ပုစွန်နှင့်ထွက်ကုန်ပစ္စည်းများ တင်ပို့ကုန်သည်လုပ်ငန်းရှင်များ မဖြစ်မနေလိုက်နာကျင့်သုံးရမည့်စည်းကမ်း


13 August, 2018

မြန်မာနိုင်ငံ၏ သဘာဝရေပြင်မှ ဖမ်းယူရရှိသော ပုစွန်များ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ခွင့်ရရှိပြီဖြစ်ကြောင်းနှင့် ပုစွန်နှင့် ပုစွန်ထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင်တင်ပို့မှုတိုင်းအတွက် လက်မှတ်ရေးထိုးရမည့် 'ပုစွန် တင်ပို့/တင်သွင်းသူ ကြေညာလွှာ ' (DS - 2031 Form) ပုံစံပူးတွဲကို ပေးပို့ရမည်ဟု အမေရိကန်သံရုံးက အကြောင်းကြားလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အမေရိကန်သံရုံးမှ ပေးပို့လာသော ' ပုစွန်တင်ပို့/တင်သွင်းသူ ကြေညာလွှာ ' ပုံစံဖြည့်စွက်ရန်အတွက် လမ်းညွှန်ချက်မှာ အဆိုပါပုံစံကို အမေရိကန်ပြည်ထောင်စုသို့ ပုစွန်နှင့် ပုစွန်ထွက်ပစ္စည်းများ တင်ပို့မှု အားလုံးအတွက် ဖြည့်စွက်တင်ပြရန် လိုအပ်မည်ဖြစ်သည်။ ထို့ပြင် တင်ပို့မှု တစ်ခုချင်းစီတိုင်းအတွက် လက်မှတ်အကွက်များ အားလုံးတွင် မူရင်းလက်မှတ်များ ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပုံစံသည် အမေရိကန် အစိုးရ အရာရှိများက လိုအပ်၍ တောင်းဆိုသည့်အခါ ပြသနိုင်ရန်အတွက် တင်သွင်းသူအနေဖြင့် တင်သွင်းသည့် နေ့မှစ၍ သုံးနှစ်ကြာ ထိန်းသိမ်းထားရမည်ဖြစ်သည်။

ထို့ပြင် ပုံစံတွင်ပါရှိသော သတင်းအချက်အလက်၊ လက်မှတ်၊ လိပ်စာ အစရှိသော ဖြည့်စွက်ရန် လိုအပ်သည့်အချက်အလက်များကို မဖြစ်မနေဖြည့်စွက်ရမည်ဖြစ်ပြီး ပြည်စုံမှုမရှိသော ပုံစံများကို လက်ခံမည်မဟုတ်ကြောင်းနှင့် ပုံစံတွင် ပါဝင်သည့် အချက်အလက်များအားလုံးကို လွယ်ကူရှင်းလင်း ပြတ်သားစွာ ဖော်ပြရမည်ဖြစ်ည။ ထို့ပြင် ပုံစံများကို ဒေသအလိုက် ထုတ်ပေးနိုင်သော်လည်း ပြည်လည်ထုတ်ပေးထားသော မည်သည့်ပုံစံမဆို ရှင်းလင်းပြတ်သားမှုရှိရန်မှာ တင်ပို့သူ၏ တာဝန်ဖြစ်သည်။

ထို့ပြင် အဆိုပါပုံစံတွင် ဖြည့်စွက်ရမည့် အကွက်ပေါင်း ကိုးကွက်ပါရှိပြီး ၎င်းအကွက်များအတွက် ညွှန်ကြားချက်များမှာ အကွက် အမှတ် (၁) တွင် ပါရှိသော ဖမ်းယူသည့်နိုင်ငံဆိုသည်မှာ (၁) အဆိုပါနိုင်ငံအတွင်းကန်ဖြင့် မွေးမြူထားသော ပုစွန် (သို့မဟုတ်) (၂) အဆိုပါ နိုင်ငံ၏ ရေပိုင်နက်အတွင်းဖမ်းယူရရှိသေ ပုစွန်ဟု ဆိုလိုခြင်းဖြစ်သည်။

