ပြည်ပနိုင်ငံများသို့ တင်ပို့မှုစံချိန်တင်မြင့်တက်ပြီး ကုန်သွယ်မှုအသာစီးရရှိလျက်ရှိခြင်း


16 January, 2021

တရုတ်နိုင်ငံမှ ထုတ်လုပ်ထွက်ရှိသည့်စက်မှုထုတ်ကုန်များ ကုန်ကြမ်းပစ္စည်းများအပေါ်ကမ္ဘာ့ဝယ်လိုအားမြင့်တက်လာသည့်အတွက်တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့မှ တရားဝင်ထုတ်ပြန်ကြေညာခဲ့သည့်အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံမှ ပြည်ပနိုင်ငံများသို့ တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ (၂၆၈) ဘီလီယံရရှိခဲ့ကြောင်း၊ အဆိုပါပမာဏသည် ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်သည့် ကာလအတွင်း အမြင့်ဆုံးဖြစ်ပြီး ပြီးခဲ့သည့်နှစ်၊

ကာလတူထက်(၂၁.၁) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ အလားတူပင် တင်သွင်းမှုပမာဏ အမေရိကန်ဒေါ်လာ(၁၉၂.၆) ဘီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက်(၄.၅) ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ ကုန်သွယ်မှုပမာဏ၊ အမေရိကန်ဒေါ်လာ(၇၅.၄) ဘီလီယံအသာစီးရရှိလျက်ရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံမှ ပြည်ပနိုင်ငံများသို့ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ အထည်အလိပ်များ၊ ပလတ်စတစ်ထုတ်ကုန်များ တင်ပို့မှု မြင့်တက်လာခဲ့သော်လည်း အဝတ်အထည်နှင့် ခရီးဆောင်အိတ်များတင်ပို့မှုမှာမူ လျှော့ကျလာခဲ့ကြောင်း၊ အသုံးအဆောင်ပစ္စည်းများတင်ပို့မှု လျှော့ကျလာခြင်းမှာ

ကမ္ဘာ့နိုင်ငံအများစုတွင် ကမ္ဘာ့ကပ်ရောဂါပြန်လည်ဖြစ်ပွားလာခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်တွင်း၌ စက်မှုလုပ်ငန်းများမှ ထုတ်လုပ်ထွက်ရှိမှုနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းစားသုံးသူဈေးကွက် ပြန်လည်နလန်ထူလာမှု နှေးကွေးလျက်ရှိကြောင်း၊

၂၀၂၁ ခုနှစ်တွင် နိုင်ငံ့စီးပွားရေး လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စွမ်းအင်နှင့် သတ္တုတင်သွင်းမှုများမြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၂၁ ခုနှစ်အတွင်း (၇.၅) ရာခိုင်နှုန်းအထိရောက်ရှိရန် စီးပွားရေးကျွမ်းကျင်သူများမှ ခန့်မှန်းထားကြောင်း သိရှိရပါသည်။

myantrade

Export, Import Global News Read 890 times