ဥရောပ အစ အိန္ဒိယ အဆုံးကော်ပိုရိတ်များ မြန်မာပြည်မှ ထွက်ခွာမှု များပြားလာနေပြီး စီးပွားကြီးထွားတိုးတက်မှု ရုတ်တရက် စက်သေနေစဉ် ဂျပန်ကုမ္ပဏီများ ဆက်နေရမလား ထွက်သွားရမလား ဒွိဟဖြစ်နေကြသည်။
သီလဝါ အထူးစီးပွားရေးဇုန်ကို ၂၀၁၅ ခုနှစ်တွင် ဂျပန်ဖွံ့ဖြိုးရေး အကူအညီဖြင့် တည်ဆောက်ခဲ့သည်။ စက်မှုဉယျာဉ်အတွင်း လုပ်ငန်း ထက်ဝက်ခန့်သည် ဂျပန်ပိုင် လုပ်ငန်းများ ဖြစ်ကြသည်။
သီလဝါ အထူးစီးပွားရေးဇုန်အတွင်းမှာ တည်ရှိသော ဂျာမန် လက်ကားအရောင်းလုပ်ငန်း Metro ၏ ကုန်စည်သိုလှောင်ရုံတွင် အဝါနှင်အပြာ မက်ထရိုလိုဂို ပါသည့် ထရပ်ကားများ အစီအရီ ရပ်ထားကြသည်။
Metro ၏ မြို့တွင်းရှိ အရောင်းပြခန်းတွင် ကတ်ထူပုံးများ အပုံလိုက် ရှိနေသည်။ အရောင်ပြခန်းမှာ ပိတ်သိမ်းထားပြီးပြီ ဖြစ်သည်။ လုံခြုံရေးဝန်ထမ်းက " သောကြာနေ့က ကျွန်တော်တို့ရဲ့ နောက်ဆုံး ပေးပို့မယ့်နေ့" ဟု ပြောသည်။
စစ်တပ်မှ အာဏာသိမ်းခဲ့သည်မှာ ကိုးလနီးပါး ရှိပြီဖြစ်သည်။ စီးပွားရေး နှေးကွေးနေပြီး လူ့အခွင့်အရေးများ ပူပန်စရာ တိုးများလာနေသဖြင့် ပြည်ပကုမ္ပဏီများကုိ တစ်ချိန်က အာရှ၏ နောက်ဘိတ်ဆုံး ကြီးထွားလာနေသည့် နယ်သစ်ဈေးကွက် တစ်ခုအဖြစ် ကြိုဆိုခဲ့ကြသည့် တိုင်းပြည်မှ ထွက်သွားအောင် တွန်းထုတ်ရာ ရောက်နေသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနမှ အချက်အလက်များအရ စက်တင်ဘာလကုန်အထိ ပြည်ပရင်းနှီးမြှုပ်နှံမှု ပြုထားသည့် စီမံကိန်း စုစုပေါင်း ၁,၈၇၃ ခု မြန်မာပြည်မှ ထွက်ခွာခဲ့ကြပြီးပြီ ဖြစ်သည်။
အသစ် အတည်ပြုသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအရေအတွက်သည် စက်တင်ဘာလကုန်အထိ ၄၈ သာ ရှိတော့သည်အထိ ကျဆင်းသွားသည်။ ယခင်နှစ်၏ ငါးပုံတစ်ပုံသာ ရှိသည်။ ထို့ပြင် အများစုမှာ အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ မတိုင်ခင်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်လတွင် Metro က ၎င်း၏ လုပ်ငန်းများ လည်ပတ်မှုကို အောက်တိုဘာလကုန်တွင် ရပ်တော့မည် ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားဝန်းကျင် မတည်ငြိမ်သောကြောင့်ဟု အကြောင်းပြသည်။
"ကျွနု်ပ်တို့ ကိုယ်တိုင် ချမှတ်ထားသော မြင့်မားသည့် စံများဖြင့် လုပ်ငန်း လည်ပတ်လုပ်ကိုင်ရန် ကျွန်ုပ်တို့ကို လက်ရှိအခြေအနေအရပ်ရပ်တို့က ဆက်လက်ခွင့်မပြုတော့ပါ" ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ပြောပြထားသည်။
