မြန်မာ့ဆန်လုံးရှည်ကို အီးယူက အခွန်ပြန်ကောက်ယူခြင်းနှင့် တရုတ်အဝယ်နည်းခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် အရည်အသွေးကောင်းသည့် ဆန်ကြမ်း(ရှယ်)ဈေးနှုန်း ကျဆင်းခဲ့ကြောင်း ဘုရင့်နောင် ဆန်ကုန်သည်အချို့က ပြောပါတယ်။တရုတ်နှင့် အီးယူနိုင်ငံများသို့ တင်ပို့နေသည့် အရည်အသွေး မြင့်ဆန်ကြမ်းတစ်အိတ် (၂၄ ပြည်အိတ်) ဈေးနှုန်းသည် ရက်ပိုင်းအတွင်း ကျပ် ၂,၀၀၀ ခန့် ဈေးကျဆင်းလာကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောပါတယ်။
‘‘ဥရောပကလည်း အဝယ်ရပ်သွားတယ်။ တရုတ်ကလည်း အဝယ်နည်းတော့ဈေးကျသွားတဲ့ သဘောပါ’’ဟု ဦးသန်းဦးက ရှင်း ပြသည်။ ဆန်ကွဲပါဝင်မှုမရှိသော အရည်အသွေးကောင်း ဆန်ကြမ်းများကို အီးယူနှင့် တရုတ်နိုင်ငံတို့က အများဆုံးဝယ်ယူပါတယ်။ယခုရက်ပိုင်းတွင် နယ်စပ်မှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့နေသည့် အခြေအနေသည်လည်း တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာခြင်းကြောင့် ပြည်တွင်းမှ မူဆယ်သို့ ဆန်တင်ပို့မှုလျော့နည်းသည်ဟု ၎င်းကဆိုသည်။မူဆယ်မှ တရုတ်နိုင်ငံသို့ ဆန်ရောင်းချမှုသည် တစ်ရက်လျှင် အိတ်ရေ ၃၀,၀၀၀ ခန့်ရှိပြီး အဆိုပါဆန်များသည် ယခင်က တင်ပို့ထားသည့် ဆန်များဖြစ်ကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးက ပြောပါတယ်။
အာဖရိကနိုင်ငံများအပါအဝင် မြန်မာနိုင်ငံမှ အများဆုံး ပြည်ပတင်ပို့နေသည့် ၂၅ မှတ် ဆန်အမျိုးအစားသည် လက်ရှိတွင် ဈေးနှုန်းပုံမှန်အခြေအနေတွင်ရှိသည်။ ရန်ကုန်ဆိပ်ကမ်းတွင် ဆန်တင်သင်္ဘောများ ဆိုက်ကပ်နေချိန် ဝယ်လိုအားရှိသော်လည်း ဈေးတိုးမြှင့်ပေးခြင်းမရှိကြောင်း ဦးသန်းဦးက ပြောပါတယ်။ထိုင်း၊ ဗီယက်နမ်နိုင်ငံ အပါ အဝင် ဆန်စပါးစိုက်ပျိုးသည့် နိုင်ငံများကလက်ရှိကာလသည် စပါး ပေါ်ချိန်ဖြစ်သောကြောင့် နိုင်ငံတကာဆန်ဈေးကွက်တွင် မြန်မာ့ဆန်အပါအဝင် ဆန်ဈေးနှုန်း ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောပါတယ်။
ရန်ကုန်ဈေးကွက်တွင် ပြည်ပတင်ပို့သည့် ဆန်ဈေးနှုန်းကျဆင်းသကဲ့သို့ ပြည်တွင်းအဓိက စားသုံးသည့် ဆန်ချောဈေးနှုန်းသည်လည်း ဆန်သစ်များဝင်လာခြင်းကြောင့် ဈေးကျဆင်းလာသည်။ ဧရာဝတီတိုင်းတွင် စိုက်ပျိုးသည့် ပေါ်ဆန်းအမျိုးအစား ဆန်ချောများက တစ်အိတ်လျှင် ကျပ် ၃၅,၀၀၀ မှ ၄၀,၀၀၀ ကျပ်အကြား ဈေးကျဆင်းလာခဲ့ပါတယ်။သို့သော် ပြည်တွင်းစားသုံး သူများနှစ်သက်သည့် ရွှေဘိုပေါ် ဆန်းဆန်ဈေးနှုန်းသည် တစ်အိတ်လျှင် ၆၀,၀၀၀ ကျပ်ခန့် ဈေးရှိပါတယ်။တရုတ်ဝယ်လိုအားနည်းခြင်း၊ အီးယူမှ မြန်မာ့ဆန်လုံးရှည်အပေါ် အခွန်ပြန်ကောက်မည့် အခြေအနေများက ပြည်ပဆန်တင်ပို့မှုကို လျော့နည်းနိုင်ကြောင်း ဆန်ကုန်သည်အချို့က မှန်းဆထားခဲ့ပါတယ်။
7 Day Daily