ယခုနှစ် အတွင်း စက်ရုံ အလုပ်ရုံများ ပိတ်သိမ်းခြင်းနှင့် ပိတ်သိမ်းတော့မည့် သတင်းများမှာ အလုပ်ရှင်၊ အလုပ်သမား များသာမက ပြည်သူများကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေသည်။
လှိုင်သာယာ စက်မှုဇုန်ရှိ အလုပ်သမား ၅၀၀ ကျော်နှင့် လည်ပတ်နေသော Seduno အထည်ချုပ် စက်ရုံမှာ ဆက်လက် ရပ်တည်ရန် ခက်ခဲလာခြင်းကြောင့် ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှ စတင်၍ ကြေငြာချက် ထုတ်ပြန်ပြီး အလုပ်သမား များကို ဥပဒေ အတိုင်း လျော်ကြေးပေးကာ ပိတ်သိမ်းခဲ့သည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဒု ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်နွယ်က “ဇွန်လကုန်မှာ ၁ ရုံ ပိတ်တယ်။ အခု ရက် ပိုင်း အတွင်းပဲ လှိုင်သာယာမှာ အထည်ချုပ်စက်ရုံ ၂ ခု ပိတ်တယ်။ ပြီးတော့ ပီနံအိတ်စက်ရုံ ၁ ရုံပိတ်တယ်။ စက်ရုံတွေ ပိတ်တာက တစ်ရက် လုပ်ခလစာ ၄,၈၀၀ ကျပ်ဖြစ် လာလို့တော့ မဟုတ်ဘူး။ ပိတ်ရခြင်း အကြောင်းအရင်းက အများကြီး ရှိတယ်” ဟု ပြောဆိုသည်။
ယင်းကဲ့သို့ ပိတ်လိုက်သော စက်ရုံ ၃ ရုံမှ အလုပ်သမား ၁,၅၀၀ ခန့်မှာ လတ်တလော အလုပ်လက်မဲ့ ဖြစ်ခြင်း၊ အလုပ် အကိုင် အခွင့်အလမ်းများ ရှားနေခြင်း စသည့် အခက်အခဲများကို ရင်ဆိုင်နေကြရသည်။
စက်ရုံများ ပိတ်သိမ်းမည့် အခြေအနေအရပ်ရပ်ကြောင့် လက်ရှိ ၂၀၁၈ ခုနှစ်အတွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများမှာ ရှားသထက် ရှားလာနေပြီ ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။
အလုပ်သမား အများစုကို အလုပ်အကိုင်ပေးနိုင်သည့် အထည်ချုပ် စက်ရုံများမှာ ပြည်ပမှ အော်ဒါ မှာယူမှု လျော့နည်းလာခြင်း၊ စက်မှုဇုန်များတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု မရှိခြင်း၊ လုပ်ခလစာများ မြင့်တက်လာခြင်း အစရှိသည့် အကြောင်းရင်းများကြောင့် ၂၀၁၈ ခုနှစ်အတွင်း စက်ရုံ အများအပြား ပိတ်သိမ်းမည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။ ပိတ်သိမ်းရန် ပြင်ဆင်နေသည့် စက်ရုံများကလည်း အလုပ်သမားဦးရေ လျှော့ချခြင်းတို့ကို ပြုလုပ်လျက်ရှိကြသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။
ယင်းအပြင် ရေဆိုး စွန့်ပစ်မှု နည်းပညာ အခက်အခဲများနှင့် အစိုးရ အဆက်ဆက် လက်ရှိ အချိန်ထိ မဖြေရှင်းနိုင် သေးသည့် ကျူးကျော် ပြဿနာများ၊ လျှပ်စစ်မီး လုံလောက်စွာ ပေးနိုင်ခြင်း မရှိသည့် ကိစ္စရပ်များကလည်း စက်ရုံများ ပိတ် သိမ်းရန် အတွက် တွန်းအားသဖွယ် ဖြစ်နေကြသည်။
