လှိုင်သာယာစက်မှုဇုန်မှ စက်ရုံ ၁၄ ရုံ ပိတ်သိမ်းခြင်းသတင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား


29 July, 2018

ရက်အနည်းငယ်အတွင်းက ဖေ့စ်ဘုတ်စာမျက်နှာများနှင့် အွန်လိုင်းပေါ်တို့တွင် ပျံ့နှံ့ခဲ့သောရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်အတွင်းရှိ စက်ရုံ ၁၄ ရုံ ပိတ်သိမ်းခြင်းနှင့် ယင်းစက်ရုံများ ပိတ်သိမ်းမှုကြောင့် အလုပ်သမားများ အလုပ်လက်မဲ့များပြားလာမှု သတင်းမှာ မှန်ကန်မှုမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်တွင်း မီဒီယာများနှင့်တွေ့ဆုံစဉ် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် မည်သူကိုမှ ပုဂ္ဂိုလ်ရေးရာအရ တိုက်ခိုက် ခြင်းလည်း မဟုတ်သလို အလုပ်သမားများကြား တုန်လှုပ်ချောက်ချားမှုလည်းမဖြစ်ပေါ်စေရန်နှင့် ပြည်သူများ သတင်းအမှန်သိရှိစေရန် ရည်ရွယ်ပြီး မြေပြင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီးမှ ယခုကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ထပ်မံရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်ရှိ ပုလဲအထည်ချုပ်စက်ရုံ၊ ဝါးဟားဟားရေခဲမုန့်စက်ရုံ၊ မိကျောင်းပီနံအိတ်စက်ရုံ၊ မြို့မဆင်ဖြူတော် ပဲသန့်စင် စက်ရုံ၊United Knitting Myanmar ခြေအိတ်စက်ရုံ၊ ရေခဲတောင်အအေးခန်း၊ မြတ်ပန်းမွှေးသနပ်ခါး၊ Chamzon အထည်ချုပ် စက်ရုံ၊ Success Time ဖိနပ်၊ Beauty Palace A21 စက်ရုံ၊ Kuwahara အထည်စစ်လုပ်ငန်း၊ TMP ငါးဖမ်းပိုက်စက်ရုံ၊ Popular အထည်ချုပ်စက်ရုံနှင့် North Share အထည်ချုပ်စက်ရုံတို့ ပိတ်သိမ်းခဲ့ပြီး အလုပ်သမားအများစု အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည် ဟူသောသတင်းမှာ ပြည်သူများအကြား Facebook စာမျက်နှာမှတစ်ဆင့် ပျံ့နှံ့ခဲ့သည်။ ယင်းသတင်း ပျံ့နှံ့မှုကြောင့် အလုပ်သမားထုအကြား ဂယက်များဖြစ်ပေါ်ခဲ့၍ ရခိုင်တိုင်းရင်း သား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်ကာ တာဝန်ရှိသူများနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သော သတင်းများနှင့်ပတ်သက်ပြီး လှိုင်သာယာစက်မှုဇုန်ရှိ

● ပုလဲအထည်ချုပ်စက်ရုံမှာ စက်ရုံမြေနေရာ ငှားရမ်းမှု အခက်အခဲ

ကြောင့် တခြားနေရာရှိ လုပ်ငန်းတူသို့ ပေါင်းစပ်ခဲ့ခြင်းဖြစ်ကြောင်း၊

● ဝါးဟားဟား ရေခဲမုန့်စက်ရုံမှာလည်း လုပ်ငန်းအဆင်မပြေ၍ အလုပ်သမားများအား နစ်နာ ကြေးပေးပြီး ရပ်နားခဲ့ကြောင်း၊ စက်ရုံပိတ်သိမ်းမှုကို သက်ဆိုင်ရာသို့ တင်ပြခဲ့ခြင်းမရှိဘဲ အရှေ့ဒဂုံစက်မှုဇုန်သို့ပြောင်းရွှေ့လုပ်ကိုင်မည် ဖြစ်ကြောင်း၊

● မိကျောင်းပီနံအိတ် စက်ရုံသည်လည်းလုပ်ငန်းလည်ပတ်ရန် အခက်အခဲကြောင့် ယခုနှစ် မေလတွင် ပိတ်သိမ်းခဲ့ကြောင်း၊

● မြို့မဆင်ဖြူတော် ပဲသန့်စင်စက်ရုံမှာ ၂၀၁၆ ခုနှစ်မှစ၍ လုပ်ငန်းအဆင်မပြေသဖြင့် ပိတ်သိမ်းခဲ့ကြောင်း၊

● United Knitting Myanmar ခြေအိတ် စက်ရုံမှာ လုပ်ငန်းများ လည်ပတ်လုပ်ကိုင်လျက် ရှိကြောင်း၊

● ရေခဲတောင်အအေးခန်းမှာ ယခုနှစ်မေလကုန်ပိုင်းတွင် ဝန်ထမ်းများအား နစ်နာကြေးပေး၍ လုပ်ငန်းရပ်ဆိုင်းခဲ့ကြောင်း၊

● မြတ်ပန်းမွှေးသနပ်ခါးလုပ်ငန်း မှာလည်း လုပ်ငန်းခွင်ရပ်နားထားပြီး စက်မှုဇုန် ၅ သို့ ပြောင်းရွှေ့လုပ်ကိုင်မည်ဖြစ်ကြောင်း၊