အကွက် (၂) တွင် (အကယ်၍ အဆင်ပြေပါက) တင်ပို့မည့် ပုစွန်၏ မွေးမြူရာကန်နှင့် မည်သည့်နေရာမှ ဖမ်းယူခဲ့ကြောင်း အမည်နှင့် လိပ်စာဖြည့်စွက်ပေးရန်လိုအပ်ပြိး အကွက်အမှတ် (၃) ပါ တင်ပို့သူဆိုသည်မှာ နိုင်ငံခြားရှိ ဝယ်ယူသူ (ဥပမာ- အမေရိကန် (သို့မဟုတ်) တတိယနိုင်ငံမှ ဝယ်ယူသူ) ထံသို့ တင်ပို့ရောင်းချမည့် ဖမ်းယူသည်နိုင်ငံမှ တစ်ဦးချင်း (သို့မဟုတ်) ကုမ္ပဏီ ဖြစ်သည်။

အကွက်အမှတ် (၄) တွင် အမေရိကန်မှ တင်သွင်းသူ (သို့မဟုတ်) မူရင်းကုန်စည်လက်ခံသူ၏ အမည်နှင့် လိပ်စာတို့ကို ထည့်သွင်းရေးသားရမည်ဖြစ်ကာ အကွက်အမှတ် (၅) ပါ တင်ပို့မည့်ရက်ဆိုသည်မှာ တင်ပို့မည့် ကိစ္စအတွက် ဖမ်းယူရရှိသည့် နိုင်ငံ၏ နောက်ဆုံးဆိပ်ကမ်းမှ သင်္ဘောတင် ထွက်ခွာသည့်နေ့ကို ဆိုလိုခြင်းဖြစ်ပြီး အကွက်အမှတ် (၆) တွင် အမေရိကန်ပြည်ထောင်စု၏ စည်းဝါးညီ အကောက်ခွန်ဇယား နံပါတ် (HTS) အလိုက် ကုန်သေတ္တာများ/အမှုတွဲများအလိုက် (သို့မဟုတ်) အခြားသော သီးခြား သတ်မှတ်ထားသည့် သင်္ဘောလိုင်းများအလိုက်နှင့် ကီလိုဂရမ်နှင့် ဖော်ပြထားသော အသားတင် အလေးချိန်အလိုက် သက်ဆိုင်ရာအကွက်တွင် ဖြည့်စွက်ပေးရမည်ဖြစ်သည်။

အကွက်အမှတ် (၇) တွင်မူ ရေးသားထားများကို သေချာစွာ လေ့လာဖတ်ရှုပြီး သင့်လျော်သော အကွက်တွင် အမှတ်အသား ပြုလုပ်ရမည်ဖြစ်ကာ ၎င်းအကွက်တွင် ရွေးချယ်ရန်အတွက် ရေးသားထားသည်မှာ ပုစွန်သည် (က) ပင်လယ်လိပ်များအား ဆိုးရွားစွာ အကျိုးသက်ရောက်မှုမရှိစေမည့် နည်းလမ်းများဖြင့် ဖမ်းဆီးထားခြင်းဖြစ်ရမည်။ သို့မဟုတ် (ခ) နိုင်ငံတစ်နိုင်ငံ၏ ရေပြင်အတွင်း ဖမ်းဆီးခြင်းသည် အခန်း ၆၀၉ ၏ P.L. 101-162 နှင့်အညီ ဖမ်းဆီးသည့် နိုင်ငံ၏ တင်ပို့သည့်ရက်စွဲအရ အသိအမှတ်ပြုပြီး ဖြစ်ရမည်ဖြစ်သည်။

