Facebook ကုမ္ပဏီမှ အိုင်ယာလန်နိုင်ငံရုံးတွင် တာဝန်ထမ်းဆောင်ရန် မြန်မာနိုင်ငံသား ၃ ဦးကို အော်ပရေးရှင်းခေါင်းဆောင်နှင့် ဈေးကွက်သုတေသန နှစ်ဦး ခေါ်ယူခဲ့ကြောင်း သိရပါသည်။
Facebook ၏ တွဲဖက်တည်ထောင်သူ မာ့ခ်ဇူကာဘက်က မြန်မာနိုင်ငံတွင် မြန်မာဝန်ထမ်း ဒါဇင်နှင့်ချီ ခန့်အပ်မည်ဟု ညီလာခံတစ်ခုတွင် ပြောဆိုခဲ့ပြီးနောက် မြန်မာနိုင်ငံသားဝန်ထမ်းများကို ခေါ်ယူခဲ့ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ facebook အသုံးပြုသူပေါင်း သန်း ၂၀ ကို စောင့်ကြည့်ထိန်းသိမ်းသွားရန် မြန်မာဘာသာစကား ကျွမ်းကျင်သည့် မြန်မာဝန်ထမ်းများအား facebook ကုမ္ပဏီအတွင်း တိုးမြှင့်ခန့်ထားရန် ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်း ၈ ခုက ဧပြီပထမပတ်တွင် အိတ်ဖွင့်ပေးစာပို့၍ တောင်းဆိုခဲ့ကြောင်း သိရပါသည်။
ခေါ်ဆိုထားသောဝန်ထမ်းများသည် မြန်မာအကြောင်းအရာများကို ကောင်းကောင်းနားလည်၍ ပြန်လည်တုံ့ပြန်နိုင်သော လူမျိုးဖြစ်လိမ့်မည်ဖြစ်ကြောင်း သို့သော် Dublin မှာနေသောသူ၊ UK မှာနေသော မြန်မာတွေလောက်သာလျှင် သွားရောက်လုပ်ကိုင်လို့ရသော အနေအထားမျိုးဖြစ်ကြောင်း နည်းပညာဆိုငရာ အရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
ဧပြီလအတွင်း နိုင်ငံရေးဆောင်းပါးရှင်တစ်ဦး၏ ပို့စ်ကို facebook မှ လူမှုစံနှုန်းနှင့် ကိုက်ညီမှုမရှိဟုဆိုကာ ဖြုတ်ချခဲ့သည့်နောက်ပိုင်းတွင် facebook ကုမ္ပဏီ၌ မြန်မာဘာသာစကားနှင့် မြန်မာနိုင်ငံအကြောင်း ကောင်းစွာနားလည်သည့် ဝန်ထမ်းများပိုမိုတိုးချဲ့ရန်လိုအပ်နေပြီဖြစ်ကြောင်း ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်ခဲ့ပါသည်။
7 day daily