခတ်တာ ခံထားရပါတယ်။
၂၀၂၀-၂၀၂၁ ခုနှစ်ကို ခန့်မှန်းကြည့်တဲ့အခါ နောက်ထပ် ၃၀၀၀ မီဂ္ဂါ၀ပ် လိုအပ်နေတယ်။ လောလောဆယ်မှာ လိုအပ်မှုက ၁၇ မှ ၂၀ ရာခိုင်နှုန်းအထိ ကြီးထွားနေပါတယ်။ အဲဒီကြီးထွားမှုကို အမီလိုက်ဖို့ နည်းလမ်းများရှာဖွေရာမှာ ရေအားထုတ်လုပ်မှုမှာ စက်တွေ ရောက်နေပြီး ဆောက်လုပ်ရေးအပိုင်း ဘတ်ဂျက်မရှိလို့ မလုပ်နိုင်သေးတာတွေကို ဘတ်ဂျက်ထည့်ပြီး လုပ်ကိုင်စေခဲ့ပါတယ်။ အထက်ပေါင်းလောင်း၊ ရဲရွာ စသည်တို့ထံမှ ၂၀၂၀ခုနှစ်မှာ မီဂ္ဂါ၀ပ် ၄၉၀ ခန့် ရရှိနိုင်တယ်။
ဓာတ်ငွေ့သုံးစွဲပြီး ထုတ်လုပ်တဲ့ စက်တွေ အတော်အိုနေပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅ နှစ်တုန်းက တည်ခဲ့တဲ့စက်တွေ ဖြစ်ပါတယ်။ ဒီတော့ အကျိုးထိထိရောက်ရောက်ဖြင့် ထုတ်လုပ်နိုင်ခြင်း မရှိတော့ ရှားရှားပါးပါးဓာတ်ငွေ့တွေသုံးရကျိုး မနပ်ပါဘူး။ ပေးသွင်းရတဲ့ ဓာတ်ငွေ့ကြောင့် ရရှိတဲ့ဓာတ်အားပမာဏ ထိုက်ထိုက်တန်တန် မရှိပါဘူး။ စက်အိုစက်ဟောင်းများဖြင့် မောင်းရတဲ့အတွက် လျှပ်စစ်ပမာဏ ထွက်ရှိမှု ၆ ဆ လျော့နည်းနေတာမို့ စက်တွေကောင်းမွန်အောင် နည်းလမ်းအသွယ်သွယ်ဖြင့် လုပ်ကိုင်ပြီးတဲ့အခါ ရ၀၀ မီဂါ၀ပ်ဝန်းကျင် ပိုမိုရရှိမှာ ဖြစ်ပါတယ်။
သို့သော် မလုံလောက်သေးချေ။ ဓာတ်ငွေ့ရယူတဲ့ ရတနာနဲ့ ရဲတံခွန်တို့ဟာ ရှေ့လျှောက် ထွက်အား ကျဆင်းသွားမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၃၀ ထုတ်ယူပြီးရင် ယခုလို ထွက်အား ကျဆင်းစမြဲ ဖြစ်ပါတယ်။
ထပ်မံလိုအပ်မယ့် လျှပ်စစ် ၃၀၀၀၊ ဓာတ်ငွေ့ထွက်အား ကျဆင်းခြင်းတို့ကို ဖြေရှင်းပေးနိုင်တာက LNG ဖြစ်ပါတယ်။ LNG ကို ပြည်ပမှ တင်သွင်းရမှာမို့ နိုင်ငံခြားငွေ ကုန်ကျမှု ရှိနေတယ်။ ဒါပေမဲ့ ကာလတိုနဲ့ ကာလလတ်တို့အတွက် LNG ကို သုံးသင့်ပါတယ်။ ယခုအခါ LNG သုံးစွဲခြင်းနဲ့ ပြည်တွင်းဓာတ်ငွေ့ သုံးစွဲခြင်းတို့ဟာ အတူတူလောက် ဖြစ်နေပါတယ်။ ဈေးအားဖြင့် LNG သုံးစွဲတာ တွက်ခြေကိုက်ပါတယ်။
LNG နဲ့ ဓာတ်အားထုတ်လုပ်မှုဟာ ထုတ်လုပ်နိုင်စွမ်းအား မြင့်မားပြီး ရလာတဲ့ လျှပ်စစ်စွမ်းအင်က ဈေးသက်သာပါတယ်။
