စက်မှုဝန်ကြီးဌာနဝန်ကြီးက မြန်မာနှင့် ဟန်ဂေရီနိုင်ငံတို့ ပူးပေါင်း၍ လျှပ်စစ်ကားများကို ထုတ်လုပ်မည် ဟုစက်တင်ဘာ ၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် သုံးသပ်ချက်အစီရင်ခံစာ (၉/၂၀၁၈) နှင့် ပတ်သက်၍ လာရောက်ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းလျှပ်စစ်ကားများကို ဟန်ဂေရီနိုင်ငံမှ နည်းပညာဖြင့် ပတ်ဝန်းကျင် ထိခိုက်စေသော အခိုးငွေ့ထုတ်လုပ်မှုလုံးဝမရှိဘဲ သာဂရ စက်မှုနယ်မြေရှိစက်ရုံများမှ ထုတ်လုပ်နိုင်ရန် ပြည်ပပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လျှပ်စစ်ကားများပြည်တွင်း၌ ပြေးဆွဲရာတွင် Charging Station (ဓာတ်အား သွင်းရန်နေရာ) များကို ဆိုလာနှင့် အခြားနည်းပညာသုံးအားသွင်းရန် နေရာများကို ရန်ကုန်မြို့အပါအဝင် အဝေးပြေးလမ်းမကြီးများတွင် တည်ဆောက်သွားနိုင်ရေး စီစဉ်နေကြောင်း ဦးခင်မောင်ချိုက ပြောကြားသည်။
လျှပ်စစ်ဘတ်စ်ကားများကို အသုံးပြုခြင်းဖြင့် ကာဘွန်ထုတ်လုပ်မှု လုံးဝမရှိခြင်း၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်း၍ နိုင်ငံကမ္ဘာကြီးအတွက်ပါများစွာ အကျိုးကျေးဇူးရရှိမည်ဖြစ်ကြောင်းဝန်ကြီးက ပြောဆိုသည်။
ယင်းအပြင် အမှတ် ၁၅ အကြီးစား စက်ရုံမှ စက်ကိရိယာများကို အသုံးပြု၍ ပညာရှင်များနှင့် ပူးပေါင်းကာ လိုအပ်သည့် ယာဉ်နှင့် ဆက်စပ်ပစ္စည်းများကို ဝယ်ယူထုတ်လုပ်နိုင်ခဲ့ပြီး ဈေးကွက်လိုအပ်ချက်အရ လူနာတင်ယာဉ်များကို တင်ဒါစနစ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ အပ်နှံပြီးဖြစ်ကြောင်း၊ ပုဂ္ဂလိကဆေးရုံများ၏ အမှာစာလက်ခံရရှိနေသောကြောင့် နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ရောင်းချနိုင်ရေးကို ညှိနှိုင်းဆောင်ရွက်နေကြောင်း ဦးခင်မောင်ချိုက ပြောကြားသည်။
ပြည်ပမှ လျှပ်စစ်ကားတင်သွင်းလျှင် အကောက်ခွန် ၁ ရာခိုင်နှုန်းသာ စည်းကြပ်ပြီး အသွင်းများသည့် ကားအမျိုးအစားများမှာ ဂျပန်နိုင်ငံထုတ် Nissan Leaf 2010 မော်ဒယ်လ် ကားအမျိုးအစား နှင့်Mitsubishi IMIEU 2011 မော်ဒယ်လ် ကားအမျိုးအစား များ ဖြစ်ကြောင်း သိရသည်။
source voice, myawaddy