ဥရောပသမဂ္ဂ EU ၏ ကုန်သွယ်ရေး အထူးအခွင့်အရေးများ ရုပ်သိမ်းခြင်းသည် သာမာန်ပြည်သူများ၏ ဘဝများကိုထိခိုက်စေပြီး နိုင်ငံ၏အကြီးမားဆုံး နိုင်ငံခြား ငွေရှာဖွေပေးနေသည့် အလျှင်အမြန်ကြီးထွားနေသော အထည်ချုပ်ကဏ္ဍတွင် အလုပ်အကိုင်လေးသိန်း ဆုံးရှုံး နိုင်ခြေရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမား ရေးရာ မူဝါဒချမှတ်သူများနှင့် အလုပ်သမား အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်ဆလင်များအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး အထူးအခွင့်အရေးအဆင့်ကို ရုတ်သိမ်းရန် စဉ်းစားနေကြောင်း ဥရောပသမဂ္ဂ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီးက အောက်တိုဘာလ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။
“အဲဒီလို အရေးယူရင် သာမာန်လူတွေနဲ့ သူတို့ကို မှီခိုနေရတဲ့ မိသားစုတွေကို ထိခိုက်လိမ့်မယ်” ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာပါ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် လက်နက်မှအပ အခြားကုန်သွယ်မှု အထူးအခွင့်အရေး EBA ကို ဆုံးရှုံးနိုင်ကြောင်း ဥရောပသမဂ္ဂ ကုန်သွယ်ရေးကော်မရှင်မင်းကြီး ဆက်ဆီလီယာမယ်မ်စထောင်းက သတိပေးခဲ့သည်။ သို့သော် ထိုအစီရင်ခံစာတွင်မူ နိုင်ငံတကာဥပဒေအရ ပြင်းထန်သောပြစ်မှုကျူးလွန်ရာတွင် တာဝန်ရှိသူများကို ခရီးသွားလာခြင်းနှင့် ပိုင်ဆိုင်မှုများ ထိန်းသိမ်းခြင်း အပါအဝင် ပစ်မှတ်ထားအရေးယူမှုများပြုလုပ်ရန်ကိုသာ လုံခြုံရေးကောင်စီအား အကြံပြုထားသည်။
CTUM သည် ကုန်သွယ်ရေး အထူးအခွင့်အရေးများ ရုတ်သိမ်းခြင်းကို အပြင်းအထန် ဆန့်ကျင်ကြောင်း အိတ်ဖွင့်ပေးစာတစောင်ကို ဥရောပသမဂ္ဂသို့ ရေးသားပေးပို့ခဲ့ပြီး ထိုသို့အရေးယူခြင်းသည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဖြတ်သန်းနေသည့် တိုင်းပြည်၏ လူမှုဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
၎င်းတို့သည် မြေပြင်အခြေအနေကို အကဲဖြတ်ရန် လာမည့်ရက်များအတွင်း မြန်မာနိုင်ငံသို့ အရေးပေါ်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တခုကို စေလွှတ်မည်ဖြစ်ကြောင်း ဥရောပကော်မရှင်နှင့် ဥရောပပြည်ပ အရေးယူဆောင်ရွက်မှုရုံးတို့က မြန်မာအာဏာပိုင်များကို အကြောင်းကြားထားသည်ဟု မယ်မ်စထောင်းက ပြောသည်။
“ရုတ်သိမ်းမှုဖြစ်လာနိုင်ခြေတွေ ရှိနေတယ်” ဟု သူက ပြောသည်။