ကုမ္ပဏီသည် မြန်မာ့ လက်ကားဈေးကွက်ထဲသို့ ၂၀၁၉ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး စားသောက်ဆိုင်များနှင့် ဟိုတယ်များသို့ စားသောက်ကုန်များ ပေးသွင်းသည်။ ကုမ္ပဏီစုကြီး Yoma Group ၏ ယူနစ်တစ်ခု ဖြစ်သော Yoma Strategic Holdings နှင့် ဖက်စပ် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
ဖက်စပ်လုပ်ငန်းအတွက် အရင်းအနှီးကို World Bank Group ၏ International Finance Corp. ထံမှ ရရှိသည်။ ၎င်းက မြန်မာပြည်၏ စားသောက်ကုန် ပေးသွင်းကွင်းဆက် တစ်ခုလုံး အရည်အသွေး တိုးတက်ကောင်းမွန်အောင် Metro နှင့် ၎င်း၏စီးပွားဖက် Yoma Strategic Holdings တို့က တိုးတက်ကောင်းမွန်စေလိမ့်မည်ဟု မျှော်လင့်ထားသည်။ အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည် ဖြစ်ပြီး ယာသမားများ၏ ဝင်ငွေကို တိုးစေမည်ဟုလည်း မျှော်မှန်းထားသည်။
Yoma Strategic Holdings ၏ CEO ဖြစ်သူ Melvin Pun က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဟိုတယ်များ၊ စားသောက်ဆိုင်များမှ ဝယ်လိုအား ထိုးကျသည်ဟု ပြောသည်။
"ကျွန်တော်တို့ လုပ်ငန်း ရပ်မယ်။ ပြီးရင် ဖက်စပ်လုပ်ငန်း ပိတ်သိမ်းဖို့ ဆက်လုပ်မယ်" ဟု Pun က Nikkei သတင်းမီဒီယာကို ပြောကြားသည်။ "လာမယ့် လတွေမှာ ပိုင်ဆိုင်မှုတွေနဲ့ လုပ်ငန်းကို ရောင်းဖြစ်လိမ့်မယ်" ဟု သူက ပြောသည်။
ဥရောပ ကုမ္ပဏီများသည် အထူးသဖြင့်လူ့အခွင့်အရေးများအပေါ် ရှယ်ယာပိုင်ရှင်များနှင့် ကုမ္ပဏီ ရုံးချုပ်တည်ရာနိုင်ငံရှိ လူ့အခွင့်အရေးများ အရေးကို ထောက်ခံအားပေးသော အုပ်စုများ၏ ပြင်းထန်သော ဖိအားကို ရင်ဆိုင်နေရသည်။
နော်ဝေးမှ ဆက်သွယ်ရေး လုပ်ငန်း Telenor Group က ၎င်း၏ မြန်မာပြည်တွင် လုပ်ကိုင်နေသော မိုဘိုင်း လုပ်ကိုင်မှုများကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဆက်သွယ်မှုများတွင် ကြားဖြတ်ရယူသည့် ဆော့ဖ်ဝဲကို အသုံးပြုရန် ကုမ္ပဏီကို အာဏာပိုင်များက ဖိအားပေးနေပြီး လူ့အခွင့်အရေးများ ပူပန်စရာ အရေးကိစ္စ ဖြစ်ပွားနေစေသည်။ စစ်အစိုးရက အရောင်းအဝယ်ကို အတည်ပြုပေးရန် မလိုလားသဖြင့် ကုမ္ပဏီသည် မသေချာမရေမရာ ဖြစ်နေခြင်းကို ရင်ဆိုင်နေရသည်။
British American Tobacco သည်လည်း ယခုနှစ်ကုန်တွင် ထွက်ခွာရန် စီစဉ်နေပြီ ဖြစ်သည်။
"မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ လုပ်ငန်း ရေရှည်လုပ်ကိုင်ရန် နှင့် စီးပွားရေး အလားအလာကို တွက်ချင့်အကဲဖြတ်ပြီး နိုင်ငံမှ နုတ်သိမ်းရန် ကျွန်ုပ်တို့ ဆုံးဖြတ်ခဲ့ကြသည်" ဟု အရှေ့အလယ်ပိုင်းဒေသနှင့် တောင်အာရှ လုပ်ငန်းလည်ပတ်မှုအတွက် ကော်ပိုရိတ်ရေးရာ မန်နေဂျာ Madeeh Pasha က အီးမေးလ်တွင် ပြောပြထားသည်။
အုံလိုက် ထွက်ခွာခြင်းသည် ဥရောပ နိုင်ငံစုံ ကော်ပိုရေးရှင်း အသိုင်းအဝိုင်း အပြင်ဘက်အထိ စတင်ပျံ့နှံ့သည်။
အိန္ဒိယနိုင်ငံ၏ Adani Ports and Special Economic Zone က မြန်မာပြည်မှ ရင်းနှီးမြှုပ်နှံမှု နုတ်သိမ်းမည်ဟု ကြေညာခဲ့သည်။ Adani ဆိပ်ကမ်းလုပ်ငန်းသည် အမေရိကန်ဒေါ်လာ သန်း ၂၉၀ ကုန်ကျမည် ကွန်တိန်နာဆိပ်ခံတစ်ခုကို စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် Myanmar Economic Corporation ပိုင်ဆိုင်သည့် မြေပေါ်တွင် လုပ်ကိုင်နေသည်။ သို့ဖြစ်ရာ စစ်တပ် ရန်ပုံငွေကို ထောက်ကူသည်ဟု ဝေဖန်ပြစ်တင်ခံရသည်။
"ကုမ္ပဏီ၏ နစ်နာဆုံးရှုံးမှု စီမံရေး ကော်မတီက အခြေအနေကို သုံးသပ်ကြည့်ပြီးသည့်အခါ မြန်မာနိုင်ငံမှ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုအတွက် ထုခွဲရောင်းချဖို့ အခွင့်အလမ်းများ စူးစမ်းလေ့လာရန် အပါအဝင် ထွက်ခွာဖို့ အစီအစဉ်တစ်ရပ် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ရသည်" ဟု ကြေညာချက်တွင် ပြောပြထားသည်။
လူ့အခွင့်အရေးများ ကိစ္စရပ်အပြင် ပြည်ပရင်းနှီးမြှုပ်နှံသူများသည် ငွေရေးကြေးရေး ကမောက်ကမ အခြေအနေက အဟန့်အတား ပြုခြင်း ခံနေရသည်။ မြန်မာဘဏ်များတွင် နိုင်ငံခြားငွေ မလုံမလောက် ဖြစ်နေသည်။ ပြည်တွင်းငွေ ကျပ်ကလည်း တန်ဖိုး ထိုးကျသည်။
သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက "ထုတ်ကုန်များအတွက် ပေးချေဖို့ ကျွန်တော်တို့ရဲ့ ဝင်ငွေကို ဒေါ်လာ ပြောင်းလို့ မရဘူး" ဟု ပြောသည်။ အခြားကုမ္ပဏ္ အများအပြားတို့သည်လည်း အလားတူ အခက်အခဲများကို ကြုံနေကြသည်ဟု သူက ဖြည့်စွက်ပြောကြားသည်။ အခက်ကြုံနေသူများ စာရင်းတွင် ပြည်ပမှ ပစ္စည်းများ၊ အစိတ်အပိုင်းများ ရယူနေရသည့် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများလည်း ပါဝင်သည်။
စီးပွားရေးလုပ်ငန်းများ ထွက်ခွာမှု ကြီးထွားနေသည့်ကြားတွင် ဂျပန်ကုမ္ပဏီအများအပြားတို့ ဒွိဟ ဖြစ်နေကြသည်။