၀န်ကြီးက’’ ကျွန်တော်တို့ ၁၀၀၀ မီဂါ၀ပ်အထက် စက်တွေကို စဉ်းစားပါတယ်။ ဒီတော့ ပင်လယ်ကမ်းနားမှာ လုပ်ရဖို့ဆိုတဲ့ အဖြေတစ်ခု ထွက်ပါတယ်။ ဘာလို့လဲဆိုတော့ LNG သယ်ဆောင်တဲ့ သင်္ဘောကြီးတွေကအရွယ်အစားကြီးမားပါတယ်’’ လို့ ရှင်းပြပါတယ်။
LNG တင်ထားချိန်မှာ ရေစူးများတာမို့ ပင်လယ်ကမ်းနားမှာ ဆိပ်ကမ်းကိုပါ စက်ရုံနဲ့အတူ တွဲဆောက်ပြီး LNG ကို ရယူကြလေ့ရှိပါတယ်။
LNG ဓာတ်အားစက်ရုံ ၃ခု၊ CCTG (Combined Cycle Gas Turbine)ဓာတ်အားစက်ရုံတစ်ခုတို့ကို သုံးနှစ်အတွင်း ထူထောင်သွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းစတင်နိုင်ကြောင်း စာချုပ်ကို ဇန်နဝါရီလကုန်မှာ ချုပ်ဆိုမှာဖြစ်ပါတယ်။
မြန်မာပြည်တောင်ပိုင်း တနင်္သာရီ တိုင်းဒေသကြီး ကံပေါက်ဒေသမှာ ၁၂၃၀ မီဂါ၀ပ်၊ ဧရာဝတီတိုင်းဒေသကြီး မြောက်ပိုင်း မီးလောင်ချိုင့်မှာ ၁၃၉၀ မီဂါ၀ပ် ထုတ်လုပ်မယ့် ဓာတ်အားထုတ်လုပ်မှု စက်ရုံအကြီးစားနှစ်ခုပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
transmission line ဓာတ်အားပို့လွှတ်လိုင်းတွေကိုလည်း တစ်ပြိုင်တည်း ထူထောင်သွားမှာ ဖြစ်ပါတယ်။ ဒီတော့ ၂၀၀၀-၂၀၂၁ မှာ ဓာတ်အား ၃၀၀၀ မီဂါ၀ပ် ထပ်တိုးပြီး ရရှိမှာ ဖြစ်ပါတယ်။ ဓာတ်အားဖြန့်ဖြူးတဲ့လိုင်းများမှာအိုမင်းနေပြီ။ သုံးစွဲထားတဲ့ နည်းပညာတွေကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်တုန်းက နည်းပညာတွေဖြစ်လို့ ထိရောက်အကျိုးရှိမှု သိပ်မကောင်းကြချေ။ ဓာတ်အား ဖြန့်ဖြူးတဲ့ ကျောရိုးကြီးများကို ပြန်လည်ထူထောင်ပေးဖို့လိုအပ်နေပါတယ်။ အဲဒီအတွက် ထားဝယ်ဘက်မှ ရရှိမယ့် ဓာတ်အားအတွက် တောင်ပိုင်းကွန်ရက် southern grid ကို ထူထောင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုမှ ဧရာဝတီတိုင်းမြောက်ပိုင်းမှ လာမယ့်ဓာတ်အားများအတွက်အနောက်ပိုင်းကွန်ရက် western grid ကို ထူထောင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ လှိုင်သာယာအထိ ရောက်ရှိပြီး western grid မှ ဓာတ်အားများ ၀င်လာပါမယ်။ နောက်ထပ်ကွန်ရက်တစ်ခုက မြောက်ပိုင်းကွန်ရက် northerngrid ဖြစ်ပြီး မြန်မာပြည် မြောက်ဖျားမှ ရေအားလျှပ်စစ်များမှ ထုတ်လုပ်တဲ့ ဓာတ်အားများအတွက် ဖြစ်ပါတယ်။ မန္တလေးနဲ့ ရန်ကုန်ကို သယ်ဖို့အတွက် သုံးစွဲမှာ ဖြစ်ပါတယ်။ အဲဒီကွန်ရက်တွေဟာ ၅၀၀ ကေဗီဓာတ်အားလိုင်းတွေဖြစ်ပါတယ်။