စက်ရုံများ ပိတ်သိမ်းလာခြင်း၏ အဓိက အကြောင်းအရင်းများထဲတွင် ပြည်တွင်း လုပ်ငန်းရှင်များ သာမက ပြည်ပမှ လုပ်ငန်းရှင်များကလည်း မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်ရန် ခက်ခဲလာခြင်းကြောင့်ဟု ဆိုကြသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များမှ လုပ်ကိုင်နေသော အထည်ချုပ် စက်ရုံ ၁၈ ရုံခန့် ပိတ် သိမ်းခဲ့ရသည်။ ၂၀၁၇ ခုနှစ်က ပိတ်သိမ်းသည့် စက်ရုံများ ရှိသကဲ့သို့ အသစ်ဖွင့်လှစ်သည့် စက်ရုံများလည်း ရှိခဲ့သည်။
သို့သော် ယခု ၂၀၁၈ ခုနှစ်တွင် လက်ရှိ အချိန် အထိ အသစ်ဖွင့်လှစ် လုပ်ဆောင်မည့် စက်ရုံမှာ မရှိသလောက်ဖြစ်နေကြောင်း ရွှေလင်ပန်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။
အထည်ချုပ် လုပ်ငန်းများသည် တိုင်းပြည်၏ လုပ်သားအများစုကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော စက်မှုလုပ်ငန်း တစ်ခု ဖြစ်သောကြောင့် စက်ရုံများပိတ်သိမ်းရန် ပြင်ဆင်လာခြင်းက တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမှု ကြီး မားလာနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ဦးအေးသောင်းက “မြန်မာပြည်ရဲ့ စက်ရုံ လုပ်ငန်းနဲ့ ပတ်သက်တဲ့ ပေါ်လစီ မငြိမ်ဘူး။ နောက်ပြီး အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေနဲ့ အလုပ်သမား ဝင်လိုက် ထွက်လိုက် မငြိမ်မှုတွေကြောင့်လည်း ပါတယ်” ဟု ဆိုသည်။
စက်ရုံ လုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်ရေး အခက်အခဲများကို လုပ်ငန်းရှင်များဘက်မှ အစည်းအဝေးများတွင် တင်ပြသော်လည်း အစိုးရဘက်က ပူးပေါင်းပါဝင်မှု အားနည်းနေကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက “၂၀၁၃ ခုနှစ် ဇူလိုင်လကျမှ အီးယူ GSP အခွန် သက် သာခွင့် ပေးထားတဲ့ အတွက် အထည်ချုပ် လုပ်ငန်းက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ စပြီး ဖွံ့ဖြိုးတိုးတက်တယ်။ အဲဒီတော့ ၂၀၁၄ ခုနှစ်မှာမှ ပြန်လည်ပြီး ရှင်သန်လာတဲ့ လုပ်ငန်းတစ်ခုက ၂၀၁၈ ခုနှစ်မှာ ဘယ်လောက်ထိ ဖွံ့ဖြိုးတိုးတက်နိုင်မလဲ” ဟု စိုးရိမ်ပူပန်စွာ ပြောဆိုသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့ လုပ်ငန်းတွေ ဘက်ကို ပံ့ပိုးပေးမှုက ဘယ်နေရာမှာ ရှိမလဲ။ ပြည့်စုံလုံလောက်ဖို့ အတွက် အစိုးရအဖွဲ့က အခုက ကြိုးစားနေဆဲ ကာလပဲ ရှိတယ်။ လျှပ်စစ်မီး ရရှိအောင် လုပ်ပေးနေဆဲ ကာလမှာပဲရှိသေးတယ်။ လမ်းပန်း ဆက်သွယ်ရေးတွေ ပိုကောင်းလာအောင် လုပ်ပေးနေဆဲပဲရှိတယ်။ ဒီလို ပြုပြင်ပြောင်းလဲ နေတဲ့ ကာလမျိုးမှာ ကျနော်တို့အတွက် ပံ့ပိုးမှုက မရှိဘူး” ဟု ရှင်းပြသည်။
၂၀၁၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့ ကြားတွင် လုပ်ငန်းများမှာ လုပ်ရကိုင်ရ ကောင်းခဲ့သော်လည်း ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်၌ လုပ်ငန်းတော်တော်များများ ဆက်လက် လုပ်ကိုင်နိုင်ခြင်း မရှိခြင်း၊ တချို့ စက်ရုံများမှာလည်း ရုန်းကန် ရင်ဆိုင် နေရသည်ဟု ရွှေလင်ဗန်းစက်မှုဇုန်ရှိ Excel lnt’l Trading ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးနေလင်းဇင်က ပြောသည်။
