အစိုးရရဲ့ ကုန်သွယ်ရေး ရည်မှန်းချက် ပြည့်မီနိုင်မလား


27 July, 2018

မြန်မာနိုင်ငံရဲ့ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်မှာ သွင်းကုန် ထုတ်ကုန် ကုန်သွယ်ရေး ကနေ စုစုပေါင်း ဒေါ်လာ ၃၁ ဘီလီယံ တန်ဖိုးထိ ရအောင်လုပ်သွားမယ်လို့ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

ပို့ကုန်နည်းပြီး သွင်းကုန်များ နေလို့ ဖြစ်ပေါ် နေတဲ့ ကုန်သွယ်မှု လိုငွေကိုလည်း ဒေါ်လာ သန်း ၅ဝဝ ပဲ ရှိဖို့ ရည်မှန်း ထားတယ်လို့ ဆိုပါတယ်။

တရားမဝင် ကုန်သွယ်ရေး အင်မတန် ကြီးမား နေတဲ့ အတွက် အစိုးရရဲ့ ကုန်သွယ်ရေး ရည်မှန်းချက် တကယ်တမ်း ပြည့်နိုင်မှာလား ဆိုတာ ပြောဖို့ခက်လှတယ်လို့ ကုန်သည် စက်မှု အသင်းချုပ် ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးက သုံးသပ်ပါတယ်။

စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ရည်မှန်းချက်ကို ကြည့်ရင်တော့ သွင်းကုန် ဒေါ်လာ ၁၅.၈ ဘီလီယံ ရှိ ချိန်မှာ ပို့ကုန်လည်း ဒေါ်လာ ၁၅.၃ ဘီလီယံ တန်ဖိုး အထိ ပို့နိုင်ဖို့ လျာထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ကုန်သွယ်ရေး တန်ဖိုး ဒေါ်လာ ၃၃.၄ ဘီလီယံ ရှိခဲ့ပါတယ်။

ဒီထဲမှာ သွင်းကုန်က ဒေါ်လာ ၁၈.၆ ဘီလီယံနဲ့ ပို့ကုန်က ၁၅ ဘီလီယံပဲ ရှိခဲ့တဲ့ အတွက် ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ သန်း လေးထောင်နီးပါး ရှိခဲ့တာပါတယ်။

ပြည်ပရင်းနှီး မြှုပ်နှံမှုတွေ တိုးတက်အောင်လုပ်ပြီး ပို့ကုန်တွေ တိုးမြှင့်နိုင်ဖို့ လုပ်ဆောင် သွားမယ်လို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဘီဘီစီနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

ရန်ကုန်မှာ သူ တာဝန် စယူတဲ့ ကာလကစလို့ အထည်ချုပ် လုပ်ငန်းတွေ တိုးတက်မှု ရှိလာပြီး လုပ်ငန်းပေါင်း ၂ဝဝ ဝန်းကျင်ကနေ ၆ဝဝ အထိ ရှိလာတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက ဆန်ဝယ်ယူမှု နည်းနေသလို၊ အိန္ဒိယကလည်း ပဲဝယ်ယူတာ ကန့်သတ်ထားတဲ့ အတွက် ပို့ကုန်တန်ဖိုးပမာဏ မြင့်လာဖို့ ခက်တယ် ဆိုပြီး စီးပွားရေး အသိုင်းအဝိုင်းကတော့ ခန့်မှန်း ထားပါတယ်။

ဒီလို အခြေအနေမျိုးမှာ အစိုးရရဲ့ ကုန်သွယ်ရေး ရည်မှန်းချက် ပြည့်မီဖို့နဲ့ ကုန်သွယ်ရေး လိုငွေ လျှော့ချဖို့ ဆိုတာ အတော်လေး ကြိုးစား လုပ်ဆောင်ရနိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက သုံးသပ် နေကြပါတယ်။

BBC

Local News Export, Import Read 633 times