ဥရောပအခြေစိုက် PEB စတီးကုမ္ပဏီမှ မြန်မာနိုင်ငံမှာ ပထမဆုံး စတီးစက်ရုံကို လာရောက်ဖွင့်လှစ်ခဲ့ပါတယ်။
PEB စတီးကုမ္ပဏီဟာ အာရှနိုင်ငံများမှာ ၁၉၉၄ ခုနှစ်က စတင်ပြီး လုပ်ငန်းလည်ပတ်ခဲ့ကာ အရှေ့အာရှဒေသတွေမှာ ကြိုတင်ပြီး စတီးနဲ့ အဆောက်အအုံ တည်ဆောက်တဲ့ နည်းပညာ (Pre - Engineered Steel Buildings Technology) ကို ပထမဆုံးလုပ်ဆောင်တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။
ကုမ္ပဏီအနေနဲ့ ကုန်ကြမ်းမှ ကုန်ချောထုတ်ခြင်း၊ ကြိုတင်ပြီး စတီးနဲ့ အဆောက်အအုံ တည်ဆောက်ခြင်း၊ စက်ရုံ၊ ဂိုဒေါင်၊ ပြခန်း၊ စီးပွးရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ စင်တာများ၊ စူပါမားကတ်များ၊ အားကစားရုံများ၊ လေယာဉ်ထားတဲ့ရုံများ စတာတွေအတွက် စတီးပုံစံအမျိုးမျိုးကို အဓိကထားပြုလုပ်ပေးပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်မှာ အမေရိကန်ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံထားတဲ့ အဆိုပါ ကုမ္ပဏီကို ၂၀၁၈ ခုနှစ် အစောပိုင်းထဲက လည်ပတ်ခဲ့ကာ စတီးနဲ့ အဆောက်အအုံဆိုင်ရာ ပစ္စည်းတွေကို ထုတ်လုပ်နေပါတယ်။ ကုမ္ပဏီအနေနဲ့ တစ်လကို စတီးတန်ချိန် ၃၀၀၀ ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
PEB စတီး မြန်မာလီမိတက်မှ အထွေထွေ အရောင်းမန်နေဂျာ ကိုစည်သူအောင်က PEB စတီး ကုမ္ပဏီရဲ့ ကိုယ်စားလှယ်ရုံးဟာ မြန်မာနိုင်ငံမှာ အရင်ထဲက ရှိပြီးသားပါ။ အခု ဒီစက်ရုံကနေ ဆောက်လုပ်ရေးကဏ္ဍတွေအတွက် အရည်အသွေးပိုင်းတွေ တိုးတက်မှုရှိအောင် ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။
PEB စတီးမြန်မာရုံးကို ၁၉၉၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်အတွင်း အခြားနိုင်ငံများမှ ပစ္စည်းများ တင်သွင်းခြင်းဖြင့် စီမံကိန်းပေါင်း ၁၆၀ ကျော်အတွက် ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။
ဒီစက်ရုံကို သီလဝါအထူးစီးပွားရေးဇုန်ရှိ မြေဧက ၃၀,၀၀၀ စတုရန်းမီတာပေါ်မှာ တည်ဆောက်ထားပါတယ်။ ကုမ္ပဏီမှ စတီးတွေကို ဖိလစ်ပိုင်၊ အနောက်အာရှနိုင်ငံများ၊ အာဖရိကနဲ့ အခြားပင်လယ်ရပ်ခြားနိုင်ငံတွေရဲ့ ဈေးကွက်တွေဆီ တင်ပို့ရောင်းချနိုင်ဖို့ မျှော်မှန်းထားပါတယ်။
ကိုစည်သူအောင်က စက်ရုံကို အခု လုပ်သား ၃၃၅ ယောက်နဲ့ လည်ပတ်နေပြီး ဂိုဒေါင်ကဲ့သို့ အဆောက်အအုံတည်ဆောက်တဲ့ စီမံကိန်းတွေရဲ့ ဒီဇိုင်းနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကို ကုမ္ပဏီမှ ကမ်းလှမ်းထားပါတယ်လို့ ပြောပါတယ်။
Thaibizmyanmar