လုပ်ငန်းရှင်များ အနေနှင့် စက်မှုဇုန်များတွင် မြေရရှိမှု ခက်ခဲခြင်း၊ ပိုင်ဆိုင်မှု စာရွက်စာတမ်း လျှောက်ထားရာ၌ ရရှိမှု ခက်ခဲခြင်း၊ လျှပ်စစ်မီး ရရှိမှု ခက်ခဲခြင်း၊ ကျူးကျော် ပြဿနာများ ရှိနေခြင်း အစရှိသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် အပြင် လုံခြုံမှု ကင်းမဲ့ခြင်းများလည်း ကြုံတွေ့နေရသည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများသည် အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီယား နိုင်ငံများနှင့် ယှဉ်ပြိုင်နေရသည့် ကာလ ဖြစ်သောကြောင့် Customer များကို ဆွဲဆောင်ရန် နည်းလမ်းသစ်များ လုပ်ဆောင်သင့်ကြောင်း ရွှေလင်ပန်း စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံပိုင်ရှင် ကိုအောင်မျိုးဟိန်းက ဧရာဝတီသို့ ပြောသည်။
စက်မှု ကုန်ထုတ် လုပ်ငန်းများ အတွက် ထပ်မံ ရင်ဆိုင်နေရသော အခြေအနေမှာ အလုပ်သမားများ ဆန္ဒပြခြင်း ဖြစ်ပြီး ထိုသို့သော အခြေအနေကို လက်ရှိတွင် အထည်ချုပ်စက်ရုံများ သာမက ဖိနပ်စက်ရုံများ၊ စားသောက်ကုန်လုပ်ငန်းများ၊ ဆံပင် အတု လုပ်ငန်းများတွင် ကြုံတွေ့နေရလျက် ရှိသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အတွင်းရေးမှူးလည်း ဖြစ်သူ ဒေါ်ခိုင် ခိုင်နွယ်က“အခုလောလောဆယ် ကျမတို့အတွက် စိတ်ထဲမှာ နေ့စဉ်နဲ့အမျှ နားစွင့်ပြီး ပူနေရတာ တခုက ဆန္ဒပြမှု တွေပါ။ ဒါက တကယ်တော့ တိုင်းပြည်အတွက်ကို ကောင်းတဲ့ အလားအလာတော့ မဟုတ်ဘူး။ အဲဒီတော့ ကျမတို့ အလုပ်ရှင် အလုပ်သမား နားလည်မှုကို ကြိုးစားတော့ တည်ဆောက်နေတယ်။ အကြိမ်တိုင်း အခါတိုင်းမှာတော့ ကျမတို့တာဝန်ရှိတဲ့ လူချည်းပဲ လုပ်လို့ မရဘူး” ဟု ဆိုသည်။
ILO လှိုင်သာယာ မြို့နယ်မှ အလုပ်သမား ကိုယ်စားလှယ် ဒေါ်သိင်္ဂီဝင်းကမူ “အော်ဒါမရလို့ ပိတ်တာ။ အော်ဒါ ဘာလို့မရလဲ ဆိုတော့ လုပ်ငန်းခွင်မှာ အလုပ်သမားနဲ့ အလုပ်ရှင်နဲ့ ဆက်ဆံရေး မပြေလည်လို့ ဖြစ်ပါတယ်။ အခု ၄၈၀၀ ကျပ် မပေးနိုင်လို့ ပိတ်တာတော့ မရှိသေးဘူး။ လုပ်ငန်းခွင်မှာ အလုပ်သမားတွေ အပေါ် ဖိနှိပ် ချုပ်ချယ်မှုတွေ များတယ်။ အဲဒါတွေကြောင့် အော်ဒါကို ပြန်ရုတ်သိမ်းလိုက်တဲ့ အချိန်မှာ သူတို့က လုပ်ငန်းကို မလည်ပတ်နိုင်တော့ဘူး”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ဆန္ဒမပြစေချင်ရင် ဆန္ဒမပြအောင်လုပ်လေ။ အခွင့်အရေးကို အလုပ်ရှင်ဘက်က တိတိကျကျလုပ် ပေး။ လုပ်ခလစာကိုလည်း တိတိကျကျပေးရင် အလုပ်သမားတွေက ဆန္ဒပြစရာ မလိုဘူး” ဟု ဆိုသည်။
