ပြည်ပဆန်တင်ပို့မှု လျော့နည်းခြင်းကြောင့် လာမည့်နွေစပါး အသစ်ပေါ်ချိန်တွင် စပါးဈေးကျဆင်းလာနိုင်ကြောင်း ဆန်ကုန်သည်အချို့က ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံမှ ဝယ်လိုအားလျော့နည်းခြင်း၊ အီးယူနိုင်ငံများမှ မြန်မာ့ဆန်အဝယ်လျော့ကျခြင်းကြောင့် ၂၀၁၈ ဧပြီမှ ၂၀၁၉ မတ်လကုန်အထိ ပြည်ပဆန်တင်ပို့မှု သုံးပုံတစ်ပုံခန့် လျော့ကျနိုင်ပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃ ဒသမ ၅ သန်း တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ် ကာလတူတွင် တန်ချိန်နှစ်သန်းကျော်သာ တင်ပို့နိုင်မည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ခန့်မှန်းထားပါတယ်။
ပြည်တွင်း၌ ဆန်လက်ကျန် တန်ချိန် တစ်သန်းကျော်ရှိနေခြင်းက မကြာမီလများတွင် အသစ်ပေါ်ထွက်မည့် နွေစပါးအတွက် စိုးရိမ်ကြောင်း ဖေဖော်ဝါရီ ၉ ရက်က မန္တလေးမြို့၌ ပြုလုပ်သော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ညီလာခံတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားပါတယ်။ ‘‘အဲဒီလိုစိုးရိမ်တဲ့အတွက် ကျွန်တော်တို့ ဘယ်လိုများ စီမံကြမလဲဆိုတာ အကြိတ်အနယ်ဆွေးနွေးနေပါတယ်’’ ဟု ဦးချစ်ခိုင်က ပြောပါတယ်။
ထို့အပြင် ၂၀၁၈ ကစတင်ပြီး တစ်နှစ်တစ်ကြိမ် သတ်မှတ်ရမည့် အခြေခံရည်ညွှန်းနှုန်း ကြမ်းခင်းဈေးသတ်မှတ်နိုင်ရေး ဦးချစ်ခိုင်က အစိုးရထံတင်ပြတောင်းဆိုပါတယ်။ လက်ရှိပြည်တွင်း အခြေအနေအရ စပါးဈေးက ကြမ်းခင်းဈေးအောက် ကျဆင်းမည်ဆိုပါက ဝယ်ယူရမည့် အခြေအနေနှင့်ပတ်သက်ပြီး အခက်အခဲများ ရှိလာနိုင်ပါတယ်။
ပြည်တွင်းစပါးဈေးသည် ကြမ်းခင်းဈေးအောက် ရောက်ရှိမည်ဆိုပါက စပါးပေါ်ချိန်တွင် လယ်သမားများက ဆက်တိုက်ရောင်းချမည်ဖြစ်သောကြောင့် ငွေကြေးအင်အား အဆင်ပြေခဲ့လျှင်လည်း သိုလှောင်ရုံပြဿနာက စိန်ခေါ်မှုဖြစ်လာနိုင်ကြောင်း ဦးချစ်ခိုင်က ပြောပါတယ်။ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် သမိုင်းဝင်သတ်မှတ်ချက်တစ်ခုဖြစ်သော အခြေခံရည်ညွှန်းနှုန်း ကြမ်းခင်းဈေးကို ၂၀၁၈ မတ်လက သတ်မှတ်နိုင်ခဲ့ပြီး ၂၀၁၉ အတွက် အခြေခံကြမ်းခင်း ဈေးသက်မှတ်ရန် လိုအပ်နေပါတယ်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု တန်ဖိုး ကျပ်ဘီလီယံ ၅,၀၀၀ ကျော်ရှိပြီး လယ်ယာစိုက်ပျိုးထုတ်လုပ်ရေး လုပ်ကိုင်နေသည့် တောင်သူလယ်သမား လေးသန်းကျော်ရှိကြောင်း မန္တလေးမြို့တွင် ကျင်းပသည့် ဆန်စပါးအထွေထွေညီလာခံသို့ တက်ရောက်လာသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကပြောကြားပါတယ်။ ထို့ပြင် ဆန်စပါးလုပ်ငန်းကဏ္ဍက မြန်မာ့စီးပွားရေးတွင် အထူးအရေးပါပြီး နိုင်ငံတကာဈေးကွက်သို့ တင်ပို့မြှင့်တင်နိုင်ရေး အရည်အသွေး၊ အရေအတွက်ပိုင်းယှဉ်ပြိုင်နိုင်ရန်လဲ တိုက်တွန်းခဲ့ပါတယ်။
ပြည်တွင်းဈေးကွက်၌ စပါးဈေးကလက်ရှိတွင် အနည်းဆုံးတင်း ၁၀၀ လျှင် ကျပ်ငါးသိန်းရှစ်သောင်းမှ ခြောက်သိန်းငါးသောင်း အကြားဈေးရှိနေပါတယ်။ ရန်ကုန်ဆန်ဈေးနှင့် နှိုင်းယှဉ်မည်ဆိုပါက စပါးဈေးက ပိုများကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးကပြောပါတယ်။ လက်ရှိတွင် စပါးအများစုက ကုန်သည်ပွဲစားနှင့် သိုလှောင်သူများထံတွင်ရှိနေပြီး တောင်သူများထံတွင် စပါးလက်ကျန်နည်းပါးနေကြောင်း ၎င်းကဆိုပါတယ်။
7day daily