ပြည်ပသို့ စက်မှုကုန်ချော တင်ပို့မှု နှစ်လကျော်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ရရှိ


21 December, 2020

ပြည်ပသို့ စက်မှုကုန်ချော တင်ပို့မှုသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ရရှိခဲ့ကြောင်းစီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ 

ပြည်ပပို့ကုန်များအနက် စက်မှုကုန်ချောကဏ္ဍသည် ပို့ကုန်ပမာဏ အများဆုံး ဖြစ်ပြီး ယင်းနောက်တွင် လယ်ယာထွက်ကုန် နှင့် သတ္တုတွင်းထွက်တို့ အသီးသီး ရှိနေကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ စက်မှုကုန်ချောတင်ပို့မှုသည် ယခင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈၁၉ သန်း လျော့နည်းသွားခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အလားတူကာလတွင် ၂ ဒသမ ၉၂ ဘီလီယံကျော် ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက"ခန့်မှန်းတာကတော့ တစ်ကမ္ဘာလုံး အနေနဲ့ COVID-19 ကြောင့် ပြဿနာတွေ အမျိုးမျိုး ဖြစ်နေတဲ့အတွက် မလိုအပ်တဲ့ ကုန်ချောတွေရော ၊ ကုန်ကြမ်းတွေရော တစ်ချို့က Order တွေ မတတ်တော့ဘူး ။ အန်ကယ်တို့က ကျယ်ကျယ်ပြန့်ပြန့် နိုင်ငံခြားကို အရမ်းအများကြီး ပစ္စည်းတွေ အစုံ တင်ပို့နေတာ မဟုတ်တော့ တင်ပို့နေတဲ့ လက်ရှိ ဒီပစ္စည်းတွေက အမယ်တွေက လိုအပ်ချက် နည်းလာတဲ့အတွက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အထည်ချုပ်တွေလည်း ကျသွားတာဟာ တစ်ခြားနိုင်ငံတွေမှာ အသက်ရှင် ရပ်တည်ဖို့နဲ့ စားသောက်ဖို့ကို အာရုံစိုက်နေတဲ့အတွက် အထည်ချုပ်တွေကလည်း Order မရတာတွေ အပိုင်းတွေလည်း ပါတာပေါ့ ။ နောက်ပြီး Supply လုပ်နေတဲ့ ကုန်ကြမ်း ၊ ကုန်ချောတွေကလည်း ကမ္ဘာမှာ လိုအပ်ချက် အတိုင်းအတာ လျော့နည်းလာတဲ့အတွက် ဒီလိုဖြစ်သွားတာပါ။ ဒါကတော့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပုံမှန်လည်ပတ်မှု မရသေးတာကို ပြတာပါ။ ဒါကြောင့် ဈေးကွက်အသစ်ကို ရှာသင့်ရင်လည်း ရှာရမယ်။ အမယ်သစ်လည်း ရှာသင့်ရင် ရှာရမယ်”ဟု ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အဓိက ပြည်ပပို့ကုန်များမှာ လယ်ယာထွက်ပစ္စည်း ၊ တိရစ္ဆာန်ထွက် ၊ ရေထွက် ၊ သတ္တုတွင်းထွက် ၊ သစ်တောထွက် ၊ စက်မှုကုန်ချော နှင့် အခြား တို့ ဖြစ်ကြသည်။

နိုင်ငံ၏ ကုန်သွယ်မှု ပမာဏ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ပြုလုပ်ပြီး နယ်စပ်ကုန်သွယ်မှုကို အိမ်နီးချင်းနိုင်ငံများ နှင့် နယ်စပ်ဂိတ် ၁၇ ခုမှတစ်ဆင့် ပြုလုပ်လျက် ရှိကြောင်း သိရသည်။

(Xinhua)

Export, Import Read 1916 times