လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဒေါ်လာ ၂၄ ဒသမ ၇ ဘီလျံကျော်သာရရှိ


17 August, 2021

လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဒေါ်လာ ၂၄ ဒသမ ၇ ဘီလျံကျော်သာရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆ ဒသမ ၃၇၄ ဘီလျံကျော် လျော့ကျခဲ့သည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၄ ဒသမ ၇ ဘီလျံကျော်သာရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆ ဒသမ ၃၇၄ ဘီလျံကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇူလိုင်လကုန်အထိ ၁၀ လအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ၂၄ ဒသမ ၇ ဘီလျံ (၂၄၇၀၈ ဒသမ ၁၇၉ သန်း) ရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကာလတူက ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဒသမ ၀၈၂ ဘီလျံ (၃၁၀၈၂ ဒသမ ၆၈၉ သန်း) ရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၀ လအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆ ဒသမ ၃၇၄ ဘီလျံကျော် (၆၃၇၄ ဒသမ ၅၁၀ သန်း) လျော့ကျခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇူလိုင်လကုန်အထိ ၁၀ လအတွင်း ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၂၄၅၄ ဒသမ ၃၀၈ သန်းရရှိပြီး သွင်းကုန်တန်ဖိုးဒေါ်လာ ၁၂၂၅၃ ဒသမ ၈၇၁ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၄၇၀၈ ဒသမ ၁၇၉ သန်းရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခုနစ်လအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းထားသည့် ၁၀ နိုင်ငံတွင် တရုတ်နိုင်ငံမှ ဒေါ်လာ ၂၉၅ဝသန်းကျော်၊ စင်ကာပူမှ ဒေါ်လာသန်း ၁၅၀၀ ကျော်နှင့်ထိုင်းနိုင်ငံမှ ဒေါ်လာသန်း ၁၀၀၀ ကျော်ဖြင့် အစဉ်လိုက်ရပ်တည်နေကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဧပြီအထိ ခုနစ်လအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန် အများဆုံးတင်သွင်းထားသည့် နိုင်ငံများတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်နှင့် အမေရိကန်တို့ဖြစ်သည်။


၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဧပြီလအထိ ခုနစ်လအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းမှုအနေဖြင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၂၉၅၀ ဒသမ ၇၈ သန်း၊ စင်ကာပူမှ ဒေါ်လာ ၁၅၀၆ ဒသမ ၅၈ သန်း၊ ထိုင်းနိုင်ငံမှ ဒေါ်လာ ၁၀၂၁ ဒသမ ၈၇ သန်း၊ အင်ဒိုနီးရှားနိုင်ငံမှ ၆၃၀ ဒသမ ၅၄ သန်း၊ မလေးရှားနိုင်ငံမှ ဒေါ်လာ ၅၁၁ ဒသမ ၇၅ သန်း၊ အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၃၅၃ ဒသမ ၅၆ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၂၆၆ ဒသမ ၀၄ သန်း၊ ဂျပန်နိုင်ငံမှ ဒေါ်လာ ၂၃၁ ဒသမ ၈၈ သန်း၊ ဗီယက်နမ်နိုင်ငံမှ ဒေါ်လာ ၂၂၅ ဒသမ ၀၇ သန်းနှင့် အမေရိကန်မှ ဒေါ်လာ ၁၅၀ ဒသမ ၆၄ သန်းတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ သည် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များနှင့် အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းလုပ်ဆောင်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

“NES ၂၀၂၀-၂၀၂၅ ဟာ မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များနဲ့ အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများနဲ့ ပုဂ္ဂလိကကဏ္ဍတို့ အတူတကွ ပူးပေါင်းလုပ်ဆောင်လာနိုင်မည့် အခွင့်အရေးတစ်ခုပင်ဖြစ်ပါတယ်။ကမ္ဘာတစ်ဝန်းလုံးမှ အာရှတိုက်ကို အာရုံစိုက်လာခြင်းသည်လည်း မြန်မာနိုင်ငံအတွက် အခွင့်အရေးအသစ်တွေနဲ့ စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ NES ကို အကောင်အထည်ဖော်ခြင်းအားဖြင့် မြန်မာနိုင်ငံမှ ကမ္ဘာကြီး၏ တန်ဖိုးမြှင့်တင်မှုကွင်းဆက်တွင် ပါဝင်နိုင်ရန် နည်းလမ်းအဖြေများ ဖော်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ မူဘောင်သည် မြန်မာနိုင်ငံ၏ မိုက်ခရို၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းနှင့်ကမ္ဘာ့စီးပွားရေးစျေးကွက်တွင် လက်ရှိတင်ပို့ရောင်းချနေသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးမည်ဖြစ်ကြောင်း သိရသည်။


Source:news-eleven.com

Export, Import Read 443 times