ဥရောပဈေးကွက်သို့ အထူးအခွင့်အရေး ခြိမ်းခြောက်ခံနေရသည်မှာ မြန်မာတနိုင်ငံတည်း မကပေ။ ယခုနှစ်အစောပိုင်းက ကျင်းပသောရွေးကောက်ပွဲသည် သမာသမတ်မရှိဘဲ မဲဆန္ဒရှင်များ၏ အခွင့်အရေးများ ချိုးဖေါက်ခံရသောကြောင့် ကမ္ဘောဒီးယားနိုင်ငံသို့ ပေးအပ်ထားသော EBA အထူးအခွင့်အရေးကို ပြန်လည်သုံးသပ်နေကြောင်း မယ်မ်စထောင်းက ယခုလ အစောပိုင်းတွင် ကြေညာသည်။
ထိုအစီအစဉ်၏ စည်းကမ်းချက်များအရ EBA အထူးအခွင့်အရေးကို ထူးခြားသောအခြေအနေများ၊ အခြေခံလူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေး သဘောတူညီချက်များတွင် ချမှတ်ထားသောမူများကို အပြင်းအထန် စနစ်တကျ ချိုးဖေါက်ခြင်းစသည့်အချိန်များတွင် ရုတ်သိမ်းနိုင်သည်။
လက်နက်နှင့် စစ်လက်နက်များမှအပ ထုတ်ကုန်အားလုံးကို ဥရောပသမဂ္ဂ၏ တခုတည်းသောဈေးကွက်သို့ အခွန်အပြည့်အ၀ ကင်းလွတ်ခွင့်နှင့် ခွဲတမ်းစနစ် ကင်းလွတ်ခွင့်တို့ကို ဥရောပသမဂ္ဂ၏ ကုန်သွယ်မှု အထူးအခွင့်အရေး စနစ် GSP ၏ အစိတ်အပိုင်းတခုတွင် ပေးအပ်ထားသည်။ ထိုသို့အခွင့်အရေးရရန်အတွက် နိုင်ငံတနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ LDC အဖြစ် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒကော်မတီက သတ်မှတ်ခံရသည့်စာရင်းဝင်ရန် လိုသည်။
ဥရောပသမဂ္ဂသည် ၂၀၁၃ ခုနှစ်မှ စတင်ပြီး EBA သွင်းကုန်ခွန်ကင်းလွတ်ခွင့်စနစ်ကို ကျင့်သုံးပြီး မြန်မာနိုင်ငံမှ ပစ္စည်းများကို အခွန်ကောက်ခံခြင်း ရုတ်သိမ်းခဲ့သည်။ ထိုသို့ ကင်းလွတ်ခွင့်ရသောကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စွဲဆောင်ရာတွင် အထောက်အကူပြုပြီး အထည်ချုပ်လုပ်ငန်းကို ဗဟိုပြုသော စီးပွားရေးတိုးတက်မှုအတွက် အဓိက အထောက်အကူပြုခဲ့သည်။ မြန်မာနိုင်ငံမှ တင်ပို့ကုန်များ၏ ၇၀ ရာခိုင်နှုန်းနီးပါးကို ဥရောပသမဂ္ဂသို့ တင်ပို့ပြီး ထိုကုန်များ၏ ထက်ဝက်မှာ အဝတ်အထည်များဖြစ်သည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA ၏အဆိုအရ နိုင်ငံခြားသားနှင့် နိုင်ငံသားများပိုင် စက်ရုံများသည် ဥရောပနှင့် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ခြင်းအားဖြင့် မြန်မာအထည်ချုပ်လုပ်ငန်းသည် ၂၀၁၄ ခုနှစ်မှ စတင်ပြီး ပိုမိုဖွံ့ဖြိုးလာသည်ဟု သိရသည်။
၂၀၁၇ ခုနှစ်တွင် ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး အထည်အလိပ် ကုန်သွယ်ဖက်ဖြစ်ပြီး မြန်မာအထည်အလိပ်ထုတ်ကုန်များ၏ ၄၇ ရာခိုင်နှုန်းကို ဝယ်ယူပြီး ဒုတိယ အများဆုံး အထည်အလိပ်ကုန်သွယ်ဖက် ဂျပန်က ၂၇ ရာခိုင်နှုန်းကို ဝယ်ယူသည်။ မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် အထည်အလိပ်ဒေါ်လာ ၁.၂ ဘီလီယံဖိုး၊ ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ ၁.၅ ဘီလီယံဖိုး၊ ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၁.၇ ဘီလီယံဖိုး၊ ၂၀၁၆ ခုနှစ်တွင်ဒေါ်လာ ၂.၁ ဘီလီယံဖိုးနှင့် ၂၀၁၇ ခုနှစ်တွင်ဒေါ်လာ ၂.၇ ဘီလီယံဖိုး တင်ပို့သည်ဟု MGMA ၏အဆိုအရ သိရသည်။