ယခု အလုပ်သမားများ ဆန္ဒပြခြင်းမှာ လုပ်ငန်းခွင်တွင် ဖိနှိပ် ချုပ်ချယ်မှုများခြင်း၊ လုပ်ခလစာများ ချိုးနှိမ်ပေးခြင်း၊ အလုပ် သမား ဥပဒေပါ ခံစားခွင့်များကို အပြည့်အဝ မပေးခြင်း၊ အချိန်ပိုများ မတရားခေါ်ခြင်း စသည့် အချက်များမှာ ဆန္ဒပြမှုများ ဖြစ်လာခြင်း အကြောင်းအရင်းများတွင် ပါဝင်နေကြောင်း အလုပ်သမားရေးရာ ကိစ္စ ဖြေရှင်းရသည့် အတွေ့အကြုံများကို ပြောပြသည်။
ဝါးတရာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံမှ မထက်မြက်ကလည်း “ကျမတို့က စက်ချုပ်တာ တစ်ခုပဲ ရတော့ ဒီရုံက မကောင်းရင် ဟို ဘက်ရုံကို ပြောင်းရတာပေါ့။ စက်ရုံပိုင်ရှင်ကသာ လုပ်ခလစာ မှန်မှန်နဲ့လုပ်ရင် လုပ်နိုင်သလောက် ပေးမယ်ဆိုရင် အချိန်ပို ဆင်းရလည်း ဆင်းတာပေါ့။ နှစ်လည်းကြာကြာ လုပ်ဖြစ်မှာပါ။ အရင်စက်ရုံတုန်းကတော့ လုပ်ခ လစာလည်း နှိမ်တယ်။ အချိန်ပိုလည်း မတရားဆင်းရတယ်။ အဲဒါကြောင့် ဆန္ဒပြခဲ့ရတယ်” ဟု ဆိုသည်။
လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က “အလုပ်ရှင် အလုပ်သမား ပြဿနာများကို လေ့ လာကြည့်ရင် အလုပ်ရှင်ဘက်က လွဲမှားသလို၊ အလုပ်သမားဘက်က လွဲမှားတာလည်း ရှိပါတယ်။ အဓိကတော့ အလုပ် သမား ဥပဒေလည်း ရှိတယ်။ အလုပ်သမားဘက်ကလည်း ဥပဒေနဲ့အညီ တောင်းဆိုပါ” ဟု ပြောသည်။
ထို့ပြင် ၎င်းက “ကျနော်တို့ တိုင်းပြည်က အာဏာရှင် တိုင်းပြည် မဟုတ်ပါဘူး။ ဒီမိုကရေစီကို သွားနေတဲ့ တိုင်းပြည်ဖြစ် တဲ့အတွက် အလုပ်ရှင်လည်း အခက်မတွေ့အောင် အလုပ်သမားဖက်က ဥပဒေနဲ့အညီ တောင်းဆိုနိုင်ပါတယ်။ ပြဿနာ တစုံတရာဖြစ်တိုင်း ထွက်ပြီး ဆန္ဒပြတယ် ဆိုရင် ရင်းနှီးမြှုပ်နှံမယ့်သူတွေလည်း ဒါကို စိုးရိမ်ပါတယ်”ဟု ပြောဆိုသည်။
ရင်းနှီးမြှုပ်နှံသူများအနေနှင့် စက်ရုံများ ပိတ်၍ ပြန်သွားမည်ဆိုလျှင် တိုင်းပြည်အတွက် မကောင်းနိုင်ကြောင်း၊ သို့ဖြစ်၍ ယင်းအခြေအနေများ မဖြစ်ပွားစေရန် အလုပ်ရှင်များဘက်က သာမက အလုပ်သမား ဖက်မှလည်း နှစ်ဖက်စလုံး ထိန်းထိန်း သိမ်းသိမ်းနှင့် ဆောင်ရွက်ပေးသင့်ကြောင်း ဦးဝင်းမြင့်က အကြံပြုသည်။
၂၀၁၇ ခုနှစ်၌ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု အနေနှင့် စက်မှုလုပ်ငန်းများတွင် လုပ်ငန်း အရေအတွက် ၁၃၆ ခုမှ ရင်းနှီး းမြှုပ်နံှမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၇၆၉ ဒသမ ၁၃၆ မီလီယံ ရင်းနှီးးမြှုပ်နှံမှု ဝင်ရောက်ခဲ့သည်။
၂၀၁၈ ခုနှစ် ၃ လတာ အတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးးမြှုပ်နှံမှု အနေနှင့် စက်မှုလုပ်ငန်းများ၌ လုပ်ငန်း အရေအတွက် ၁၉ ခုမှ ရင်းနှီးးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂၇၅ ဒသမ ၆၆၃ မီလီယံ ရရှိခဲ့ကြောင်း ရင်းနှီးးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန စာရင်းများအရ သိရသည်။
