မြန်မာ့ငါးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂနှင့် ဂျာမနီမှ ကူညီမည်


20 June, 2018

မြန်မာနိုင်ငံငါးလုပ်ငန်းဖွံ့ဖြိုးရေး ဥရောပသမဂ္ဂ (EU)နှင့် ဂျာမနီစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုး ရေးကော်ပိုရေးရှင်း (GIZ) တို့ ပူးပေါင်း၍ ငါးနှစ်စီမံကိန်း အတွက် ယူရို ၂၂ ဒသမ ၅ သန်း ကူညီမည်ဟု ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ပြောသည်။

ငါးလုပ်ငန်းဦးစီးဌာနသည် MYSAP (Myanmar Sustaina-ble Aquaculture Programme) စီမံကိန်းအဖြစ် ၂၀၁၇ မှ ၂၀၂၁ အထိ ငါးနှစ်အကောင်အထည်ဖော်မည်ဖြစ်ကာ ရေချိုနှင့် ရေငန် ဒေသအဖြစ် နှစ်ပိုင်းခွဲဆောင်ရွက်မည်ဖြစ်ကြောင်း ဦးခင်မောင်မော် က ပြောသည်။

ဇွန်လ ၁၈ ရက်က နေပြည်တော်ရှိ မွေးမြူရေး ဦးစီးဌာန၌ ပြုလုပ်သော MYSAP ဦးဆောင် ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးပွဲ ခေတ္တရပ်နားစဉ် မီဒီယာများ၏ မေးမြန်းချက်ကို ညွှန်ကြားရေးမှူးချုပ်က ဖြေကြားသည်။

‘‘ရေချိုဒေသအဖြစ် ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးနှစ် ခုနှင့် ရေငန်ဒေသများအဖြစ် ကမ်း ရိုးတန်းဒေသများဖြစ်သော ဧရာဝတီနှင့် ရခိုင်ပြည်နယ်တို့ကို ဦးစားပေးဆောင်ရွက်ပါမယ်’’ ဟု ၎င်းက ပြောသည်။

ယခု စီမံကိန်းသည် ကျေးလက်ဒေသများရှိ တစ်နိုင်တစ်ပိုင် မွေးမြူနိုင်ရေး အဓိကထားဆောင်ရွက်ကြောင်း ဦးခင်မောင်မော်က ပြောသည်။

‘‘ဒီစီမံကိန်းမှာ ကျွန်တော်တို့ က မွေးမြူနိုင်ဖို့ နည်းစနစ်ကိုပေးမယ့်အပြင် လိုအပ်တဲ့ထောက်ပံ့မှုတွေကိုလည်း ဆောင်ရွက်ပေးမှာဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။ ဆောင်ရွက်ရာတွင် ဒေသ နှင့် ကိုက်ညီမည့် ငါးမျိုးများကို အဓိကထားဆန်းစစ်မည်ဖြစ်ကာ စီမံကိန်းအတွက် အသုံးပြုမည့် ရန်ပုံငွေကို လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်ကာ သုံးစွဲမည်ဟု ဦးခင်မောင်မော်က ဆိုသည်။

ယခုစီမံကိန်းတွင် သုတေသနပိုင်းဆိုင်ရာများကို ကူညီ ဆောင်ရွက်ပြီး ငါးကဏ္ဍသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု ဦးမော့လာစေရန် ဆောင်ရွက်နိုင်သော အရေးကြီးကဏ္ဍအဖြစ် မြင်တွေ့ခဲ့ရကြောင်း Myanmar De-velopment Resource Insti-tute မှ ဒေါက်တာဇော်ဦး (ယခင်သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင်)က ဆိုသည်။

‘‘တောင်သူတွေရော၊ စီးပွား ရေးလုပ်ငန်းရှင်တွေရော၊ ပြီးရင် အစိုးရက ဦးဆောင်မှုကို ပိုပြီးပီပီ ပြင်ပြင်ဖော်ထုတ်နိုင်အောင် နိုင်ငံတကာမှာရှိတဲ့ အတွေ့အကြုံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကပေးတဲ့ အကူအညီတွေကိုရယူပြီးတော့ တကယ့်လက်တွေ့ဆောင်ရွက်နိုင်မယ့် အစီအစဉ်တွေကို ပေါင်းစပ်ပြီးတော့ ဒီစီမံကိန်းကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်’’ ဟု ဒေါက်တာဇော်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ ရေချိုငါးမွေးမြူရေး လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှဖြစ်ပြီး နိုင်ငံ့ လူဦးရေ၏ ၂၅ ရာခိုင်နှုန်းခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားကြောင်း ဝန်ကြီးဌာန အချက်အလက်များအရ သိရသည်။

 7 Day Daily

Local News Investment/Divestment Agriculture & Livestock Read 545 times