၂၀၁၁ တွင် အရပ်သားအစိုးရ တက်လာပြီးနောက် ဂျပန်အစိုးရက မြန်မာပြည်အတွင်း ဝင်ရောက်လုပ်ကိုင်သည့် ဂျပန်လုပ်ငန်းများကို အားပေးသည်။ ယခုအခါ အရှေ့တောင်အာရှတွင် ဂျပန်ပိုင် ကုမ္ပဏီ အရေအတွက်သည် ဉရောပနှင့် အမေရိကန်တို့မှ ကုမ္ပဏီ အရေအတွက်ထက် ပိုများသည်။
ဦးဆောင်နေသည့် ကုန်ထုတ်လုပ်ငန်းမှ အမှုဆောင် အရာရှိတစ်ဦးက "ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏက များနေတော့ ထွက်ခွာဖို့ ရွေးချယ်စရာ ကျွန်တော်တို့မှာ တကယ်မရှိဘူး" ဟု ပြောသည်။
ကုန်သွယ်မှုလုပ်ငန်းတစ်ခုမှ မြန်မာပြည်အတွက် မန်နေဂျာက"အခြေအနေ ဘယ်လို ပြောင်းမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုမယ်" ဟု ပြောသည်။ ကုမ္ပဏီအနေဖြင့် ဘယ်လောက်ကြာကြာ စောင့်နိုင်မည်နည်းဟု မေးသောအခါ သူက "ရွေးကောက်ပွဲအထိ ဖြစ်ကောင်းဖြစ်လိမ့်မယ်" ဟု ဖြေသည်။ ရွေးကောက်ပွဲကို ၂၀၂၃ တွင် ကျင်းပမည်ဟု ဆိုထားသည်။ သို့သော် မဲပေးရာတွင် လွတ်လပ်၍ တရားမျှတမှာလား ဆိုသည်မှာ မသေချာချေ။
ဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှ အရာရှိတစ်ဦးက သူ့ ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံသူ ကြောင့်ကျခြင်းများအရ အကျပ်ရိုက်နေသည်ကို ရင်ဆိုင်နေရကြောင်း ပြောပြသည်။ "ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား လုပ်လို့မရဘူး။ ရှယ်ယာပိုင်ရှင်တွေက ကန့်ကွက်ကြလိမ့်မယ်"
ဂျပန်ပိုင် ငွေစာရင်းလုပ်ငန်းတစ်ခုသည် လုပ်ငန်းများ ခန်းခြောက်သွားသည်ကို ကြုံရသည်။ "ကျွန်တော်တို့ဆီမှာ အလုပ်အပ်ထားတဲ့လုပ်ငန်း ၂၀% က နုတ်သိမ်းဖို့ သို့မဟုတ် ဘာမှ မလုပ်သေးဘဲ ငြိမ်နေဖို့ ဆုံးဖြတ်ထားတယ်" ဟု မန်နေဂျာက ပြောသည်။
လူအများ စိတ်ဝင်စားမှု ရေချိန် အမြင့်မားဆုံး အရွှေ့တစ်ခုကို ပြုသည့် ဂျပန်မှ နိုင်ငံစုံ အဖျော်ယမကာလုပ်ငန်း Kirin Holdings က စစ်တပ်ကျောထောက်နောက်ခံ ပြုထားသည့် လုပ်ငန်းနှင့် အတူထူထောင်ထားသော ဖက်စပ်လုပ်ငန်းကို အာဏာသိမ်းပြီးသည့် နောက်တွင် တရားဝင် ဖျက်သိမ်းမည်ဟု ဆိုသော်လည်း ဆွေးနွေးညှိနှိုင်းမှု ရပ်ထားရကြောင်း အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
"အခြေခံအားဖြင့် မြန်မာပြည်မှာ ကျွန်တော်တို့ နေချင်ပါတယ်။ ကုန်ထုတ်လုပ်သူ တချို့က မြန်မာပြည်မှ ထွက်ခွာမယ်လို့ ပြောကြပေမဲ့ များများစားစား ရှိလိမ့်မယ်လို့ ကျွန်တော်တို့ မထင်ပါဘူး" ဟု သူက ပြောသည်။