ပြည်တွင်းရှိ စက်မှုဇုန် လုပ်ငန်းများတွင် ကြုံတွေ့နေရသော အခက်အခဲများကို အစိုးရ အနေနှင့် အမြန်ဆုံး တတ်နိုင်သည့် ဘက်မှ ဖြေရှင်းပေးရန် အရေးတကြီး လိုအပ်နေပြီး ထိုသို့ မဖြေရှင်းနိုင်လျှင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၈ ခုနှစ် အတွက် ကျဆင်းမည့် ဘက်သို့ ဦးတည် သွားနိုင်ကြောင်းကို စီးပွားရေး လုပ်ငန်းရှင်တွေက ခန့်မှန်းပြောဆိုကြသည်။
ရင်းမြစ် ။ ။မျိုးပပစန်း ဧရာဝတီ
စက်ရုံများ ထပ်မံပိတ်သိမ်းနေခြင်းနှင့် ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ရေးသားဖော်ပြခဲ့သည်ကို တွေ့ရသည်။
ကျမဆီကိုရောက်ရှိလာသော ထပ်မံပိတ်သိမ်းမည့် စက်ရုံ
စာရင်းတွေကို ကြည့်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရက
စက်ရုံလုပ်ငန်းပေါင်း ခြောက်ရာလောက်တိုးလာတယ်လို့ ပြောလို့
ဘယ်ကိန်းဂဏန်းကို အခြေခံပြီးများ ပြောတာပါလိမ့်လို့ စဉ်းစားနေမိတယ်။
ဟု ၎င်းက ရေးသားထားသည်။
နှစ်မျက်နှာ စာရင်းအရ စက်ရုံပိတ်သိမ်းမှုများကြောင့် အလုပ်အကိုင် ၃၇၃၉ နေရာ ဆုံးရှုံးကြောင်း တွေ့ရသည်။ စာရင်းတွင် အများစု ပါဝင်နေသည်မှာ အထည်ချုပ်ကဏ္ဍမှ စက်ရုံများ ဖြစ်ကြောင်း တွေ့ရသည်။ Popular အထည်ချုပ်လုပ်ငန်း North Shore Group အထည်ချုပ်လုပ်ငန်း၊ United Knitting Myanmar ခြေအိတ်လုပ်ငန်း၊ Chem Zon အထည်ချုပ်လုပ်ငန်း၊ Success Time ဖိနပ်ချုပ်လုပ်ငန်း အစရှိသည်တို့ ပါဝင်ကြောင်း တွေ့ရသည်။
စာရင်းတွင်ပါသော ရေခဲမုန့် ဝါးဟာဟား စက်ရုံသည် လှိုင်သာယာစက်မှုဇုန်တွင် တည်ရှိပြီး အလုပ်သမားများအား ၂၀၁၅ ခုနှစ် အနည်းဆုံးလုပ်ခဖြစ်သော တစ်နေ့ ၃၆၀၀ ကျပ်ကို မပေးခဲ့သဖြင့် ပြဿနာ ရှိခဲ့ဖူးကြောင်း သိရသည်။ တောင်ဒဂုံစက်မှုဇုန်တွင် တည်ရှိသော စက်ရုံမှာ ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ရွှေပြည်သာနှင့် မန္တလေးမြို့တို့တွင်လည်း စက်ရုံများ ဆက်လက်လုပ်ကိုင်လျက် ရှိသည်ဟု သိရသည်။
အဆိုပါစာရင်းတွင် ပါဝင်သော လုပ်ငန်းအချို့နှင့် ပတ်သက်၍
မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ် IWFM ဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင် က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာမှာ ယခုလို မှတ်ချက်ပေးထားတာကို ဖြည့်စွက်ဖော်ပြအပ်ပါတယ်။
အမတ် ဒေါ်စန္ဒာမင်း တင်ထားတဲ့ post ပါ စက်ရုံပိတ်သိမ်းစာရင်းဆိုတာကို ကြည့်ဖြစ်ပါတယ်။ စက်ရုံ ပိတ်သိမ်းလိုက်တဲ့ အပေါ်မှာ အမျိုးမျိုးထင်ကြေးတွေပေး အပြစ်တွေ တင်နေကြတာလည်း တွေ့ရတယ်။ အလုပ်သမားတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေကိုလည်း အပြစ်တင်ရေးထားတာတွေ တွေ့ရတယ်။ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ အပြင် ပြန်ထွက်သွားသလား။ စသည် စသည့်ဖြင့်