အထည်အလိပ်သည် ဥရောပသမဂ္ဂသို့ မြန်မာနိုင်ငံမှ တင်ပို့ကုန် စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်းရှိပြီး ရေလုပ်ငန်းပို့ကုန် ၈ ရာခိုင်နှုန်း၊ ဆန် ၄ ရာခိုင်နှုန်း၊ ပဲ ၄ ရာခိုင်နှုန်း၊ ကျောက်မျက် ၈ ရာခိုင်နှုန်းနှင့် သစ်ထုတ်ကုန် ၅ ရာခိုင်နှုန်းတို့ ပါဝင်သည်။
ဥရောပဈေးကွက် ဖွင့်ပေးပြီးနောက် အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများတွင် လုပ်အား အပြင်းအထန် လိုအပ်သောကဏ္ဍဖြစ်လာပြီး အလုပ်သမားအရေအတွက်မှာ ၂၀၁၂ ခုနှစ်က ၂၄၀၀၀၀ သာရှိရာမှ လက်ရှိ ၄၅၀၀၀၀ အထိ တိုးလာသည်ဟု MGMA က ဆိုသည်။
သို့သော် မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်သား ၅၀၀၀၀၀ ကျော်ရှိနေပြီး ၎င်းတို့အနက် ၄၀၀၀၀၀ မှာ ဥရောပသမဂ္ဂသို့ အဓိက တင်ပို့သည့်စက်ရုံများတွင် လုပ်ကိုင်နေသည်ဟု CTUM ၏အဆိုအရ သိရသည်။
MGMA ၏ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ မှတ်တမ်းများအရ ရန်ကုန်၊ သီလဝါ၊ ပုသိမ်၊ ဘားအံနှင့် မန္တလေးတို့တွင် အထည်ချုပ်စက်ရုံပေါင်း ၅၁၈ ရုံရှိပြီ းH&M, Inditex, Next, Adidas, Primark နှင့် Gap စသည့် ဥရောပနှင့်နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များအတွက် တင်ပို့နေသည်။ ရန်ကုန်တွင် အထည်ချုပ်စက်ရုံပေါင်း ၂၀၀ ခန့်ရှိသည်။
“အထည်ချုပ်လုပ်ငန်းဟာ မြန်မာနိုင်ငံက သိန်းနဲ့ချီတဲ့ မိသားစုတွေအတွက် မယုံနိုင်စရာကောင်းလောက်အောင် အသက်မွေးဝမ်းကြောင်းနဲ့ အခွင့်အလမ်းတွေ ဖော်ထုတ်ပေးတယ်”ဟု MGMA က ပြောသည်။
အစိုးရသည် ရခိုင်အကျပ်အတည်းကို ဖြေရှင်းရန် အကောင်းဆုံးလုပ်ဆောင်နေသည်ဟု ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ဧရာဝတီသတင်းဌာနသို့ပြောသည်။
ပိတ်ဆို့အရေးယူမှုကြောင့် အမျိုးသမီးအများစုပါဝင်သော လူလေးသိန်းကျော် ထိခိုက်စေမည်ဆိုသည့်အချက်ကို ဥရောပသမဂ္ဂအနေဖြင့် စဉ်းစားသင့်သည်ဟုလည်း ဒေါ်ပြုံးကေသီနိုင်က ပြောသည်။ ထိုပမာဏသည် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူများ၏ ထက်ဝက်ခန့် ရှိသည်။
“အဲဒီ အမျိုးသမီးတွေနဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဘာမှမဆိုင်ဘူး။ ဥရောပသမဂ္ဂရဲ့ အရေးယူမှုကြောင့် ဒီအောက်ခြေဘဝက အမျိုးသမီးတွေ အလုပ်လက်မဲ့ဖြစ်သွားရင် ဒါလည်း စစ်ရာဇဝတ်မှုတမျိုးပဲ”ဟု သူက ဆိုသည်။