သီလဝါ အထူး စီးပွားရေးဇုန်သည် မြန်မာပြည်တွင် ဂျပန်ရင်းနှီးမြှုပ်နှံမှုအတွက် အကြီးမားဆုံး ပြယုဂ် ဖြစ်သည်။ ဓာတ်အားလိုင်း၊ ဆိပ်ကမ်း နှင့် လမ်းများကို ဂျပန်အစိုးရ ကျောထောက်နောက်ခံပြုပေးထားသော ယန်းငွေ အဓိကဖြစ်သည့် ချေးငွေများဖြင့် ထောက်ပံ့ပေးခဲ့သည်။ ဇုန်ကို စီမံသည့် Myanmar Japan Thilawa Development (MJTD) ကို ကုန်သွယ်မှု လုပ်ငန်းကြီးများ ဖြစ်ကြသည့် Sumitomo Corp., Mitsubishi Corp. နှင့် Marubeni အပါအဝင်ဂျပန်လုပ်ငန်းများက ၄၉% ပိုင်ဆိုင်သည်။
ဇုန်အတွင်း လုပ်ကိုင်နေသော ကုမ္ပဏီများ အကြမ်းအားဖြင့် ၁၀၀ ဝန်းကျင်ရှိပြီး ထက်ဝက်ခန့်မှာ ဂျပန်ပိုင် လုပ်ငန်းများ ဖြစ်သည်။
အာဏာသိမ်းပြီးနောက်နှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်မားနေသည့်ကြားတွင် အချို့က လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားလိုက်ကြသော်လည်း "ကျွန်တော်တို့ဆီမှာ ရှိတဲ့လုပ်ငန်းတွေရဲ့ ၉၀% က အခု လုပ်ငန်း ပြန်လည်ပတ်နေပြီ" ဟု MJTD မှ အလုပ်အမှုဆောင် တစ်ဦးက ပြောပြသည်။
သို့သော် ၎င်းတို့အထဲတွင် အများအပြားတို့သည် စွမ်းအားပြည့် မလုပ်ကိုင်ကြချေ။ အနီးအနားရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတို့၏ ပိုင်ရှင်များက လာရောက်စားသောက်ကြသည်မှာ လာနေကျ၏ ငါးပုံတစ်ပုံသာ ရှိကြောင်း ပြောပြကြသည်။
"ပုံမှန်အားဖြင့် နေ့လယ်စာစားချိန်မှာ ကျွန်တော်တို့ဆီမှာ လူစည်ကားနေတာ စားပွဲတွေ မလောက်ဘူး။ အခု လာစားသောက်တဲ့သူ လေးငါးယောက်ပဲ လာတယ်" ဟု ဆိုင်ရှင်တစ်ဦးက ပြောပြသည်။
တိုင်းပြည်အတွင်းမှ ထွက်ခွာလျှင် ဒေသခံ အလုပ်အကိုင်များ ဆုံးရှုံးမည့်အရေးသည် ရင်းနှီးမြှုပ်နှံသူများ ဆုံးဖြတ်ချက် ပြုရာတွင် နောက်ထပ် ထည့်စဉ်းစားရမည့် အချက် ဖြစ်သည်။
"NGO တွေနဲ့ အခြားအဖွဲ့တွေ အနေဖြင့် လုပ်ငန်းများ အရမ်းမဲ့ ထွက်ခွာသည်ကို မလိုလားကြဘူး။ ဒါပေမဲ့ စစ်တပ်နဲ့ အရင်းအနှီးနဲ့ အခြားဆက်နွှယ်မှုများ ရှိနေမှာကို ပိုအလေးထားကြတယ်" ဟု ဂျပန် ဉပဒေလုပ်ငန်း ရန်ကုန်ရုံး အကြီးအကဲ Yusuke Yukawa က ပြောသည်။
"တကယ်လို့ ကုမ္ပဏီတွေက ဆက်လုပ်ဖို့ ရွေးချယ်တယ်ဆိုရင် လူ့အခွင့်အရေးတွေ ချိုးဖောက်မှုများကို အားပေးရာ ရောက်နေသလားဆိုတဲ့ အလားအလာကို ကုမ္ပဏီရဲ့ ထိပ်ပိုင်းအဆင့်မှာ ရှိသူတွေ သုံးသပ်ဆန်းစစ်ဖို့ လိုအပ်ပါလိမ့်မယ်" ဟု ပြောကြားသည်။
asia.nikkei.com