တကယ်တော့ ဒီစက်ရုံတွေ တကယ်ပိတ်သလား၊ ပြောင်းရွှေ့ဖွင့်လှစ်တာလား၊ ဘာကြောင့် ပြောင်းတာလဲ။ ဘာကြောင့် ပိတ်တာလည်း ဆိုတာ မေးမြန်းလေ့လာတာ မတွေ့ရဘူး။
ကျွန်မကတော့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်အနေနဲ့စက်ရုံပိတ်သိမ်းရတဲ့ အကြောင်းရင်းတွေကို သိချင်ခဲ့ပါတယ်။ လက်လှမ်းမှီသလောက် စုံစမ်းမေးမြန်းလို့ သိရတဲ့ အချက်တွေကို ဝေမျှပေးလိုက်ပါတယ်။ အချက်အလက်တွေ မမှန်တာ။ မပြည့်စုံတာတွေ တွေ့ရပါတယ်။။
အဓိကတော့ လူဦးရေ များများခန့်ထားနိုင်တဲ့ အထည်ချုပ်နဲ့ ဖိနပ်စက်ရုံတွေကို စုံစမ်းလိုက်ပါတယ်။ ဒီစက်ရုံတွေက နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ဖြစ်လို့ လွယ်လွယ်နဲ့ မပိတ်ကြပါဘူး။ ဒါကြောင့် စိတ်ဝင်စားမိတာပါ။
နောက်တစ်ခုက ဒီလိုတွေ မဖြစ်ဖို့ဆို ဘာတွေ လုပ်မလဲလို့ လုပ်သင့်လဲလို့ မေးနေသူတွေ ရှိပါတယ်။ တကယ်လက်တွေ့ လုပ်ဆောင်ရမယ့် သူတွေလည်း ရှိပါတယ်။ အဓိက အကြောင်းရင်းကို မသိရင်တော့ အနာတစ်ခြား ဆေးတခြား ဖြစ်နေအုံးမှာပါပဲ။ အကြောင်းရင်းတွေကလည်း တစ်ချက်ထက် မက ရှိနိုင်ပါတယ်။ အားလုံး ဘက်ပေါင်းစုံက စဉ်းစားရမှာ ဖြစ်ပါတယ်။
စုံစမ်းတွေ့ရှိချက်လေးတွေ မျှဝေလိုက်ပါတယ်။ အဓိက အလုပ်သမား (၃၂၉၁) ဦးကို အလုပ်ခန့်ထားပေးနိုင်တဲ့ စက်ရုံ (၆) ရုံကို စုံစမ်းလေ့လာခဲ့ပါတယ်။
၁။ United Knitting Myanmar ခြေအိတ် စက်ရုံ - ၄၅၁ ဦး
၂။ Popular အထည်ချုပ် စက်ရုံ -၄၅၁ ဦး
၃။ Success Time ဖိနပ် စက်ရုံ - ၃၆၀ ဦး
၄။ North Shore အထည်ချုပ် - ၆၈၆ ဦး
၅။ ပုလဲ အထည်ချုပ် - ၉၆၃ ဦး
၆။ Chamzon အထည်ချုပ် - ၃၈၀ ဦး
ဝမ်းသာစရာ သတင်းကပဲ စပြောပါမယ်။
၁။ United Knitting Myanmar ခြေအိတ်စက်ရုံ က မပိတ်ပါဘူး။ လက်ရှိ လည်ပတ်နေဆဲပါ။ ပိတ်ဖို့ ရှိလားလို့လည်း စုံစမ်းထားပါတယ်။ ပိတ်ဖို့ အစီအစဉ်လည်း ရှိကြောင်း မကြားရပါ။
ဒီနာမည်နဲ့စက်ရုံကတော့ လှိုင်သာယာမှာ ဖြစ်ပါတယ်။
ဒေါ်စန္ဒာမင်း တင်ထားတဲ့ စာရင်းထဲမှာ ပါတဲ့ စက်ရုံက လှိုင်သာယာမြို့နယ်ထဲက မဟုတ်ရင် ဘယ်မြို့နယ်ထဲကလဲဆိုတာ ဖော်ပြပေးစေလိုပါတယ်။
နောက်တစ်ခုက United Knitting Myanmar ခြေအိတ်စက်ရုံက လူဦးရေ ၂၀၀၀ ကျော်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ ၄၅၁ ဦး မဟုတ်ပါ။ ဘာမှားလဲ ဆိုတာ ဒေါ်စန္ဒာမင်း (အမတ်မင်း) စုံစမ်း စစ်ဆေးပြီး သတင်းပြန်လည် ထုတ်ပေးစေလိုပါတယ်။
၂။ Popular အထည်စက်ရုံ
လက်ရှိ လည်ပတ်လျက်ရှိပါတယ်။ လှိုင်သာယာမြို့နယ် ထဲမှာပါ။
ဒေါ်စန္ဒာမင်း တင်ထားတဲ့ စာရင်းထဲမှာ ပါတဲ့ စက်ရုံက လှိုင်သာယာမြို့နယ်ထဲက မဟုတ်ရင် ဘယ်မြို့နယ်ထဲကလဲဆိုတာ ဖော်ပြပေးစေလိုပါတယ်။
