ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို ငွေလဲနှုန်းတည်ငြိမ်ချိန်မှ မြှင့်တင်ဆောင်ရွက်မည်


05 October, 2018

ပွင့်လင်းရာသီ ရောက်ရှိလာသော်လည်း ကန်ဒေါ်လာနှင့် ကျပ်ငွေလဲနှုန်းတည်ငြိမ်မည့်အချိန်ကို စောင့်ကြည့်ပြီးမှ လုပ်ငန်းများမြှင့်တင်ဆောင်ရွက်မည်ဟု ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်အချို့ကပြောသည်။

လက်ရှိတွင် ဒေါ်လာတန်ဖိုး နေ့စဉ်ဆက်တိုက်ကျဆင်းနေခြင်းကြောင့် လုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောသည်။

‘‘ဘယ်နေရာရောက်မှ တည်ငြိမ်မယ်ဆိုတာလောလောဆယ် မှန်းဆလို့ခက်နေတယ်။ အချိန်တစ်ခုကိုတော့ စောင့်ရမယ်ထင် တယ်’’ ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် စီးပွားရေးလုပ်ငန်းရှင် ဦးလူမော်မြင့်မောင်က ပြောသည်။

ဒေါ်လာတန်ဖိုး ဆက်တိုက်ကျဆင်းနေခြင်းကြောင့် ပြည်ပမှ လူသုံးကုန်ပစ္စည်းများ တင်သွင်းရန် အခြေအနေကို စောင့်ကြည့်နေရသည်ဟု မြဝတီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ သွင်းကုန်လုပ်ငန်းရှင် တစ်ဦးကပြောသည်။

ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းက ပြည်ပပို့ကုန်လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်ဆိုသော်လည်း ပြည်တွင်းမှ ကုန်ပစ္စည်းများ ပြန်လည်ဝယ်ယူချိန်တွင် မူလဈေးထက်မြင့်တက်ခဲ့သည်။ လက်ရှိတွင် ဒေါ်လာဈေး ပြန်လည်ကျဆင်းလာခြင်း ကြောင့် ဈေးမြင့်ချိန်ဒေါ်လာဈေး ဖြင့်ရောင်းချထားသူများသည် ငွေ လဲနှုန်းအရှုံး စတင်ကြုံတွေ့ရ သည်ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်း ရေးမှူးဦးမင်းကိုဦးကပြောသည်။

‘‘ကျွန်တော်တို့က ငွေလဲနှုန်းကို တည်ငြိမ်တဲ့ ဈေးနှုန်းတစ်ခုဖြစ်စေချင်တယ်’’ ဟု ဦးမင်းကိုဦးက ပြောသည်။

ပြည်ပ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးသည် ဒေါ်လာတန်ဖိုး ကျပ် ၁,၅၅၀ ဖြင့်တွက်ပြီး ကုန်ပစ္စည်းတင်ပို့ပြီးချိန်တွင် ဒေါ်လာတန်ဖိုး ကျပ် ၁,၅၀၀ သို့ပြန်လည်ကျဆင်းလျှင် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်က ငွေတန်ဖိုးတစ်ဒေါ်လာလျှင် ကျပ် ၅၀ ဆုံးရှုံးရသည်ဟု ၎င်းကဆိုသည်။

အိန္ဒိယနိုင်ငံမှ ဝယ်လိုအားနည်းချိန်တွင် ငွေလဲနှုန်းမတည်ငြိမ်ခြင်းက ပြည်ပသို့ ပဲမျိုးစုံတင်ပို့နေသည့် စီးပွားရေးလုပ်ငန်းရှင် များကို အခက်အခဲဖြစ်စေသည်ဟု ဘုရင့်နောင်ပဲကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြည်တွင်း ငွေကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုးသည် အောက်တိုဘာ ၃ ရက်တွင် တစ်ဒေါ်လာ ၁,၅၁၅ ကျပ်သို့ကျဆင်းလာသည်။ ပြည်တွင်း ငွေကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုး ၁,၆၄၂ ကျပ်အထိ မြင့်တက်ပြီးနောက် နှစ်ပတ်အတွင်း ၈ ရာခိုင်နှုန်းကျော် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။

‘‘ဒေါ်လာဈေးကျတာ သွင်းကုန်သမားတွေအတွက် ကောင်းတာပေါ့’’ ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

မြန်မာနိုင်ငံတွင် စက်သုံးဆီ၊ စားအုန်းဆီအပါအဝင် လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးဆေးဝါးများကို ပြည်ပမှတင်သွင်းနေရခြင်း ကြောင့် ယင်းကုန်ပစ္စည်းများ၏ ဈေးနှုန်းက ဒေါ်လာတန်ဖိုးအတက်အကျပေါ်မူတည်နေသည်။ လက်ရှိတွင် အိမ်သုံးဆေးမျိုးစုံ ဈေးနှုန်းသည် ဒေါ်လာတန်ဖိုးမြင့်တက်ချိန်တွင် ဈေးထိန်းရောင်းခဲ့သော်လည်း ယခုအချိန်ဈေး နှုန်းလျှော့ချရန် ပြင်ဆင်နေ သည်ဟု ၎င်းကဆိုသည်။

7 day

Export, Import Banking & Loan Read 399 times