ကုန်သွယ်ရေး အထူးအခွင့်အရေးမျာ းရုတ်သိမ်းခြင်းသည် စစ်အုပ်ချုပ်ရေးအောက်တွင် ဆယ်စုနှစ်ခြောက်ခုကြာ နေထိုင်ခဲ့ရသော နိုင်ငံအစိုးရ၏ အဓိကစီးပွားရေးပြုပြင်ပြောင်းလဲရေးကို ဟန့်တားမည်ဖြစ်သောကြောင့် ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ဖိအားပေးရန် နည်းလမ်းမှန်မဟုတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
“ဒါ လွဲမှားနေတာပဲ။ ကုန်သွယ်ရေးပိတ်ဆို့မှုဟာ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖေါက်မှုတွေအတွက် ဖိအားပေးဖို့ မှန်ကန်တဲ့နည်းလမ်း မဟုတ်ဘူး။ ဒီလိုလုပ်ရင် အရပ်သားအစိုးရကိုသာ နောက်ထပ်အကျပ်အတည်းဖြစ်စေမယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“ကုန်သွယ်ရေး အထူးအခွင့်အရေးကို ရုတ်သိမ်းလိုက်လို့ ဘယ်သူတွေထိခိုက်မယ်ဆိုတာကို ဥရောပသမဂ္ဂအနေနဲ့ စဉ်းစားသင့်တယ်။ သူတို့ရဲ့နည်းလမ်းဟာ အပြုသဘောဆောင်သင့်တယ်။ အစိုးရက လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်လား၊ ဒါမှမဟုတ် အခြေအနေတွေ တိုးတက်အောင် လုပ်နေလားဆိုတာ စဉ်းစားသင့်တယ်”ဟုလည်း သူက ဆိုသည်။
အစိုးရသည် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာကို ပယ်ချသော်လည်း ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် သီးခြားကော်မရှင် ဖွဲ့စည်းခဲ့ကြောင်းလည်း ဒေါ်ဇင်မာအောင်က ပြောသည်။ ထို့အပြင် ကွယ်လွန်သူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖေါ်နေသည်ဟုလည်း ထောက်ပြသည်။
Burma Campaign for UK၊ Burmese Rohingya Organization UK၊ Christian Solidarity Worldwide နှင့် Civil Rights Defenders Burma တို့အပါအဝင် ဘယ်လ်ဂျီယမ်၊ အိုင်ယာလန်၊ ဆွီဒင်၊ ဂျာမဏီ၊ အင်္ဂလန်နိုင်ငံ အခြေစိုက်အဖွဲ့အစည်း ၁၁ ခုပါဝင်သည့် European Burma Network ကလည်း ထိုသို့သောလုပ်ဆောင်မှုသည် ရိုဟင်ဂျာခေါ် ဘင်္ဂါလီများနှင့် အခြားသူများအပေါ် လူ့အခွင့်အရေး ချိုးဖေါက်ရာတွင် ပါဝင်ပတ်သက်ခြင်း မရှိသော သာမာန်လူများကို အပြင်းအထန် ထိခိုက်စေမည်ဖြစ်ကြောင်းနှင့် ထိုသူများသည်ပင် ၎င်းတို့ကိုယ်တိုင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် စစ်မှန်သော ဒီမိုကရေစီကင်းမဲ့ခြင်းကို ခံစားနေရသူများသာဖြစ်ကြောင်း ဥရောပသမဂ္ဂကို သတိပေးထားသည်။