၃။ Success Time ဖိနပ် စက်ရုံ - ၃၆၀ ဦး
လုပ်ငန်းအပြီး ပိတ်သိမ်းပြီး ရင်းနှီးမြှပ်နှံမှု ရပ်ဆိုင်းခြင်း မဟုတ်ပါ။ ရွှေလင်ဗန်းစက်မှုဇုန်မှ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။ စက်ရုံမြေနေရာ ငှားရမ်းမှု စာချုပ် ပြည့်ပြီး စက်မှုဇုန် (၅) သို့ ပြောင်းရွှေ့သွားခြင်းဖြစ်ပါတယ်။ အလုပ်သမားများကိုလည်း စက်ရုံနေရာသစ်သို့ လိုက်ပါရန် ခွင့်ပြုခဲ့ပါတယ်။ မလိုက်နိုင်သူ အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ဥပဒေအတိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။
၄။ North Shore အထည်ချုပ် စက်ရုံ - ၆၈၆ ဦး
လုပ်ငန်းအပြီး ပိတ်သိမ်းပြီး ရင်းနှီးမြှပ်နှံမှု ရပ်ဆိုင်းခြင်း မဟုတ်ပါ။ လှိုင်သာယာမြို့နယ်တွင် ရှိပါတယ်။ စက်ရုံမြေနေရာ ငှားရမ်းစက်ရုံပြည့်ပြီး မင်္ဂလာဒုံသို့ စက်ရုံ ပြောင်းရွှေ့ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။ သမဂ္ဂ ရှိပါတယ်။ သမဂ္ဂ ခေါင်းဆောင်များနဲ့ တိုင်ပင်ပြီး လုပ်ကိုင်လိုသူများကို စက်ရုံသစ်သို့ ခေါ်သွားခဲ့ပြီး။ မလိုက်နိုင်သူများကို ဥပဒေအတိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ North Shore သမဂ္ဂက CTUM/ IWFM အဖွဲ့ဝင် ဖြစ်ပါတယ်။ လုပ်သားများလည်း ဆက်လက်စုဆောင်းခန့်ထားလျက်ရှိပါတယ်။
၅။ ပုလဲ အထည်ချုပ် - ၉၆၃ ဦး
ပုလဲ စက်ရုံအကြောင်းပြောမယ်ဆိုရင် စက်ရုံ သုံးရုံ နဲ့ပြောရပါမယ်။ လုပ်ငန်းအပြီး ပိတ်သိမ်းပြီး ရင်းနှီးမြှပ်နှံမှု ရပ်ဆိုင်းခြင်း မဟုတ်ပါ။
ပုလဲ အထည်ချုပ်က လှိုင်သာယာမြို့နယ် စက်မှုဇုန် (၄)၊ ကျန်စစ်သားလမ်းထဲမှာ ဖြစ်ပါတယ်။
(၁၃၁) ဦးရှိတဲ့ စက်ရုံရယ်၊ (၈၀၀)ကျော်ခန့် ရှိတဲ့ စက်ရုံရယ် နှစ်ရုံဟာ ဇုန်(၄) ထဲမှာ ကျောချင်းကပ်လမ်းမှာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ (၁၃၁) ဦးပဲ ရှိတဲ့ စက်ရုံမှ အလုပ်သမားတွေကို (၈၀၀) ကျော်ရှိသော စက်ရုံကို ပေါင်းခဲ့တာ ဖြစ်ပါတယ်။ ယေဘူယျအားဖြင့် ကြည့်မယ်ဆိုရင် အလုပ်ရှင်အနေနဲ့ မြေငှားရမ်းခ၊ နဲ့ ကုန်ကျစရိတ်တွေအတွက် စီမံခန့်ခွဲမှု လုပ်ခြင်းဖြစ်ပါတယ်။ မလိုက်နိုင်တဲ့သူတွေ ရှိခဲ့လို့ အလုပ်ပြောင်းရွှေ့လျော်ကြေး မပေးလို့ (၅၂) ဦးက နစ်နာကြေးရလိုမှုအတွက် အငြင်းပွားမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
လိုက်နိုင်တဲ့သူတွေတော့ အလုပ်သမား (၈၀၀) ကျော် ရှိတဲ့ စက်ရုံကို ပြောင်းရွှေ့သွားပါတယ်။
အဲဒီစက်ရုံကလည်း စက်ရုံမြေနေရာငှားရမ်းမှု အခက်အခဲရှိတဲ့အတွက် ပိုင်ရှင်တူ စက်ရုံဖြစ်တဲ့ စက်မှုဇုန် (၄) ထဲက မြန်မာအပရယ် (Myanmar Apparel) အထည်ချုပ် စက်ရုံကို ပြောင်းရွှေ့ပြီး အလုပ်သမားများကို ပေါင်းပြီး လုပ်ကိုင်လျက် ရှိပါတယ်။
