ပြည်တွင်းမှိုခြောက်မှုန့်များ တင်ပို့ရန် ဂျပန်ကုမ္ပဏီတစ်ခုနှင့် MoU ရေးထိုးနိုင်ရေး ဆောင်ရွက်


09 May, 2019

ပြည်တွင်းမှာ စိုက်ပျိုးထွက်ရှိတဲ့ ငွေနှင်းမှို၊ ကြွက်နားရွက်မှို၊ ကောက်ရိုးမှို စတဲ့ မှိုခြောက်မှုန့်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် ဂျပန်ကုမ္ပဏီတစ်ခုနဲ့ MoU လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံစားသုံးမှိုအစုအဖွဲ့မှ သိရပါတယ်။

၎င်းဂျပန်ကုမ္ပဏီအနေနဲ့ မှိုခြောက်မှုန့်များကို နမူနာယူကာ မလေးရှားသို့ တင်ပို့ထားပြီး အိန္ဒိယ၊ စင်ကာပူ၊ ဗီယက်နမ် စတဲ့နိုင်ငံများကိုလည်း နမူနာများ ဆက်လက်ပေးပို့သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံစားသုံးမှိုအစုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဒါက ပြည်ပကို ဈေးကွက်တိုးချဲ့ဖို့အတွက် ဆောင်ရွက်တာဖြစ်ပါတယ်။ သူတို့က သဘောကျတယ်။ ဒါပေမဲ့ ပြင်ရမှာ ပြောင်းရမှာတွေတော့ရှိတာပေါ့။ ဥပမာ packing ပြောင်းရမယ်။ အရည်အသွေးကိုတော့ သဘောကျပေမယ့် packing ပြောင်းခိုင်းတာရှိတယ်လို့ ပြောပါတယ်။

ငွေနှင်းမှို၊ ကြွက်နားရွက်မှို၊ ကောက်ရိုးမှိုများကို အခြောက်လှန်းကာ ပေါင်ဒါမှုန့်ပြုလုပ်ပြီး ဟင်းခတ်မှုန့်အဖြစ် အသုံးပြုမှုတွင်ကျယ်လာတဲ့အတွက် ဈေးကွက်ချဲ့ထွင်ဖို့ စီစဉ်လျက်ရှိပါတယ်။

လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း မှိုတစ်ပိသာလျှင် ကျပ် ၅၀၀၀ ဝန်းကျင်ပေါက်ဈေးရှိပြီး ရန်ကုန်ဈေးကွက်အတွင်းသို့ နေ့စဉ်မှိုပိသာချိန် ၆၀၀၀ မှ ၇၀၀၀ ခန့် ဝင်ရောက်လျက်ရှိပါတယ်။

မှိုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မွေးမြူစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းမှိုမွေးမြူစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အသိပညာ၊ နည်းပညာနဲ့ ဈေးကွက်ပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေပါတယ်။

ဒါ့ပြင် လက်ရှိ ပြည်တွင်းမှိုစိုက်ပျိုးထုတ်လုပ်မှုမှာ တိုးတက်လာပြီး ရောင်းအားများလာပေမယ့်လည်း ရင်းနှီးမြှုပ်နှံမှုအားနည်းနေခြင်းကြောင့် ကုန်ချောပစ္စည်းမထုတ်လုပ်နိုင်ခြင်းနဲ့ ဈေးကွက်ဖော်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Democracy

Export, Import Read 888 times