ပို့ကုန်ရငွေထဲက မသုံးတဲ့နိုင်ငံခြားသုံးငွေတွေကို ရောင်းချဖို့ ဗဟိုဘဏ်ကြေညာချက်ထုတ်


04 September, 2021

ပို့ကုန်ရငွေထဲက မသုံးတဲ့နိုင်ငံခြားသုံးငွေတွေကို ရောင်းချဖို့ ဗဟိုဘဏ်ကြေညာချက်ထုတ်ပြန်ထားပါတယ်။ 

ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ဘဏ်ငွေစာရင်းတွေထဲကို နိုင်ငံခြားသုံးငွေ ဝင်လာတာနဲ့ ရတဲ့ငွေထဲက မသုံးဘဲကျန်တဲ့ပို့ကုန်ရငွေတွေကို သက်ဆိုင်ရာ နိုင်ငံခြားသုံးငွေရောင်းဝယ်ရေးဘဏ်မှာ ဈေးကွက်ပေါက်ဈေးနဲ့ ရောင်းချဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာလ ၃ ရက်မှာ ကြေညာချက်ထုတ်ပြန်လာပါတယ်။

ပြည်တွင်း နိုင်ငံခြားသုံးငွေဈေးကွက်မှာ ဒေါ်လာလိုအပ်ချက်ရှိနေချိန်မှာပဲ ဗဟိုဘဏ်ဘက်က အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

ကုန်တင်ပို့သူဟာ ကုန်တင်လိုက်တဲ့နေ့ကနေ သတ်မှတ်ကာလအတွင်း ကိုယ့်ရဲ့ဘဏ်ငွေစာရင်းထဲကို နိုင်ငံခြားသုံးငွေနဲ့ ထည့်သွင်းရန် မပျက်ကွက်ရဆိုပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေမှာ ပြဌာန်းပြီးသားလို့လည်း ဆိုပါတယ်။

ဒါ့ကြောင့် ပို့ကုန်တင်ပို့သူတွေအနေနဲ့ ကုန်ပို့ရငွေကနေ မသုံးဘဲကျန်တဲ့ငွေတွေကို ဘဏ်စာရင်းထဲ ငွေဝင်ပြီး ၄ လအတွင်း ပေါက်ဈေးနဲ့ မပျက်မကွက်ရောင်းချရမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်အရ ဗဟိုဘဏ်က ဒေါ်လာသန်းချီ ထုတ်ရောင်းပေးနေချိန်မှာပဲ ရည်ညွှန်းငွေလဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာကို ၁၇၀၄ ကျပ်အထိသတ်မှတ်လာပါတယ်။

ဒီငွေလဲနှုန်းဟာ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီး ၇ လအတွင်း တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၄၀၀ နီးပါးကွာဟ မြင့်တက်လာတာဖြစ်ပါတယ်။

BBC

Banking & Loan Read 192 times