ပို့ကုန်ရငွေများ ဘဏ်ငွေစာရင်းသို့ ထည့်သွင်းရန် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဗဟိုဘဏ် သတင်းထုတ်ပြန်


27 April, 2022

ပို့ကုန်ရငွေများ ဘဏ်ငွေစာရင်းသို့ ထည့်သွင်းရန် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဗဟိုဘဏ် သတင်းထုတ်ပြန်


 ပို့ကုန်ရငွေများ ဘဏ်ငွေစာရင်းသို့ ထည့်သွင်းရန် ကိစ္စရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။


သတင်းထုတ်ပြန်ချက်


နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း နှင့် (၁၀-၁၁-၂၀၂၁) ရက်စွဲပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၂၁) တို့အရ “နိုင်ငံခြား သုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည် ပို့ကုန်အမှန်တကယ် တင်ပို့ခဲ့သည့် ပို့ကုန်တင်ပို့သည့် အထောက်အထားများအရ ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ (၃) လအတွင်း ပို့ကုန်တင်ပို့သူများက ပို့ကုန်ရငွေများလက်ခံရရှိခြင်း ရှိ/မရှိကို စိစစ်ရမည်” ဟု ပြဋ္ဌာန်းသတ်မှတ်ထားပြီး အဆိုပါဥပဒေနှင့် စည်းမျဉ်းအရ ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေအားလုံးကို ပို့ကုန်တင်ပို့သည့်နေ့မှ (၃) လအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ထည့်သွင်းရန် ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။
သို့သော် ပို့ကုန်တင်ပို့သူများအနေဖြင့် အထက်အပိုဒ်ပါ ဥပဒေ၊ စည်းမျဉ်းနှင့် စည်းမျဉ်းပြင်ဆင်ချက်တို့အား လိုက်နာရန် ပျက်ကွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ပို့ကုန်တင်ပို့သူများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းတို့တွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း ပို့ကုန်ရငွေများအားလုံးကို ပို့ကုန် တင်ပို့သည့်နေ့မှ (၃) လအတွင်း နိုင်ငံတော်အတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက် ထည့်သွင်းရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိရပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ က အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(၂၇-၄-၂၀၂၂)

Banking & Loan Read 4050 times