နိုင်ငံတကာအဆင့်မီစက်မှုဇုန်တည်ထောင်ရန် ကိုရီးယားကုမ္ပဏီတစ်ခုက ခွင့်ပြုချက်တောင်းခံ


31 August, 2018

ကျိုက်ထိုမြို့နယ် စစ်တောင်းစက္ကူစက်ရုံမြေနေရာတွင် ကန်ဒေါ်လာငါးသန်းရင်းနှီးမြှုပ်နှံ၍ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်တည်ထောင်ရန် ကိုရီးယားကုမ္ပဏီတစ်ခုက ခွင့်ပြုချက်တောင်းခံထားကြောင်းမွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

ဧက ၁,၂၀၀ ကျော်ကျယ်ဝန်းသောအဆိုပါ စက်ရုံမြေတွင် ရွှေသံလွင်ကုမ္ပဏီလီမိတက်က လုပ်ငန်းဆက်လက်ဆောင်ရွက်ရန် မရှိတော့သဖြင့် ၂၀၁၇ နိုဝင်ဘာ ၃၀ ရက်ကစ၍ စက်ရုံပိတ် သိမ်းကြောင်းကြေညာပြီး စက်ရုံကို မွန်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။

အဆိုပါမြေတွင် စက်မှုဇုန်တည်ထောင်ရန် Korean Industry Complex ကုမ္ပဏီလီမိတက်က ပြည်နယ်အစိုးရအဖွဲ့ထံ ခွင့်ပြုချက်တောင်းခံပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ထံခွင့်ပြုချက်တင်ရမည် ဖြစ်ကြောင်း ဦးထွန်းဌေးကပြောသည်။

‘‘သူတို့လာတင်ပြထားတဲ့အပေါ်မှာ မူအားဖြင့် ပြည်နယ်အစိုးရက သဘောတူထားတယ်။ နိုင်ငံတကာကလာတယ်၊ စက်မှုလုပ်ငန်းတွေ၊ စက်ရုံတွေအတွက်ပါ။ ပြည်နယ်သဘောတူညီချက်ရရင် MIC တင်ပြရမယ်။ ပြည်နယ်မှာ ပထမဆုံး စက်မှုဇုန်ကြီးရှိလာမယ်’’ ဟု ဦးထွန်းဌေးကပြောသည်။

မွန်ပြည်နယ်တွင် မော်လမြိုင်စက်မှုဇုန်နှင့် ကျောက်တန်းစက်မှုဇုန်နှစ်ခုသာရှိပြီး အဆိုပါ စက်မှုဇုန်ရှိ လုပ်ငန်းအများစုသည် အသေးစားလုပ်ငန်းများနှင့် အသေးစားစက်ရုံများဖြစ်သည်။

အမှတ် (၁) စစ်တောင်း စက္ကူစက်ရုံသည် မြန်မာနိုင်ငံတွင်ရှိသော ပျော့ဖတ်နှင့် စက္ကူ စက်ရုံသမိုင်းတွင်ပထမဆုံးတည်ထောင်သည့် စက်ရုံဖြစ်ပြီး မြန်မာ - တရုတ်စီးပွားရေးနှင့် ကျွမ်းကျင်မှုပူးပေါင်းဆောင်ရွက်သော သဘောတူစာချုပ်အဖြစ် ၁၉၆၁ က နှစ်နိုင်ငံချစ်ကြည်ရေးဖြင့် စတင်တည်ထောင်ခဲ့ကာ ၁၉၇၀ - ၇၁ တွင် စမ်းသပ်လည်ပတ်ခဲ့သည်။

နှစ် ၄၀ လည်ပတ်ခဲ့ပြီး ၂၀၁၁ ကစတင်၍ ရွှေသံလွင် ပုဂ္ဂလိက ကုမ္ပဏီသို့လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခဲ့သည်။ 

Local News Read 596 times