အကွက်အမှတ် (၇) ၏ အမှတ်စဉ် (က) ကိုရွေးချယ်မည်ဆိုပါက (၁) ဖမ်းဆီးခြင်းမပြုမီ ကန်များဖြင့် အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်မွေးမြူထားသော ပုစွန်ဖြစ်ရန်၊ (၂) ဖမ်းယူရာတွင် လိပ်များ ပါရှိနိုင်သည့်အတွက် ၎င်းတို့ကို ဖယ်ထုတ်ပေးသော ကိရိယာကို အသုံးပြုခြင်းကဲ့သို့သော စီးပွားဖြစ် ဆွဲပိုက်ချသင်္ဘောများဖြင့် ဖမ်းယူထားသော ပုစွန်ဖြစ်ရန်၊ (၃) စက်ကိရိယာမာျးကို အသုံးပြုပြီး ငါးဖမ်းပိုက်များဖြင့် ဖမ်းယူထားခြင်း မဟုတ်သော အထူးသီးသန့်ဖမ်းယူထားသော ပုစွန်ဖြစ်ရန်နှင့် (၄) ပုစွန်ဖမ်းယူခြင်းဆိုင်ရာ အခြေအနေများအား ပင်လယ်လိပ်များ ပြန့်ပွားမှုကို မထိခိုက်စေရန် အမေရိကန် Department of State က စစ်ဆေးဆုံးဖြတ်မည်ဖြစ်သည်။

အကွက်အမှတ် (၈) ၌ အကွက်အမှတ်(၇) အားစစ်ဆေးပြီးပါက ယခုအပိုင်းတွင် ကုန်ပို့နိုင်ငံ၏ အစိုးရ အသိအမှတ်ပြု တာဝန်ရှိသူလက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်းနှင့် တာဝန်ရှိသူဆိုသည်မှာ ကုန်ပို့နိုင်ငံ အစိုးရက အချိန်ပြည့်တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ထားသော မည်သည့်အရာရှိမဆို ဖြစ်နိုင်သော်လည်း ပုဂ္ဂလိကကဏ္ဍ (သို့မဟုတ်) အစိုးရထံတွင် အချိန်ပိုင်း အလုပ်လုပ်ကိုင်သူများ မဖြစ်စေရန် လိုအပ်မည်ဖြစ်သည်။

အကွက်အမှတ် (၉) တွင် အမေရိကန် ပြည်ထောင်စု၏ သွင်းကုန်တင်သွင်းသူ (သို့မဟုတ်) အကောက်ခွန် ကိစ္စရပ်များ ကိုယ်စားရှင်းလင်းသူသည် ဤပုံစံကို လက်ဝယ်ရရှိပြီးချိန်မှစ၍ ကုန်ပစ္စည်းများ သင်္ဘောတင်မည့်ကိစ္စနှင့် သက်ဆိုင်သော အချက်အလက်များဖြစ်သည့် ဝင်ရောက်သည့်နေစွဲ၊ ဝင်ရောက်သည့်ဆိပ်ကမ်း၊ ဝင်ရောက်သည့် နံပါတ်နှင့် လက်မှတ်တို့အား ဖြည့်သွင်းရန် လိုအပ်မည်ဖြစ်သည်။

အဆိုပါ အချက်များမှာ မြန်မာနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ပုစွန်နှင့် ပုစွန်ထွက်ကုန်ပစ္စည်းများ တင်ပို့လိုသူ ကုန်သည်လုပ်ငန်းရှင်းများ မဖြစ်မနေလိုက်နာကျင့်သုံးရမည့် စည်းကမ်းဖြစ်သည့်အတွက် သတိပြုဆောင်ရွက်နိုင်ရန် လိုအပ်မည်ဖြစ်ပြီး အဆိုပါ (DS-2031 Form) သည် ၂၀၁၉ ဧပြီ ၃၀ ရက်အထိ ထပ်မံအကြောင်းကြားမှုမပြုမချင်း အကျိုးသက်ရောက်မည်ဖြစ်သည်။

Eeven

Export, Import Laws and Regulations Read 628 times