● Chamzon အထည်ချုပ်စက်ရုံမှာ လုပ်ငန်းမကောင်းခြင်း၊ အရည်အသွေးမီအောင် မပြုလုပ်နိုင်ခြင်း၊ စက်ရုံငှားရမ်းခကြီးမားခြင်းတို့ကြောင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် စက်ရုံပိတ်သိမ်းခဲ့ပြီး ဒီဇင်ဘာလဆန်းပိုင်းတွင် အလုပ်သမားများ ရသင့်ရထိုက်သော နစ်နာကြေးကို ဥပဒေနှင့်အညီ ပေးခဲ့ပြီး ဖြစ်ကြောင်း။

● Success Time ဖိနပ်လုပ်ငန်းမှာ စက်မှုဇုန် ၅ သို့ ပြောင်းရွှေ့လုပ်ကိုင်လျက်ရှိကြောင်း၊

● Beauty Palace A21 စက်ရုံမှာလည်း ပြီးခဲ့သောနှစ်အတွင်းက ရွှေလင်ဗန်းစက်မှုဇုန်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း၊

● Kuwahara အထည်စစ်လုပ်ငန်းမှာ လုပ်ငန်းများ ဆက်လက်လည်ပတ်လျက်ရှိကြောင်း၊

● TMP ငါးဖမ်းပိုက်စက်ရုံမှာယခုနှစ် မေလဆန်းပိုင်းမှစ၍ ရွှေလင်ဗန်းစက်မှုဇုန်သို့ ပြောင်းရွှေ့ခဲ့ကြောင်း၊

● Popular အထည်ချုပ်စက်ရုံမှာ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိပြီး

● North Share အထည်ချုပ်စက်ရုံမှာ မင်္ဂလာဒုံစက်မှုဇုန်သို့ ပြောင်းရွှေ့လုပ်ကိုင်ရာ အလုပ်သမား ၆၀၀ ကျော် မလိုက်နိုင်သဖြင့် နစ်နာကြေးပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

‘’ပြီးခဲ့တဲ့ရက်ပိုင်းက အွန်လိုင်းတွေပေါ်မှာ လှိုင်သာယာစက်မှုဇုန်မှာ စက်ရုံ ၁၄ ရုံ ပိတ်သိမ်းတယ်ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့တယ်။ အဲဒီသတင်းအပေါ်မှာ အလုပ်သမားတွေ တော်တော်လေးတုန်လှုပ်သွားကြတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဒီလိုပဲစက်ရုံတွေ တစ်ရုံပြီးတစ်ရုံပိတ်နေပြီလား၊ အလုပ်လက်မဲ့တွေ များလာတော့မှာလား။ အလုပ်သမားတွေဘက်က စိုးရိမ်ကြတယ်။ ဒီဂယက်က အခြေခံအလုပ်သမားတွေ လောကမှာတော်တော်လေး လှုပ်ခတ်သွားတယ်။ ဒါ့အပြင် နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံဖို့ လေ့လာနေကြတဲ့ ကုမ္ပဏီတွေကလည်း တုန်လှုပ်သွားကြတယ်။ တကယ်တော့ လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ စက်ရုံအားလုံး ပိတ်သိမ်းသွားတယ်ဆိုတာ မဟုတ်ပါဘူး။ စက်ရုံ အနည်းငယ်သာ လုပ်ငန်းမအောင်မြင်လို့ ပိတ်သိမ်းသွားတာပါ။ပြောင်းရွှေ့တာရယ်၊ လုပ်ငန်းပေါင်းစပ်တာရယ် အခြေအနေ ပေါ်မူတည်ပြီး ဆက်လက်လည်ပတ်လုပ်ကိုင်နေတာရှိပါတယ်။ လုပ်ငန်းဆိုတာ အောင်မြင်တာရှိသလို၊ မအောင်မြင်တာလည်းရှိတယ်။ အောင်မြင်တဲ့သူက ဆက်လုပ်တယ်။ မအောင်မြင်တဲ့သူကပြောင်းလဲ လုပ်ကိုင်ကြတယ်။ ဒါက သဘာဝပဲ။ ရန်ကုန်တိုင်းဒေသကြီးမှာ အလုပ်သမားတွေ အများကြီးလိုအပ်နေ ပါတယ်။ နောက်ပိုင်းMIC ဥပဒေ ပြင်လိုက်တာကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာနေပါတယ်။ ခုဆို နိုင်ငံတစ်ဝန်း တစ်နှစ်ခွဲအတွင်းမှာ စက်ရုံပေါင်း ငါးထောင်ကျော် တိုးလာနေပါပြီ။ အလားတူ ရန်ကုန်တိုင်းဒေသကြီးမှာ အထည်ချုပ် စက်ရုံ ၃၇၇ ရုံ ထပ်တိုးဖို့ မြေနေရာပြင်နေပါတယ်။ ပြောချင်တာက ရန်ကုန်တိုင်းဒေသကြီးမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ အလုပ်သမားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်သာ စွမ်းရည်အပြည့်အဝရှိဖို့ လိုပါတယ်’’ဟု တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၌ စက်မှုဇုန်အများဆုံးရှိပြီး စက်ရုံ၊ အလုပ်ရုံ ပေါများသော တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ စက်မှုဇုန် ၂၉ ဇုန်ရှိပြီး အထူးစီးပွားရေးဇုန်အနေဖြင့် သီလဝါစက်မှုဇုန်ရှိ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက်မှ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ လူငယ်၊လူလတ်အများစုမှာ လာရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)

Local News Read 808 times