ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (မြင်သာ) သို့ ငါးလအတွင်း လာရောက်အပ်နှံသည့် ယာဉ်မောင်းလိုင်စင်အတု အစောင် ၄၀ ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးလျန်ကျင့်မာန်က ပြောကြားသည်။
အဆိုပါ ယာဉ်မောင်းလိုင်စင်များကို ဇွန်လမှ စတင်အပ်နှံရန် အသိပေးကြေညာခဲ့ပြီး ယင်းအပ်နှံရန် ကြေညာခဲ့သည့် ဇွန်လမှ အောက်တိုဘာလအထိ င လိုင်စင်နှင့် ခ လိုင်စင် စုစုပေါင်း အစောင် ၄၀ လာရောက်အပ်နှံထားကြောင်း ၎င်းကဆိုသည်။
“ ယာဉ်မောင်းလိုင်စင်အတု လာရောက်အပ်နှံတာက အစပိုင်းက အရမ်းများတယ်။ အခုနောက်ပိုင်း လာအပ်တာတော့နည်းသွားတယ်။ ဒီလအထိ အစောင် ၄၀ တော့ရှိပြီ။ လာအပ်ကြတဲ့လိုင်စင်တွေကို ယာဉ်မောင်းလိုင်စင်ဖြေဆိုခွင့်ရရှိဖို့နဲ့ တရားဝင်ယာဉ်မောင်းလိုင်စင်ကို သတ်မှတ်စည်းကမ်းချက်နဲ့အညီရရှိအောင် ပြန်လုပ်ပေးပါမယ်" ဟု ဦးလျန်ကျင့်မာန်က ဆိုသည်။
ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်ရောင်းချသူများနှင့် ကိုင်ဆောင်ထားသူများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ထိရောက်စွာ အသွင်ယူဖမ်းဆီးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ယာဉ်မောင်းလိုင်စင်အတုများကို လာရောက်အပ်နှံမှုမရှိပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင်ထားသူများကို စစ်ဆေးတွေ့ရှိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ လိမ်လည်မှုမှာ ၇ နှစ်၊ ပုဒ်မ ၄၆၈ အတု ကိုင်ဆောင်မှုမှာ ၇ နှစ် စုစုပေါင်း အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၄ နှစ်အထိ ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ယာဉ်မောင်းလိုင်စင်ဖြေဆိုသူများအနေနှင့် မြင်သာ (က.ည.န) ရုံးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို စာတွေ့ဖြေဆိုမှုအောင်မြင်ပါက ရွာသာကြီး (က.ည.န) တွင် လက်တွေ့မောင်းနှင်မှုကို ဖြေဆိုရမည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင်လက်တွေ့ဖြေဆိုရာတွင် ဌာနရှိယာဉ်များကို ငှားရမ်း၍ မောင်းနှင်ဖြေဆိုနိုင်ပြီး ကိုယ်ပိုင်ယာဉ်များဖြင့်လည်း ဖြေဆိုခွင့်ပြုထားကြောင်း က.ည.နထံမှ သိရသည်။
မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ပြုလုပ်သည့် မော်တော်ယာဉ်အစီးရေ ရှစ်သိန်းကျော်ရှိပြီး ယာဉ်မောင်းလိုင်စင် ၈ သိန်းခန့်ထုတ်ပေးထားပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရှိရသည်။
the voice