နောက်တစ်ခုက အရှေ့ပိုင်းကွန်ရက် eastern grid ဖြစ်ပါတယ်။ သံလွင်မြစ်သာမက တရုတ်ပြည်ဘက်မှ နောင်တစ်ချိန်မှာ လာဖို့ အလားအလာရှိတဲ့ ဓာတ်အားတွေအတွက် ဖြစ်ပါတယ်။ နယ်ခြားကျော်ဖြတ်တဲ့ဓာတ်အားပေးလိုင်းတွေ လာခဲ့သည်ရှိသော် အဆင်သင့် ဖြစ်နေစေဖို့ ဖြစ်ပါတယ်။
အဲဒီ master plan အရ တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်နေတာ ၂၀၂၀-၂၁ မှာ ဓာတ်အားတွေ ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး နှစ်ရှည်ကြာစွာ ရှိနေခဲ့တဲ့ လျှပ်စစ်ပြဿနာကို တစ်ဖြတ်တော့ ရှင်းပေးနိုင်လိမ့်မယ်လို့၀န်ကြီးက ပြောကြားပါတယ်။
ယခုလို အစီအမံအသစ်တွေ ဆောင်ရွက်တာအတွက် သတင်းကောင်းတစ်ခုကတော့ ၁၀၀၀ မီဂါ၀ပ်ကို နွေရာသီမှာ အရန်သင့် ထားပေးနိုင်တာ ယခုအကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား ထပ်တိုးပြီးလိုအပ်တာက တစ်နှစ်ကို ၁၀၀၀ နဲ့ ၁၅၀၀ မီဂါ၀ပ်ကြားမှာ ရှိတယ်လို့ ၀န်ကြီးက ပြောပြပါတယ်။ ယခုလို ၃၀၀၀ မီဂါ၀ပ် ရတော့မယ်ဆိုတာကို ကြေညာလိုက်တာနဲ့ ရင်းနှီးမြှုပ်နှံသူတွေက လျှပ်စစ်ဓာတ်အားအတွက်စိတ်ချယုံကြည်မှု ရရှိပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလာကြတဲ့အခါ လျှပ်စစ်ပမာဏာ ထပ်တိုးပြီး လိုအပ်မှု မြင့်တက်မှာ ဖြစ်ပါတယ်။ လက်ရှိအနေအထား လျှပ်စစ်ပမာဏာ ပုံမှန်အားဖြင့် ထပ်တိုး လိုအပ်နှုန်း ၁၅ မှ ၁၇ ရာခိုင်နှုန်းမကမြင့်တက်သွားနိုင်ပါတယ်။ အဲဒါကိုလည်း ဖြေရှင်းပေးသွားရမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေဖြင့် ဓာတ်အားစက်ရုံသစ်ကြီး ၂ခုမှ ဓာတ်အားများ မရခင်စပ်ကြား မြန်မာတစ်ပြည်လုံးရှိ စက်မှုဇုန်များတွင် ကြံုတွေ့နေရသည့် လျှပ်စစ်ပိုင်းဆိုင်ရာ အခက်အခဲများကိုလည်း ဖြေရှင်းပေးသွားမှာ ဖြစ်ကြောင်းလည်း၀န်ကြီးက ပြောကြားပါတယ်။ မကြာခင်မှာ နေပြည်တော်ကို ဖိတ်ကြားပြီး တင်ပြစရာရှိသည်တို့ကို နားထောင်ပေးပြီး တတ်နိုင်သရွေ့ ဆောင်ရွက်ပေးနိုင်တာတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း အသိပေး ပြောကြားပါတယ်။
###Industrial Directory