“ထိုကဲ့သို့သော အရေးယူမှုများကြောင့် ရိုဟင်ဂျာများကို အပြစ်တင်နိုင်ပြီး ရိုဟင်ဂျာတို့အပေါ် လူထုအမြင်သဘောထား ပိုမိုတင်းမာလာစေနိုင်သည့် အန္တရာယ်ရှိသည်။ သာမာန်ပြည်သူများအပေါ် ထိခိုက်မှုကြောင့် အရေးယူပိတ်ဆို့မှုများ အားလုံးကို လူထု၏စိတ်ထဲနှင့် မီဒီယာများတွင် အယုံအကြည် ကင်းမဲ့စေမည့် အန္တရာယ်လည်းရှိပြီး ကောင်းမွန်သော သက်ရောက်မှုရှိနိုင်သည့် အရေးယူပိတ်ဆို့မှုများအတွက် ထောက်ခံမှုရရန်ပင် ခက်ခဲသွားစေနိုင်သည်”ဟု ၎င်းတို့၏ကြေညာချက်တွင်ဖေါ်ပြထားသည်။
ဧပြီလက ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် လက်နက်ပိတ်ဆို့ထားခြင်းကို တိုးချဲ့ခဲ့ပြီး မြန်မာနှင့် စစ်သင်တန်းအပါအဝင် စစ်ဖက်ပူးပေါင်းဆောင်ရွက်ခြင်းကို ပိတ်ပင်ခဲ့သည်။ ဇွန်လတွင် ဥရောပသမဂ္ဂသည် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာခေါ် ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် ပတ်သက်သည်ဟုဆိုသည့် စစ်အရာရှိ ၇ ဦးနှင့် နယ်ခြားစောင့်နှင့် ရဲအရာရှိများကို အရေးယူမှုများချမှတ်ခဲ့သည်။ ထိုအရေးယူမှုများတွင် ပိုင်ဆိုင်မှုများထိန်းသိမ်းခြင်းနှင့် ခရီးသွားလာခွင့်ပိတ်ပင်ခြင်းတို့ ပါဝင်သည်။
မကြာသေးမီက ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုများအရ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်ရာတွင် တာဝန်ရှိသော မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား အရေးယူမှုများ ချမှတ်ရန်လူ့အခွင့်အရေးအဖွဲ့များက ဥရောပသမဂ္ဂကို တိုက်တွန်းသည်။
မြန်မာနိုင်ငံအတွက် EBA ကို ပြန်လည်ရုပ်သိမ်းမည့် လုပ်ငန်းအဆင့်ဆင့်နှင့် ပြန်လည်သုံးသပ်မည့် အချိန်ကာလတို့နှင့်ပတ်သက်ပြီး ဥရောပကော်မရှင်၏ ကုန်သွယ်ရေးဆိုင်ရာပြန်ကြားရေးအရာရှိ ကင်ဂါမလင်နောစကီးကို ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သည်။ သို့သော် ထိုပြောခွင့်ရသူသည် ကုန်သွယ်ရေးကော်မရှင်နာ၏ ထုတ်ပြန်ကြေညာချက်ကိုသာ ပြန်လည်ကိုးကားနေပြီး အခြားမည်သည့်အမေးကိုမျှ ဖြေကြားခြင်း မပြုပေ။
ထိုသို့ အထူးအခွင့်အရေး ရုတ်သိမ်းမည့်လုပ်ငန်းအဆင့်ဆင့်သည် ၆ လကြာကြောင်းနှင့် ဥရောပသမဂ္ဂအနေဖြင့် အထူးအခွင့်အရေး ပြန်လည်ရုတ်သိမ်းခြင်း မပြုအောင် အကောင်းဆုံး ဖြောင်းဖျပြောဆိုမည်ဖြစ်ကြောင်း အလုပ်သမားသမဂ္ဂများမှ မူဝါဒချမှတ်သူများက ပြောသည်။
“ဥရောပသမဂ္ဂအနေနဲ့ တဖက်သတ်ဝါဒဖြန့်သူတွေ စကားကို နားမထောင်သင့်ဘူး။ ကျနော်တို့ရဲ့ အသံကိုလည် းနားထောင်သင့်တယ်။ EBA အဆုံးသတ်ခြင်းဟာ မှားယွင်းတဲ့ရည်မှန်းချက်ဆိုတာ သူတို့သိအောင် ဆွေးနွေးရလိမ့်မယ်”ဟု CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။
irrawaddy