၆။ Chamzon အထည်ချုပ် - ၃၈၀ ဦး
Chamzone ကတော့ လွန်ခဲ့သော (၅) လ (၆) လလောက်ကတည်းက ပိတ်သွားတယ်လို့ သိရပါတယ်။ သူနဲ့ ပတ်သက်တဲ့ အချက်အလက်ကတော့ အော်ဒါအရနည်းလို့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၇ခုနှစ်ထဲမှာတော့ စက်ရုံမှာ အငြင်းပွားတွေ ရှိခဲ့တယ်ဆိုတဲ့ အချက်အလက်တော့ မရခဲ့ပါဘူး။
ကျွန်မတင်ပြထားတဲ့ အပေါ်က အချက်အလက်တွေ မှားနေတယ်ဆိုရင် ပြန်ပြောပေးစေချင်ပါတယ်။ ရရှိတဲ့ အချက်အလက်တွေအပေါ်မှာ အနှစ်ချုပ် တင်ပြရပါလျှင်
၁။ United Knitting Myanmar ခြေအိတ် စက်ရုံ နှင့် Popular အထည်ချုပ် စက်ရုံ မှ အလုပ်သမား (၉၀၂) ဦး အလုပ်လက်မဲ့ဖြစ်ခြင်း၊ အလုပ်ပိတ်ခြင်းဆိုတာ မမှန်ပါ။
၂။ Success Time ဖိနပ် စက်ရုံ - ၃၆၀ ဦး၊ North Shore အထည်ချုပ် - ၆၈၆ ဦး ၊ ပုလဲ အထည်ချုပ် - ၉၆၃ ဦး တို့ စက်ရုံ ပြောင်းရွှေ့ကိစ္စသာ ဖြစ်ပြီး အလုပ်ရှင်မှ မိမိစီးပွားရေးအတွက် လိုအပ်သည့် စီမံခန့်ခွဲမှုများကို ဆောင်ရွက်ခြင်းသာဖြစ်ပါတယ်။ ရင်းနှီးမြှပ်နှံမှုတွေလည်း လျော့မသွားပါ။ အလုပ်သမား ( ၂၀၀၉ ) ဦး အားလုံးသည်လည်း အလုပ်လက်မဲ့ ဖြစ်ခြင်း မရှိပါ။
ပြောင်းရွှေ့မလိုက်ပါလိုသူအချို့ ကိုလည်း ဥပဒေနဲ့အညီဆောင်ရွက်ပေးခဲ့ကြပါသည်။
၃။ Chamzon ကတော့ ပိတ်သွားပါတယ်။
နိဂုံးချုပ်အနေနဲ့ အမတ်မင်း ဒေါ်စန္ဒာမင်းအနေနဲ့ တင်ထားတဲ့ အချက်အလက်တွေရဲ့ မှန်ကန်မှုကို ပြန်ပြီး စစ်ဆေးပေးဖို့ ပြောချင်ပါတယ်။ အချက်အလက်ကို တင်တဲ့အခါမှာလည်း ပိတ်ခြင်း၊ ပြောင်းရွှေ့ဖွင့်လှစ်၊ အခြေအနေလေးတွေကို ပြည့်ပြည့်စုံစုံ ဇယားကွက်တစ်ခုလုံး။ မှတ်ချက်လေးများနှင့်တကွ တင်လျှင် ပိုပြီး သင့်တော်ပါမယ်။ မဟုတ်ပါက တွေ့ရှိဖတ်မိသူတွေက အခြားသူတွေအပေါ် အပြစ်တင်မှုတွေ ထင်သလိုရေးကြမှာပဲ ဖြစ်ပါတယ်။ ကျွန်မတို့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်အနေနဲ့တော့ ဒီလို သတင်းတွေကို အမြဲမပြတ် ပြည့်ပြည့်စုံစုံ ထုတ်ပြန်ပေးစေချင်ပါတယ်။ ဒါမှ အခုလို ပြန်လည် သတင်းပေးနိုင်မှာလည်း ဖြစ်ပါတယ်။
စက်ရုံအငယ်လေးတွေကတော့ နိုင်ငံသားပိုင် SME တွေ အများစု ဖြစ်နိုင်တယ်။ SME စီးပွါးရေး လုပ်ငန်းရှင်တွေ အဆင်မပြေကြတာတွေလည်း ကြားနေရပါတယ်။ နိုင်ငံသားပိုင် SME တွေ ရပ်တည်နိုင်အောင်ကတော့ ဘာတွေ လုပ်ပေးဖို့ လိုအပ်လဲဆိုတာ လုပ်ငန်းရှင်တွေနဲ့ တွေ့ပြီး မူဝါဒတွေ ချမှတ်လုပ်ဆောင်ရမယ်လို့ပဲ မြင်မိပါတယ်။
ခိုင်ဇာအောင်
ဥက္ကဌ - မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ် IWFM
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် - မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM